ရခိုင့်အသံ။ Feb 24, 2012
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတစ်လျှောက်တွင် ဟိုတည်များ တိုးချဲ့ဆောက်လုပ်လာကြရာ လုံးသာ၊ ဂျိတ္တောကမ်းခြေတလျှောက်ရှိ ခြံမြေကွက် ဈေးနှုန်းမှာ ယခင်ကထက် ပို၍ မြင့်တက်လာကြောင်း သတင်းရရှိသည်။
ကမ်းခြေတလျှောက်တွင် ဟိုတည်များ တိုးချဲ့ဆောက်လုပ်လာရာ ခြံမြေဈေးကွက်မှာ ယခင်ကထက် သုံးဆ ခန့်မြင့်တက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဂျိတ္တောကနေ စက်လှေနှင့် တစ်နာရီခွဲလောက်သွားရတဲ့ ကျောက်ကလပ်ကမ်းခြေမှာ အယင်က မြေတစ်ဧကကို သိန်း (၁၅၀) ခန့်သာရှိတာ၊ ယခုဆိုရင် သိန်း(၅၀၀)လောက်ဖြစ်နေပြီး၊ မဒေးတောင် ဘုရားကြီးတဘက်က သံပါန်ဂျိုင်ကမ်းခြေမှာတောင် တစ်ဧကကို သိန်း ငါးရာ၊ ခြောက်ရာ လောက် ရှိနေတယ်၊ ” ဟုအဆိုပါဒေသခံက ပြောသည်။
အစိုးရမှ ယခင်က တံငါရွာများအား ဟိုတည်ဇုံချမပေးခဲ့သော်လည်း ယခုအခါတွင် ကမ်းခြေတစ်လျှောက်တွင် ဟိုတည်ဇုံများ ချပေးလာရာ ခြံမြေဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
မြပြင်ကျေးရွာအနီးရှိကမ်းခြေနှင့်ဆက်စပ်လျက် လုံးသာ၊ ဂျိတ္တောကမ်းခြေ အစတွင်ရှိသော ခြံပိုင်ရှင်မှာ လွန်ခဲ့သော ၆ နှစ်ခန့်က ဘန်ကလိုဆောက်လုပ်ရန် ပြင်ဆင်ခဲ့ရာ အစိုးရမှ တံငါရွာများအား ဟိုတည်ဇုံ ချမပေးခြင်းကြောင့် မဆောက်လုပ်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါမြေကွက်အား ကျပ်သိန်း (၄၅၀၀)ဖြင့်ရောက်ချခဲ့ကြောင်း၊ ကမ်းခြေတစ်လျှောက်ရှိ ခြံမြေဈေးကွက်များမှာ တစ်ဧကလျှင်သိန်း သုံးထောင်ခန့်ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။
လက်ရှိတွင် အဆိုပါနေရာ၌ ပထမဦးဆုံး ဘန်ဂလိုများ ဆောက်လုပ်လျှက်ရှိပြီး လုံးသာ၊ ဂျိတ္တော ကမ်းခြေတစ်လျှောက်တွင်လည်း မြေကွက်များကို သူဌေး များက ဝယ်ယူထားပြီး အချို့မြေနေရာများအား ခြံစည်းရိုးများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
လုံးသာ၊ ဂျိတ္တော ကမ်းခြေတွင် ယခုအခါ ငါးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး၊ ဒေသခံများ အခေါ်အရ ရွှေဝါဂျိုင် ကမ်းခြေနှင့် တဆက်တည်းဖြစ်ရာ နိုင်ငံခြား ဧည့်သည်များသည် အဆိုပါကမ်းခြေသို့ သွားရောက်လည်ပတ်နေကြကြောင်း သိရသည်။