၂၀၁၆ ခုနှစ်၊ ဧပြီလ(၅)ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသည့် လူနာရှင်များ အတွက် အောက်ဆီဂျင်လိုအပ်မှုမြင့်မားနေကြောင်းသိရှိရသည်။
“ဆေးရုံမှာတော့ အောက်ဆီဂျင်ရှူရှိုက်ဖို့လို အပ်တဲ့ ရောဂါလူနာရှင်တွေအတွက် အောက်ဆီဂျင်မရှိသေးဘူး။ လေးဝတီကုလရက္ခိတပရဟိတ အသင်းကပဲ အခမဲ့လှူဒါန်း ပေးနေတာပါ။ အသင်းမှာအောက်ဆီဂျင် လိုအပ်မှုနဲ့ဘတ်ဂျက်လိုအပ်ချက် ကိစ္စတွေကို ခရိုင်၊မြို့နယ်နဲ့ဆွေးနွေးနေပါတယ်။ သင်္ကြန်ပြီးရင် ကျန်းမာရေးဝန်ကြီးဌာနကိုတင်ပြဖို့ စီစဉ်နေပါ တယ်။”ဟု ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှဌာနခွဲစာရေးကြီး(B.C) ဦးကျော်နုကပြောသည်။
အဆိုပါ ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်မှုသည် ၂၀၁၄ ခုနှစ်တွင် တစ်လလျှင်ပျမ်းမျှအလုံးရေ(၈၀)မှ (၉၀) ကြားရှိခဲ့သော်လည်း၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှစ၍အလုံးရေ(၁၁၀)မှ(၁၂၀)ကြားထိ လိုအပ်ချက်မြင့်မားလာကြောင်း သိရသည်။
“ရခိုင်ပြည်နယ်အတွင်းမှ အောက်ဆီဂျင်ထုတ်လုပ်နိုင်သည့် အကြီးစားစက်ယန္တရားဝယ် ယူလည်ပတ်နိုင်မှု မရှိသေးတဲ့အတွက် အသင်းအနေနဲ့ ရန်ကုန်ကတစ်ဆင့်ကားနဲ့တင်သွင်းလှူဒါန်းနေရတယ်။”ဟု လေးဝတီကုလရက္ခိတပရဟိတအသင်းမှ အတွင်းရေးမှူးဦးရဲကျော်တင်ကပြောသည်။
ရန်ကုန်မှ မှာယူရသည့် အောက်ဆီဂျင်ဗူးတစ်လုံးလျှင် ပျမ်းမျှ (၂၁၅၀၀)ကျပ်ရှိပြီး လစဉ်အလုံးရေ(၁၂၀) ကျော် တင်သွင်းလှူဒါန်းနေရပြီးအဆိုပါ အသင်းကို ၂၀၁၅ ခုနှစ်မေလတွင်စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။
၂၀၁၄ မှ ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းမှ စ၍အောက်စီဂျင်လိုအပ်ချက်သည် တစ်လလျှင်ကျပ်(၁၄)သိန်း၊ ကျပ် (၁၆)သိန်း ခန့်ရှိခဲ့သော်လည်းနိုဝင်ဘာ၊ ဒီဇင်ဘာမှစ၍ ကျပ်သိန်း(၂၀)မှ ကျပ်(၂၅)သိန်းထိ လိုအပ်ချက် မြင့်တက်လာ ကြောင်းလေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဌဦးဝင်းမောင်(ဂျပန်)ထံမှသိရသည်။
ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင်ကျောက်ဖြူမြို့နယ်အပြင် အမ်း၊ ရမ်းဗြဲ၊ စနဲနှင့်မြေပုံမြို့နယ်များမှ လူနာများ တက်ရောက်ကုသလျှက်ရှိပြီး လူနာ (၁၅)ရာခိုင်နှုန်းခန့်သည်အသည်း ရောင်အသားဝါ၊ ဆီချို၊ သွေးချိုစသည့်
ဝေဒနာရှင်များဖြစ်သဖြင့် အောက်ဆီဂျင် အများဆုံး လိုအပ်နေကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။