ရခိုင့်အသံ။ ။ ၂၀၂၄၊ စက်တင်ဘာလ၊ (၅) ရက်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသူများရှိကြသလို၊ မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင်ကို ကြိုးပမ်းရှာဖွေနေကြသူ အများအပြားရှိပါသည်။
မြန်မာရွေ့ပြောင်းအလုပ်သမားများသည် စားဝတ်နေရေးခက်ခဲကြသည့်အပြင် အလုပ်အကိုင် ရနိုင်ရန်အတွက် အလုပ်ရှာပေးသော ပွဲစားများမှတစ်ဆင့် အခကြေးငွေ (ပွဲစားခ) ပေးပြီး ရှာဖွေနေကြရသူများ ရှိပါသည်။ ၎င်းအထဲမှ စစ်အာဏာသိမ်းမှုကြောင့် ပြည်ပကို ထွက်ခွာလာခဲ့သည့် CDM ကျောင်းဆရာမ ဖြစ်သူ မသက်ကိုကို က’’ ကျမဆို အာဏာမသိမ်းခင်က အထက်တန်းကျောင်းမှာ အထက်တန်းပြ ဆရာမတစ်ယောက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ ဆက်နေလို့ မရလို့ ပြည်ပ နယ်စပ်တစ်နေရာကို ပြောင်းရွှေ့လာခဲ့တယ်။ အဲဒီမှာ (၃) လ လောက်က မိတ်ဆွေတစ်ချို့ အကူညီနဲ့ ပဲ နေထိုင်ပြီးနောက်မှာ စားဝတ်နေရေးခက်ခဲလာလို့ အလုပ်ရှာတာပေါ့။ ကိုယ့်ဘာသာ ရှာတာ ဘယ်လိုမှ ရှာလို့မရလို့ ပွဲစားကို ဘတ် (၃၀၀၀) ပေးပြီးတော့ စက်ရုံ တစ်ခုမှာ အလုပ်ရဖို့ ကြိုးစားတယ်။ ပွဲစားခ ပေးပြီးတာမှ နောက်ထပ် (၂) လလောက်ကို ဒီအတိုင်းစောင့်နေရတယ်။ အခုထိ အလုပ်မရသေးဘူးလေ။ ပွဲစားကလည်း မေးလိုက်တိုင်း ရမယ်လို့ပဲပြောနေတာ’’ဟု အလုပ်ရဖို့ခက်ခဲနေကြောင်း ဆရာမကပြောပါသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအခက်အခဲများကြောင့် တစ်ဖက်နိုင်ငံများသို့ တရားမဝင် ဝင်ရောက် လာခဲ့ကြရပြီး ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြရသည့် မြန်မာပြည်သား အလုပ်သမားများသည် အလုပ်အကိုင် ရရှိနိုင်ရန်အတွက် ကြိုးစားရာမှာ အလုပ်စမတ်ခတွေ ပူးပေါင်းလိမ်လည်မှုများကိုလည်း ခံနေကြရကြောင်းကိုလည်း သိရှိရသည်။
ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင်မှာစက်ရုံ သို့မဟုတ် အလုပ်တစ်ခုခု ရချင်ရင် စမတ်ခ ဆိုပြီးပွဲစားတွေကို ပိုက်ဆံပေးပြီး ရှာရကြောင်းကို မဟာချိုင်မြို့နယ် စက်ရုံံတစ်ခု မှာနေထိုင်သည့် မြန်မာအလုပ်သမားတစ်ဦးကပြောပါသည်။
“စက်ရုံကြီးတွေမှာအလုပ်ရဖို့ အချိတ်ဆက်မရှိရင် လွယ်လွယ်လေးနဲ့ သွားစမတ်လို့မရဘူး၊ စာရေးမတွေက အလုပ်ရှာပွဲစားတွေနဲ့ပေါင်းပြီးလုပ်နေကြတာ၊ ကျမဆိုရင် အဲဒီစက်ရုံမှာ အလုပ်ရဖို့ငွေ ဘတ် ( ၃၅၀၀ ) တောင်ပေးပြီးသွားပြီ။ ပွဲစားကိုငှားလိုက်ပေမယ့် အလုပ်ကချက်ချင်းရမလာဘူး။ စောင့်လာတာလဲ ၃ လရှိနေပြီ။ ခုထိလည်းမရသေးဘူး ဘာမှလည်းအကြောင်းကြားတာ မရှိတဲ့အပြင် သူများအိမ်မှာ တည်းခိုနေရတဲ့အတွက် အဆင်မပြေမှုတွေလည်း ရှိနေပါတယ်’’ ဟုသူမ က ဆက်ပြောပါသည်။
မဟာချိုင်မြို့နယ် ဝီလလမ်းမှာရှိတဲ့ စက်ရုံကြီးမှာဆိုရင် အလုပ်ရနိုင်ရန်အတွက် အလုပ်စမတ်ဖို့လာတဲ့သူတွေမှာ တစ်ရက်ကို လူဦးရေ ၃၀၀ ကနေ ၅၀၀ ခန့်ရှိတယ်လို့လည်းသိရပါသည်။
