Headlines

ဒိုက်ဦးထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသူများကို ညင်းပန်းနှိပ်စက်မှုများရှိနေသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့်ပက်သက်ပြီး စည်းရုံးလှုံဆော်မှုများရှိနေ

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်။
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲရှိ အကျဉ်းသူအမျိုးသမီးများကို ထောင်ဝန်ထမ်းများမှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများကို အုပ်စုဖွဲ့၍ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်းသိရသည်။
ဒိုက်ဦးအကျဉ်းထောင်ထဲမှ အကျဉ်းဦးစီးတာဝန်ရှိသူများမှ ဥပဒေမဲ့ အကြမ်းဖက် ရိုက်နှက်မှုများကို ကျူးလွန်နေကြသည့်အပြင် ထောင်ပြောင်းရွှေ့လာခဲ့သော ကျိုက်မရော အကျဉ်းသူ အမျိုးသမီးများသည် နိုင်ငံရေးအကျဉ်းသူများကို မူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး မူးယစ်ဆေးဝါးသုံးစွဲလာအောင် စည်းရုံးမှုများ ထောင်ထဲတွင် ရှိနေကြောင်းကို ထောင်နှင့်နီးစပ်သူ တဦးက ပြောပါသည်။
“ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးတွေကို အုပ်စုဖွဲ့ပြီး ညှင်းပန်း နှိပ်စက် နေတဲ့ ဖြစ်စဉ် တွေရှိတယ်။ အဲထဲမှာ မူးယစ်ဆေးဝါးအမှုက ပိုများတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာတွေ၊ ဖြန့်ဖြူးတာတွေ ပိုများ တာပေါ့။ ဒါကတော့ အမျိုးသမီးတွေ ထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ ပေါ့နော်။ တခု အဆိုး ဆုံးကတော့ ကျိုက်မရော ထောင်ကလာတဲ့ အမျိုးသမီးတွေက ဆေးသမား ပိုများ တယ်။ ပြီးရင် နိုင်ငံရေး ကြောင့် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ ကိုဆွယ်တာပေါ့။ အဲလိုဖြစ်စဉ်တွေ ရှိတယ်” ဟုပြောသည်။
ပြီးခဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင်လည်း နိုင်ငံရေးအကျဉ်းသူများကို အကျဉ်းဦးစီးဝန်းထမ်းများမှ အင်အားသုံးရိုက်နှက်ခြင်းမျိုဖြစ်ပွားခဲ့ကြောင်းကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါသည်။
“အထဲမှာ အကျဉ်းသူတွေက တော်တော်လေး အဆင်မပြေဘူး။ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာရယ် အမျိုးသမီးအးချင်းချင်း အကြမ်းဖက် အစော်ကားခံနေရတာတွေကြားရ မြင်ရရင် စိတ်မချမ်းသာဘူး။ ထောင်ထဲမှာ တစ်လ တစ်ခါတွေ့ခွင့်ရတဲ့အချိန် သွားတွေ့မိရင်လေ ပြောမတတ်အောင်ခံစားရပါတယ်။ ကိုယ့်သမီးတစ်ယောက်တည်းအတွက်မဟုတ်ဘူး အကျဉ်းကျနေတဲ့ အမျိုးသမီး၊ အမျိုးသား အားလုံးပေါ့ အန်တီကတော့ အမြန်ဆုံးပြန်လည် လွတ်မြောက်ကြပါစေလို့ပဲ ဆုတောင်းတယ်” ဟု အင်းစိန်ထောင်ထဲတွင် အကျဉ်းကျခံနေရသည့် သမီးဖြစ်သူ ထောင်ဝင်စာ လာတွေ့ချိန်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၂၉ ရက်အထိ ဆယ်လအတွင်း စစ်ကောင်စီ၏ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ငါးဆယ်ခန့် သေဆုံးခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် အမျိုးသား ၁၂ ဦး သေဆုံးခဲ့ပြီး ရဲစခန်းတွင် အမျိုးသား ၁၁ ဦး သေဆုံးခဲ့သည့်အပြင် အကျဉ်းထောင်ထဲတွင် အမျိုးသမီး နှစ်ဦး နှင့် အမျိုးသား ၂၅ ဦး သေဆုံးခဲ့မှုများ ရှိခဲ့ပြီး နာမည်တကွ အတည်ပြုနိုင်ကြောင်းကိုလည်း AAPP က ရေးသားဖော်ပြထားသည်။