Headlines

ကျောက်ဖြူတွင်ဘိလပ်မြေအုတ်သုံးစွဲမှု များပြားလာသဖြင့် မြေအုတ်လုပ်ငန်းများပျောက်ကွယ်လာ

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိအဆောက်အဦးစီမံကိန်းလုပ်ငန်းများတွင်ဘိလပ်မြေအုတ် တစ်မျိုးတည်းကိုသာ သုံးစွဲမှုများပြားလာသည့်အတွက် မြေအုတ်ဖုတ်လုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ် လာကြောင်းသိရှိရသည်။ဘိလပ်မြေအုတ်မှာ မြေအုတ်ဖုတ်ထက်ဈေးနှုန်းချိုသာခြင်း၊ အရည်သွေးခိုင်ခံမှုရှိခြင်းများကြောင့် ၂၀၁၄ ခုနှစ် တွင်းမှစတင်ကာသုံးစွဲမှုများပြားလာပြီး ရပ်ကွက်တိုင်းတွင် တစ်ပိုင်တစ်နိုင်ထုတ်လုပ်မှု လုပ်ငန်းများ များပြားလာကာတစ်လတွင်း စီးပွားဖြစ်အုတ်ချပ်ရေ သိန်းနှင့်ချီထုတ်လုပ်နိုင်ပြီး လုပ်ငန်းပေါင်းလည်း(၃၀)နှင့်အထက်ရှိလာကြောင်း မြို့ခံစီးပွားဖြစ် ဘိလပ်မြေအုတ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။
“ဘိလပ်မြေအုတ်က မြေအုတ်ထက်ဈေးချိုပြီးအရည်အသွေးခိုင်ခံ့မှုကြောင့် သုံးစွဲမှုများလာကြတာပါ။ ကျောက်ဖြူမြို့အတိုင်းအတာအရတစ်နေ့မှာ ပျမ်းမျှအားဖြင့် အုတ်ချပ်ရေသိန်းနဲ့ချီပြီးသုံးစွဲမှု ရှိမယ်လို့ခန့်မှန်းပါတယ်။ ဒီလိုသုံးစွဲမှုများပြားလာတဲ့အတွက် ၂၀၁၄ ခုနှစ်နဲ့နှိုင်းဆကြည့်ရင် လုပ်ငန်းပေါင်း (၃၀)ကျော်ထိ များပြားလာပါတယ်။”ဟု ဘိလပ်မြေအုတ်ထုတ်လုပ်သည့်လုပ်ငန်းရှင် ဒေါ်ထွေးနွယ်ကပြောသည်။
ဘိလပ်မြေအုတ်နှင့် မြေအုတ်ထုတ်လုပ်မှုလုပ်ငန်းမှာ မြေအုတ်ထုတ်လုပ်မှုသည် ကုန်ကျစရိတ်ပိုများသည့် အပြင်သုံးစွဲမှုနည်းပါးလာခြင်းကြောင့် လုပ်ငန်းအဆင်မပြေမှုကြောင့်တစ်မြို့ နယ်လုံးအတိုင်းအတာအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ခုနှစ်တွင်း လုပ်ငန်းပေါင်း(၁၀၀)ဝန်းကျင်ထိ ရပ်ဆိုင်းသွားကြောင်း မြေအုတ်လုပ်ငန်းရှင် များထံမှသိရသည်။
“မြေအုတ်လုပ်ငန်းက ဘတစ်မြို့နယ်လုံး လုပ်ငန်းပေါင်း(၂၀၀)ကျော်၊ ၃၀၀နီးပါးထိတောင်ရှိတယ်ဗျာ။ အခုလက်ရှိမှာဆို လုပ်ငန်းဆယ်ဂဏန်း သာသာလောက်ပဲရှိမယ် ထင်ပါတယ်။သုံးစွဲမှုမရှိသလောက်အနေအထားမှာဘီလပ်မြေအုတ်တချပ်မှ (၇၅)ကျပ်နဲ့ ရောင်းကြတယ်။နောက်ပြီးတော့ ကျောက်ဖြူ(SEZ)ဝင်လာလို့ထုတ်လုပ်သုံးစွဲဖို့ မြေနေရာငှားရမ်းခဈေး မြင့်လာတယ်။ အလုပ်သမားစရိတ်နဲ့ ထည့်တွက်လိုက်ရင်တချပ်နှုန်းကို (၈၀)ကျပ်ထိပေါက်တော့ဘယ်လိုမှ အဆင်မပြေမှုနဲ့ရပ်ဆိုင်းသွားကြတာပါ။” ဟု ကျောက်ဖြူ မြို့နယ် ရေနံတောင်ကျေးရွာအနီး မြေအုတ်လုပ်ငန်း လုပ်ကိုင်ခဲ့သူဦးခင်မောင်ထွန်းကပြောသည်။
လက်ရှိ အုတ်ဈေးနှုန်းများမှာ ဘိလပ်မြေ အုတ်တစ်ချပ် (၇၅)ကျပ် ဈေးကွက်ရောက်(၈၀)ကျပ်နှင့်မြေအုတ် တစ်ချပ်လျှင်(၁၁၀)ကျပ်ရှိ ကြောင်း အုတ်ဈေးကွက်မှသိရသည်။