Headlines

မြန်မာနိုင်ငံရှိ အလုပ်သမားများမှာ လုပ်ခလစာ နည်းပါးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေ

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်
မြန်မာနိုင်ငံအတွင်းတွင် ကုန်စျေးနှုန်းများအဆမတန်မြှင့်တက်နေသောကြောင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြရသည့် မြန်မာအလုပ်သမားများသည် တစ်ရက်လျှင် အနည်းဆုံး လုပ်အားခ ကျပ်ငွေ (၄၈၀၀)ကျပ်နှင့် ရုန်းကန်နေကြရသည့် အခြေခံပြည်သူ အများအပြား ရှိနေသည်။
ထို့အပြင်စစ်ကောင်စီမှ သတ်မှတ်ထားသည့် အနိမ့်ဆုံး တစ်ရက်လုပ်အားခသည် (၄၈၀၀)ကျပ်ကို ပြီးခဲ့သည့် ဩဂုတ်လ (၁၁)ရက်နေ့တွင်သတ်မှတ်ထားခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးအနေဖြင့် တစ်ရက်လုပ်အားခ တစ်ထောင်ကျပ်တိုးပေးရန်အတွက်ကိုလည်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
“ကျမတို့က လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်။ စက်ရုံနာမည်တော့မပြောတော့ဘူးနော်။ တစ်ရက်ကို (၄၈၀၀)ရတယ်ပေါ့နော်။ တစ်ရက်ကို (၈)နာရီအလုပ်လုပ်ရတယ် အဲဒီ ၄၈၀၀ကျပ်က ကျမက မလောက်ဘူးဆိုတော့ တစ်ရက်ကို အိုတီက (၄) နာရီလောက်ပြန်ဆင်းရတယ် အဲဒါမှ ၁သောင်းနီးပါးလောက်ရတယ်။ အဲဒါတောင် သိပ်မလောက်သေးဘူး ကုန်စျေးနှုန်းတက်တာရယ် မိသားစု ဦးရေ များတာရယ်ပေါ့” ဟု လှိုင်သာယာ စက်ရုံမှဝန်ထမ်း မကေဇင် မှ ပြောသည်။
ထို့အပြင် စက်ရုံ၊ အလုပ်ရုံများနှင့် စားသောက်ဆိုင်အချို့တွင် လုပ်ကိုင်နေကြရသည့် မြန်မာအလုပ်သမားများကို အစိုးရမှ သတ်မှတ်ပေးထားသည့် သတ်မှတ်ချက် အခကြေးငွေသာဖြစ်ပြီး ထောက်ပံ့ကြေးအဖြစ် ကျပ် (၁၀၀၀)စီ ကို ၂ ကြိမ်တိုးပေးထားသော်လည်း တစ်ချို့အလုပ်သမားများသည် ကျပ်ငွေ (၆၈၀၀)ကျပ် အပြည့်အ၀ မရရှိကြသည့်အလုပ်သမားများ လည်း ရှိနေကြောင်းသိရသည်။
“အခုလို ကျမတို့ကို အစိုးရကနေ ၂၀၂၃ တုန်းက တစ်ကြိမ် ၁ထောင်တိုးပေးတာ အခုနှစ်က တစ်ကြိမ် စုစုပေါင်း ၂ကြိမ်တိုးပေးထားတာပေါ့။ ဒါဆို ကျမတို့လုပ်အားခက အိုတီ မဆင်းဘူးဆိုရင်တောင် ကျပ်ငွေ (၆၈၀၀) ရမယ်လေ။ ဒါပေမယ့် ကျမတို့မှာ အပြည့်မရသေးဘူး။ ဒါကြောင့် အပင်ပန်းခံပြီး အိုတီဆင်းရတယ်။ အဲလိုလုပ်တော့ ပင်ပန်းတယ်လေတစ်နေကုန်ရပ်ပြီး အလုပ်လုပ်ရတာ။ ပင်ပန်းပေမယ့် စားချင်တာစားဖို့လည်း ပိုက်ဆံက မလောက်ဘူးဆိုတော့ နောက် ဘာဖြစ်လဲဆို အဟာရ ချို့တဲ့ တဲ့အဆင့်ရောက်သွားတယ်” ဟု သူမ ခက်ခဲသည့်အကြောင်းကို ဆက်ပြောသည်။
မြန်မာ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ စီးပွားရေးသည် ထိုးကျသွားခဲ့ပြီး၊ ပြည်သူတွေများသည် နေ့စဉ်စားဝတ်နေရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရွှေဈေး၊ ဒေါ်လာဈေး နှင့် အတူ ကုန်ဈေးနှုန်းများမှာ လည်း မြှင့်သထက် မြှင့်တက်လာနေသောကြောင့် အာဏာသိမ်းတဲ့ ၃ နှစ်ကျော်အတွင်းတွင် ကုန်ဈေးနှုန်း ၃ ဆ ကျော်တက်ခဲ့ပြီး မြန်မာနိုင်ငံသည် လည်း ၂၀၂၃ ခုနှစ်မှ ထုတ်ပြန်ခဲ့သည့်အချက်အလက်အရ ကမာ့အငတ်ဘေးဆိုက်နေသည့် ၁၂၅ နိုင်ငံစာရင်းတွင် အဆင့် ၇၂ နေရာကို ရထားခဲ့ပြီး မကြာသေး မှီအချိန်အတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုများ ကြောင့် လာမည့်နှစ်တွင် ဒီထက်ပိုဆိုးနိုင်သည့် အဆင့်သို့ ရောက်သွား နိုင်ကြောင်းကိုလည်း အဖက်ဖက်မှ ပညာရှင်များကလည်း ခန့်မှန်းထားကြသည်။