၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်
မြန်မာနိုင်ငံအတွင်း ဆန်တန်ချိန် ၂၅ တန်မှအထက်၊ စပါးတင်းအရေအတွက် ၂၅၀၀ မှ အထက် သိုလှောင်နိုင်သော ဆန်၊ စပါးဂိုထောင် ပိုင်ဆိုင်သူသည် စစ်ကောင်စီထံတွင် ဆန်စပါးသိုလှောင်ရုံအဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ပါက လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီပိုင် မီဒီယာမှတဆင့် နိုဝင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန် ခြိမ်းခြောက် လိုက်သည်။
ထုတ်ပြန်ချက်အရ “ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေး” အတွက် ဆန် စပါး သိုလှောင်ရုံအဖြစ် မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး အမိန့်ထုတ်ပြန်ခဲ့သည့် ၂၀၂၄ အောက်တိုဘာ ၂၄ ရက်နေ့မှ စ၍ နှစ်လအတွင်း မှတ်ပုံမတင်ပါက “ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရန်” ဆောင်ရွက်မည်ဟု ဆိုသည်။
အဆိုပါ အမိန့်အရ ဆန်စပါး သိုလှောင်ရုံ မည်မျှ မှတ်ပုံတင်ရန်လျှောက်ထားလာခဲ့ကြောင်း ဖော်ပြထားခြင်း မရှိပေ။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များထံ ရိက္ခာမရောက်စေရန် ဆန်စပါး သယ်သူပို့ဆောင်ခြင်းကို တင်းကြပ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ကာ ကန့်သတ်လိုက်သည့်အတွက် ဆန်အပါအဝင် စားသောက်ကုန် ဈေးနှုန်းများသည် သုံးဆကျော် မြင့်တက်လာခဲ့သည်။ စစ်အာဏာမသိမ်းခင်က အများသုံး ဆန်ကြမ်း ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် သုံးသောင်းခန့်သာရှိသော်လည်း ယခု အခါ တစ်သိန်း အထိမြင့်တက်လာပြီး ပေါ်ဆန်းမွှေးကဲ့သို့ဆန် ၅၀ ကီလို တစ်အိတ်လျှင် ခုနစ်သောင်းခန့်သာ ရှိသော်လည်း ယခုအခါ နှစ်သိန်းကျော်အထိ ဖြစ်လာပြီး လိုသလောက် ဝယ်ယူ၍ မရနိုင်တော့ပေ။
၂၀၂၄ ခုနှစ် ဇွန်လအတွင်းက ဆန်ဈေးနှုန်း ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ အပါအဝင် ဆန်စပါးလုပ်ငန်းရှင်ကြီးများကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး လူသိများသည့် ဈေးဝယ်ကုန်တိုက်ကြီးများဖြစ်သော City Mart, Ocean, Aeon Orange နှင့် Capital တို့မှ မန်နေဂျာများကိုလည်း ဆန်ဈေးတင်ရောင်းသည်ဆိုကာ ဖမ်းဆီး အရေးယူခဲ့သည်။ ယင်းနောက် အများပြည်သူ စားသုံးရန် လက်လီဆန်ဝယ်ယူခြင်းကို တန်းစီဝယ်ယူစနစ်သို့ ပြောင်းလဲအသက်သွင်းကာ ဆန်စပါး သိုလှောင်ခြင်း၊ ရောင်းချခြင်းများကို ကန့်သတ်ထိန်း ချုပ်လိုက်သဖြင့် ဆန်မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာခဲ့သည်။
ယင်းနောက် အောက်တိုဘာ ၂၄ ရက်တွင် ဆန် စပါး သိုလှောင်ရုံ အငယ်စားများအထိပါ မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်တင်းကြပ်လာခဲ့သည်။ ယင်းအမိန့်ကြောင့် ၂၀၂၄ ဒီဇင်ဘာ ၂၄ ရက်နေ့ မတိုင်ခင် ရပ်ကွက်ဈေးများအတွင်း ရောင်းချနေသည့် လက်လီဆန်ဆိုင်များပါ မဖြစ်မနေ မှတ်ပုံတင်စာရင်းသွင်းရတော့မည်ဖြစ်ပြီး မှတ်ပုံမတင်ပါက လုပ်ငန်းပိတ်သိမ်း အရေးယူခံရမည်ဟု ထပ်မံ ခြိမ်းခြောက်လာခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် စားသုံးရန်ဆန်ကြမ်းကိုတန်းစီဝယ်ယူနေရသည့်ပုံနှင့် ဆန်စပါးအသင်းချုပ်၏ ဆန် သိုလှောင်ရုံ တစ်ခု
ဓါတ်ပုံ – မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်