“မနက် ၂ နာရီ ၃ နာရီကတည်းက ကြိုတင်လာတန်းစီထားကြပါတယ်။ အချို့ဆိုရင် အလုပ်မရလို့ ငိုယိုပြီးပြန်သွားကြတဲ့သူတွေရှိသလို၊ အချို့ဆိုရင် တပတ် ၁၅ ရက် မနက်တိုင်းလာပြီးတန်းစီပေမယ့် အလုပ်မရသေးတဲ့သူတွေလဲရှိနေတယ်”လို့ စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါသည်။
“အခုထိုင်းမှာက အလုပ်သမားတွေပေါပြီး အလုပ်နေရာကရှားနေတယ်။ အဲဒါကြောင့် စက်ရုံကြီးတွေဟာ အလုပ်သမားတွေကို အရမ်းရွေးတယ်။ အချိတ်အဆက်မရှိရင်ဝင်လုပ်ကိုင်ခွင့်ရဖို့မလွယ်ဘူး။ မနက်တိုင်းအလုပ်လာစမတ်ကြတဲ့ သူတွေမှာလဲ ပုလိပ်ရန်ကကြောက်ရသေးတယ်။ အလုပ်စမတ်လာတဲ့သူတွေကို ဝင်စစ်ဆေးလေ့ရှိတယ်။ အထောက်အထားမပြည့်စုံရင် ထိုင်းရဲက ဖမ်းဆီးတာတွေလဲ တွေ့နေရပါတယ်” လို့ သူက ဆက်ပြောပါသည်။
လက်ရှိ မဟာချိုင်တွင် ကောင်းမွန်သည့် လုပ်ငန်းခွင်လို့ နာမည်ကြီးသည့် ပင်လယ်စာစက်ရုံကြီးတစ်ခုမှာ အလုပ်ဝင်ခွင့်ရမယ်ဆိုပြီး ထိုင်းနှင့် မြန်မာ ပွဲစားများကို မြန်မာအလုပ်သမားများက ငွေပေးထားပြီး အလုပ်ဝင်ခွင့်ရရှိရန်အတွက် စောင့်ဆိုင်းရတာ ကြာလာတာကြောင့် စားဝတ်နေရေး ကြပ်တည်းလာပြီး ကြာလာသည့်အချိန်မှာ အလုပ်သမားများသည် ဒီကိစ္စကို ဖြေရှင်ပေးရန် ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေး ရုံးရှေ့မှာ ဆန္ဒပြမှုတွေပြုလုပ်လာကြတာကိုလည်း တွေ့ရပါသည်။
ထောင်နဲ့ချီတဲ့အလုပ်သမားတွေ တောင်းဆိုမှုကို ထိုင်းအာဏာပိုင်တွေက သတိထားမိခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ အဲ့ဒီနေ့မှာပဲ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မဟာချိုင်မှာရှိတဲ့ အလုပ်သမားကူညီရေးအဖွဲ့များထံကသိရပါသည်။
ထိုင်းနှင့် မြန်မာပွဲစားများက ငွေပေးအလုပ်ရှာခိုင်းပြီး စောင့်ဆိုင်းမှုကြာမြင့်လာချိန်မှာယခုလိုဆန္ဒပြတောင်းဆိုမှုတွေရှိလာပြီး ထောင်နဲ့ချီပြီး စောင့်ဆိုင်းနေကြတဲ့ မြန်မာအလုပ်သမားများသည် ပွဲစားကို ငွေပေးထားပေမယ့်လည်း အလုပ်မရကြသေးသူများစွာ ရှိနေကြောင်းကိုလည်း တွေ့ရပြီူ အလုပ်သမား (၄၀၀၀)နီးပါးကို အလုပ်ပေးနိုင်ရန်အတွက်ကိုလည်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ညှိနှိုင်းဆွေးနေကြောင်းကိုလည်း အလုပ်သမားရေး ကူညီပေးနေတဲ့ အဖွဲ့များထံမှ သိရှိရပါသည်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံအတွင်းမှာရှိသော စက်မှုကုန်ထုတ်လုပ်ငန်း စက်ရုံ(၅၀၀)ကျော်သည်လည်း ၂၀၂၄ ခုနှစ် ပထမ (၅) လအတွင်း ပိတ်ခဲ့ရကြောင်းကို ထိုင်းနိုင်ငံသတင်းစာ နှင့် အစိုးရဌါနသုတေသန အဖွဲ့များမှ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံအနှံအပြားတွင် တစ်လကို စက်ရုံ (၉၀)ကျော်လုပ်ငန်းတွေ ပိတ်သိမ်းနေရာမှတစ်ဆင့်စက်မှု ကုန်ထုတ် လုပ်ငန်းများ ပြိုလဲသွားမည် လား ဆိုသည့် အချက်တွေ ကြောင့်လည်း စိုးရိမ်ပူပန်မှုများရှိနေပါသည်။