ရခိုင့်အသံ။ Dec 21, 2012
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းရှိ ဒေသခံများမှ တောင်းဆိုချက် (၉)ချက်ကို ဒီဇင်ဘာ (၂၆) နေ့တွင် ဆန္ဒထုတ်ဖော်ပြသရန် ခွင့်ပြုချက်တင်ထားသော်လည်း ခရိုင်အုပ်ချုပ်အုပ်ချုပ်ရေးမှူးရုံးမှ တောင်းဆိုချက်များကို လိုက်လျှောပေးရန် ရက် (၂၀)ခန့်စောင့်ဆိုင်းစေခဲ့ပြီး သတ်မှတ်ထားသော ရက်အတွင်း အကြောင်းတစ်စုံတရာ တုန့်ပြန်မှုမရှိက ဆက်လက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ကို ဒီဇင်ဘာ (၁၈) ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ခေါ်ပြောတယ်၊ သူတို့ကလည်း တောင်းဆိုချက်တွေအပေါ်မှာ ဘယ်နေ့၊ ဘယ်ရက်မှ လုပ်မေးမယ်ဆိုတာကိုတော့ တိတိကျကျမပြောဘူး၊ စောင့်ဆိုင်းပေးရမယ့် အနေအထားမျိုးကိုပြောလာတဲ့အတွက် ကျနော်တို့က (၁၈) ရက်နေ့ကပင် (၂၀) ထိ စောင့်ပေးမယ်၊ တကယ်လို့ သတ်မှတ်ထားတဲ့ ရက်တိ သူတို့ဘက်က အကြောင်းတစုံတရာ တုန့်ပြန်မှု မရှိလာဘူးဆိုရင် ဆန္ဒထုတ်ဖော်ခွင့်ကို ထပ်တင်ပါမယ်၊ ဒီတစ်ကြိမ်းကျရင်တော့ ဆန္ဒထုတ်ဖော်ပြသခြင်းကို ဖြစ်အောင်လုပ်သွားတော့မှာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။
မြဒေးကျွန်းဒေသခံများ ဆန္ဒထုတ်ဖော် ပြသမည့် အချက်(၉)ချက်မှာ “သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျှော်ရေး၊ မဒေးကျွန်း ဒေသဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိန်ဆည်) ဆက်သွယ်ရေး လမ်းကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးရေး၊ အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိရေး၊ မဒေးကျွန်း လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီးရရှိရေး၊ ဒေသခံများ လုံခြုံမှု ရှိစေရန် လူစိမ်းအလုပ်သမားများကို စီစစ်ဆေးဆောင်ရွက်ရေး၊ ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွပ်လပ်စွာ ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း၊ မည်သည့်နေရာဒေသကိုမှ ကျွန်းသူ၊ ကျွန်းသားမသိဘဲ သိမ်းယူလုပ်ကိုင်ခွင့်မပြုရ၊ လယ်ယာမြေအသစ် ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျှော်ကြေးပေးရေး”၊ အချက်များပင်ဖြစ်ပြီး အထက်ပါ အချက်အလက်များကို မလိုက်လျောပါက CNPC တရုတ်ရေနံ ကမ္ပဏီ မဒေးကျွန်းဒေသတွင် အလိုမရှိ၊ CNPC ထွက်သွားဟု ကြွေးကြော်သံလည်း ပါရှိသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားကို ကျောက်ဖြူမြို့တွင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန (ခရိုင်ရုံး)မှ တစ်စောင်လျှင် (၃၀၀) ကျစီဖြင့် မဒေးကျွန်းဒေသမှ ဦးရေ (၈၀၀) ခန့်ပြုလုပ်ပေးထားသော်လည်း စီမံကိန်းအတွင်း အလုပ်ကြမ်းများကိုသာ ဝင်ရောက်လုပ်ကိုခွင့်ရသူ (၂၀) ကျော်ခန့်သာရှိပြီး တစ်နေ့လျှင် အလုပ်ချိန် (၉)နာရီထိ အလုပ်လုပ်ရပြီး တစ်နေ့လျှင် ၃၅၀၀ ခန့်သာရရှိကြောင်း သိရသည်။
မဒေးကျွန်းရှိ ဂစ်ပိုက်လိုင်းဖြတ်သန်းသွားရာလမ်းကြောင်းတွင် ပါဝင်သော ဥယျာဉ်ခြံမြေများ၏ လျှော်ကြေးငွေများကို ဒေသခံများမှာ အပြည့်အဝမရရှိသည့်အပြင် ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ရေနံသိုလှောင်တိုင်ကီများဆောက်လုပ်ရာတွင် ဒေသခံများထံလျှော်ကြေးငွေပေးကာ ဝယ်ထားသော သတ်မှတ်သည့် မြေဧရိယာ ကျော်လွန် အသုံပြုနေကြခြင်းဖြစ်သည်။
ရေနက်ဆိပ်ကမ်းတည်ဆောက်ရာတွင် လျှော်ကြေးငွေပေးထားသော မြေဧရိယာမှ ၁၆၇ဧက အတွက်သာဖြစ်သော်လည်း အသုံးပြုထားသော မြေဧကမှာ ၂၀၀ခန့်ရှိနေပြီး အာဏာပိုင် တစ်ချို့မှ မြေလပ်မြေရိုင်းဟုဆိုကာ ဒေသခံတစ်ချို့၏ အမည်အားအသုံးပြု၍ စီမံကိန်းသို့ အမည်ပေါက် ရောင်းချခဲ့ကြကြောင်းသိရသည်။