၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီးနောက်တွင် လူငယ်များနှင့် အသက်လတ်ပိုင်းအရွယ်များသည်အလုပ်အကိုင်များကို ရှာဖွေရန်ထိုင်း စင်္ကာပူ၊ မလေးရှား၊ အိုမန် စသည့် နိုင်ငံခြားနိုင်ငံများသို့ သွားရောက်ပြီး အလုပ်အကိုင်များကို သွားရောက်လုပ်ကိုင်ခဲ့ကြသူ အများအပြားရှိသည့်နောက်တွင် တစ်ချို့ ဒေသအတွင်းရှိ လူငယ်များသည် နိုင်ငံခြားသို့ မသွားရောက်နိုင်သည့် အခြေအနေ ရှိသဖြင့် ဘိန်းခင်းများတွင် နေ့စား အဖြစ် လုပ်ကိုင်မှုများသည် ၂၀၂၄ခုနှစ်အတွင်း ပိုမိုများပြား လာကြောင်းကို ချင်းပြည်နယ် ဒေသခံတဦးက ပြောသည်။
“ကျနော်တို့ ချင်းပြည်နယ် တီးတိန်တို့ တွန်းဇံတို့မှာဆိုရင် အာဏာမသိမ်းခင်ကတည်းက လူငယ်တွေကော မိသားစုလိုက်ကော နိုင်ငံခြားထွက်သွားကြတယ်။ အထူးသဖြင့် တတိယနိုင်ငံ (ဩစီ၊အမေရိကား) အဲနိုင်ငံကို ထွက်ဖို့အတွက်ကို ဒုတိယနိုင်ငံ ဖြစ်တဲ့ မလေးရှားတို့ ထိုင်းတို့မှာ အလုပ်လုပ်ဖို့အရင်ထွက်သွားကြရတာပေါ့ဗျာ။ အဲလို နိုင်ငံခြားတွေ ထွက်နိုင်ဖို့အတွက်ဆိုရင်လည်း အကုန်အကျလည်းများတာကိုး။ လူတိုင်းမသွားနိုင်တဲ့ခရီးလေ။ ထွက်နိုင်တဲံသူတွေကတော့ အခု ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတာပေါ့။ အဓိက ဒီမှာက အလုပ်အကိုင်ရှားပါးတာရယ်။ လူငယ်တွေလည်း မနေသင့်တော့ဘူးလေ။ ဒါကြောင့် ထွက်သွားကြတဲ့သူများတယ်။ အဲထဲမှာမှ ကျန်ခဲ့တဲ့လူငယ်တွေက ကျန်ရှိတဲ့အလုပ်တွေလုပ် ၇တာပေါ့။ အခုဆို ဘိန်းကို အဓိက စိုက်ပျိုးလာကြတယ် အဲမှာ အလုပ်သမားတွေ နေ့စားသမားတွေ လိုတဲ့အခါကျ ရွာသားတွေက ဝင်လုပ်ကြရတာပေါ့ စားဝတ်နေရေးအတွက်” ဟု သူက ပြောသည်။
ထို့အပြင် ချင်းပြည်နယ် တီးတိန်မြို့တွင်းတိုက်ပွဲများမတိုင်မှီအချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများသည် အယောက် (၄၀၀) ကျော်ခန့်သာ ရှိခဲ့ပြီးနောက် ယခုနှစ် မူးယစ်ဆေးဝါးသုံးစွဲသူ ပမာဏသည် တစ်သောင်းခွဲ့ခန့်တိုးလာခဲ့ပြီး တီးတိန်မြို့တွင် မူးယစ်ဆေးသုံးစွဲသူ ၂၅ ရာခိုင်နှုန်း ရှိနေကြောင်း ဒေသအတွင်းရှိ မူးယစ်ဆေးဝါး စောင့်ကြည့် သူ တဦးက ပြောသည်။
“ကျနော်တို့ ခန့်မှန်းရသလောက်ဆို မူးယစ်ဆေးဝါးသုံးစွဲမှုပိုများလာတာက အခုလို ဘိန်းစိုက်ခင်းတွေ များလာတာရယ် အဲစိုက်ခင်းတွေထဲမှာ တစ်နေကုန် အလုပ်လုပ်နေရတာ ဝင်ငွေရှာနေရတာတွေကြောင့် အခုလိုမျိုး သူံးစွဲသူ ဦးရေတိုးလာတယ် ပြောရမှာပေါ့။ အကုန်လုံးစောင့်ကြည့်ဖို့တော့ လက်လှမ်းမမှီဘူး။ပြီးရင် မြို့ပေါ်နေသူတွေထက် ကျေးလက်ဒေသနေသူတွေက သုံးစွဲနေတာပိုများတယ်” ဟု စောင့်ကြည့်လေ့လာနေသူ ဦးထန်ထန်က ပြောသည်။
ထို့အပြင် ချင်းပြည်နယ် တီးတိန်မြို့တွင် လေ့လာတွေ့ရှိချက်အရ ၂၀၂၄ ခုနှစ် သန်းခေါင်စားရင်းအရ တီးတိန်မြို့နယ် ရှိ ၈၅ ရာခိုင်နှုန်းသော လူဦးရေသည် ကျေးလက်နေ ပြည်သူများဖြစ်ကြောင်း လေ့လာချက်အရသိရှိရသည်။
ထို့အပြင် ဒေသကာကွယ် ရေးတပ်ဖွဲ့များဖြစ်သည့် PDF Zoland တပ်ဖွဲ့ နှင့် ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) တို့ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲတွင် ဘိန်းစိုက်ထားသည့် ဘိန်းစိုက်ခင်းဧက(၂၀) ကျော်ကိုအောက်တိုဘာလ ၂၂-၂၃ ရက် တွင် (၂ )ရက်ဆက်တိုက် ဖျက်ဆီးခဲ့ကြောင်းကိုလည်း ဖော်ပြချက်အရ သိရသည်။