၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့အတွင်းရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ ခံစားရသူ များပြားလာနေပြီး ငှက်ဖျားကုသဆေးများ ရရှိရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။
ပန်းမြောင်းဒေသခံတစ်ဦးက “ဒီဒေသက လေးမြို့ချောင်းနဲ့ ဖုန်သာချောင်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်ရတဲ့သူ များတယ်။ ချောင်းဖျားမှာ သစ်ရှာ ဝါးရှာ လုပ်တဲ့သူရှိတယ်။ ဥယာဉ် ဟင်းခင်း စိုက်တဲ့သူရှိတယ်။ အဲ့ဒီနေရာတွေက အရင်ကပင် ငှက်ဖျားပေါတဲ့နေရာ။ အခုက ရာသီဥတုအကူးအပြောင်းမှာ အဖျားအနာများတယ်။ ဒီလပိုင်းအတွင်း မိုးလဲ ရွာတော့ ခြင်လဲပေါတယ်။ ဒါကြောင့် ငှက်ဖျားဖြစ်တဲ့သူ ပိုများလာတာလို့ ထင်ပါတယ်။” ဟု ပြောသည်။
လေးမြို့ချောင်းသည် မြောက်ဦးနှင့် မင်းပြားမြို့နယ် နှစ်ခုအကြား စီးဆင်းပြီး ဖုန်သာချောင်းမှာ မင်းပြားမြို့နယ်အတွင်း စီးဆင်းသည်။ ယင်းချောင်းများ၏ ဝဲ/ ယာရှိ ကျေးရွာများမှာ တောတောင်ကို အမှီပြု၍ လုပ်ကိုင်စားသောက်ကြရသူများပြားကြောင်း သိရသည်။
လတ်တလောတွင် ဆင်ကဲ၊ ချင်းရွာ၊ သံထောင်၊ ကုန်းချောင်း၊ လေညှင်းတောင် (အထက် အောက်)၊ မော်ရွာ၊ ညောင်ပင်လှ၊ စင်ပြွန်းကိုင်း၊ ရုတ်ချောင်း၊ ဆင်အိုး ကြီး၊ ဆင်အိုးချေ၊ ရောမဏိ၊ ဂုဏ်ကျွန်း၊ ကျောက်တန်းကုန်း၊ ကျောင်းတောင်၊ မြိုချောင်း ပန်းမြောင်း လက်မ မူဆလင်၊ လက်မ ရခိုင်၊ ရွှေတမာ၊ မောင်သာကုန်း၊ မြက်ရိတ်ကျွန်း၊ ပိုးဖြူကျွန်း၊ ပုရိန်၊ ပေါင်းတုတ်၊ နန်းကျား၊ ညောင်ပင်ဝိုင်း၊ နဂရာ၊ ရွှေကျင်၊ ပြင်ယောင်း၊ ဒိုင်းသား၊ မင်းဖူး၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းကင်းဆိပ်၊ အသည်ကုလား၊ ဥယာဉ်တောင်၊ ရွှေတောင်၊ အညင်းတောင် စသည့်ကျေးရွာများတွင် ငှက်ဖျားရောဂါ အဖြစ်များနေကြောင်း သိရသည်။
“လက်ရှိအခြေအနေအရ၊ ဆေးဝါးရဖို့ အခက်အခဲရှိပါတယ်။ ဒေသခံ ကျန်းမာရေး ဆရာမတွေ၊ ULA ရဲ့ ကျန်းမာရေးဌာနတွေ ရှိပေမယ့် ကုဖို့ဆေးက ဘယ်ကမှ မရနိုင်ဘူး။ တချို့နေရာတွေမှာ အသေအပျောက်ရှိတယ်လို့ ကြားတယ်၊ ဒါပေမယ့် ဆက်သွယ်ရတာ ခက်တော့ ဘယ်နေရာမှာ ဘယ်လောက်ဖြစ်လဲ၊ ဘယ်သူတွေ သေဆုံးတာလဲ အချက်အလက်ရဖို့ မလွယ်ဘူး။” ဟု မင်းပြားမြို့နယ်အတွင်း ကျန်းမာရေး အခက်အခဲများ ကူညီပေးနေသူ ကျန်းမာရေး လုပ်သားတစ်ဦးကပြောသည်။
၎င်းကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပါက အနီးစပ်ဆုံး ပန်းမြောင်းတိုက်နယ် ဆေးရုံ၊ မင်းပြား မြို့နယ်ဆေးရုံနှင့် မြောက်ဦးမြို့နယ်ဆေးရုံတို့တွင် သွားရောက်ကုသမှုခံယူနိုင်ကြကြောင်း သိရသည်။ သို့သော်လည်း ယင်းဆေးရုံများတွင် ဆေးဝါးများ ပြတ်လတ်နေသည်မှာကြာမြင့်ပြီဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
“အရင်ကနိုင်ငံတကာ အဖွဲ့အစည်းတွေက အဲ့ဒီဆေးရုံတွေကို ငှက်ဖျားတို့၊ တီဘီတို့ ကုသတဲ့ဆေးဝါးတွေ ပံမှန် ထောက်ပံ့တာရှိတယ်။ အခု အဲ့ဒီအဖွဲ့တွေလည်း မလာနိုင်ကြဘူး။ ULA မှာလဲ ပြည်စုံအောင် ထောက်ပံ့နိုင်ဖို့ အခက်အခဲရှိပုံရတယ်။ ဒါကြောင့် ကျန်းမာရေး ဆရာမတွေ ဝန်ထမ်းတွေ ရှိရင်တောင် ဆေးမရှိတော့ ဘာမှ မလုပ်နိုင်ဘူး” ဟု အဆိုပါ ကျန်းမာရေး လုပ်သားကဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ငှက်ဖျားရောဂါသည် နှစ်စဉ် အဖြစ်များသောရောဂါ ဖြစ်သည်။ ကျန်းမာရေး ကူညီထောက်ပံ့ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့ပေးမှုရှိခဲ့သော်လည်း၊ စစ်ကောင်စီက ခရီးသွားလာခွင့်၊ ကူညီထောက်ပံ့ခွင့် ကိစ္စများကို ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် အကူအညီများ မရရှိတော့သည်မှာ ကြာပြီဖြစ်သည်။ ထို့အပြင် တိုက်ပွဲများဖြစ်ပြီးနောက်ပိုင်း ဆရာဝန်များလည်း မရှိတော့ပဲ ဒေသခံ ကျန်းမာရေးဝန်ထမ်းများကသာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟု သိရသည်။ ဆေးဝါးရရှိရန် အခက်အခဲများကြောင့် ULA ၏ ဆေးခန်းများတွင်လည်း လုံလောက်သော ကုသမှုမပေးနိုင်သေးပေ။
ဓာတ်ပုံ မင်းပြားမြို့နယ် ပန်းမြောင်းရွာ (Photo Credit to Pinterest)