ဤစာတမ်းသည် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဌ ဆရာမ ဒေါ်ခင်သန်းမှ မြောက်ဦးမြို့တွင် ကျပခဲ့သောစတုတ္ထအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံတွင် ဆွေးနွေးတင်သွင်းခဲ့သော စာတမ်းဖြစ်ပါသည်။
ရခိုင်ပြည်မှာ ရခိုင်တွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်လာခဲ့ကြတာပါ။ ရခိုင်သမိုင်းကို လေ့လာကြည့်မယ်ဆိုပါက
(၁) သမိုင်းမတင်မှီ(Pre-Historical Period)ကာလတွင် ရခိုင်သမိုင်းဦး ကျောက်ခေတ်လူတို့ဟာ ကျောက်တော်မြို့နယ် ဝေလာတောင်၊ ပလက်ဝမြို့နယ် နီလာပန်းတောင်းကျောက်ပန်းတောင်းနှင့် တောင်ကုတ်မြို့နယ်က ဆားပြင်ရွာအနီး ရိုးမတောင်တန်းထဲမှာ နေထိုင်ခဲ့ကြတဲ့ ဂူတွေကို တွေ့ရပါတယ်။
(၂) ရခိုင်သမိုင်းအစကို ရမ္မာဝတီ၊ ဒွါရာဝတီနှင့် ရှေးဦးဝေသာလီ(Unhistorical Period)ခေတ်များအဖြစ် တွေ့ရပါတယ်။
(၃) သမိုင်းတင်ပြီး(Historical Period) ကာလအဖြစ်
(က) ဓညဝတီခေတ် BC 3000ခန့်မှ AD 4 ရာစုထိ
(ခ) ဝေသာလီခေတ် AD 4 ရာစုမှ AD 8 ရာစုထိ
(ဂ) လေးမြို့ခေတ် AD 8 ရာစုမှ AD 15 ရာစုထိ
(ဃ) မြောက်ဦးခေတ် AD 15 ရာစုမှ AD 18 ရာစုထိ တွေ့ရပါတယ်။
ယင်းတို့ အနက် မြောက်ဦးခေတ်ဟာ AD 1430 မှ AD 1784 ထိ နှစ်ပေါင်း 354 နှစ်တိုင် မင်းဆက်ပေါင်း 49 ဆက်အထိ ရှည်လျားစွာတည်တံ့ခဲ့တဲ့ ရခိုင်ဘုရင်နိုင်ငံရဲ့ နောက်ဆုံးမြို့တော်လည်း ဖြစ်ပါတယ်။(ပုဂံ 200နှစ်၊ မန္တလေး 29 နှစ်)
AD15 ရာစုရဲ့ အစောပိုင်း ကာလများမှာ ရခိုင်လောင်းကြက်ဟာ အင်းဝနဲ့ ဟံသာဝတီ အနှစ်လေးဆယ် စစ်ပွဲအတွင်းမှာ နှစ်ပေါင်း (၂၀)လောက် စစ်ကစားရာ စစ် တလင်းပြင် ဖြစ်ခဲ့ရပါတယ်။ဒါ့ကြောင့် ရခိုင်ဘုရင်မျးဟာ သဘာ၀ တောင်ကုန်း တောင်းတန်းများနှင့် ချောင်းမြောင်းတို့ ပေါများရာ မြောက်ဦးဒေသကို ခံတပ်တွေ တံတိုင်းအဆင့်ဆင့်တွေနှင့် ကျူံမြောင်း ရေတံခါးတွေနှင့် မဟာဗျူဟာမြောက်အောင် ပြုပြင်တည်ဆောက်ထားခဲ့ကြတာကို တွေ့ရှိရပါတယ်။
AD 16ရာစု အစောပိုင်း ကာလမှာ မြောက်ဦးမြို့ဟာ ကုန်သည်တွေ ပင်လယ်ကူး သင်္ဘောကြီးငယ်တွေနှင့် ပြည့်ကျပ်စည်ကားနေခဲ့ပါတယ်။ ဥရောပက ပေါ်တူဂီ၊ စပိန်၊ ဒတ်ချ်တို့နဲ့ စူမားတြား၊ ဂျားဗား၊ သီဟို၊ မုတ္တမ၊ အင်းဝ၊ ဟံသာဝတီတို့ကလည်း လာရောက်ကုန် သွယ်ခဲ့ကြပါတယ်။ မြောက်ဦးဆိပ်ကမ်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့ဘက်ကမ်းခြေတလျှောက်မှာ အလွန်ပဲရေပန်းစား စည်ကားခဲ့ကာ ကြွယ်ဝချမ်းသာခဲ့ပါတယ်။ဒီနေ့အထိ မြောက်ဦးမြို့နယ် ဗေါင်းဒွပ်အရပ်မှာ ပေါ်တူဂီနဲ့ ဒတ်ချ်တို့ရဲ့ ကုန်တိုက်ပျက်များကို မြင်တွေ့နေရတုန်းပါပဲ။
ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တဲ့အတွက် ဘုရားပုထိုးများ၊ စေတီများ၊ ပိဋကတ်တိုက်များ၊ ဘုန်းကြီးကျောင်းရာများကိုလည်း ဗိသုကာ လက်ရာမြောက်စွာပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို များပြားလှတဲ့စေတီပုထိုးတွေအနက်က ဗိသုကာလက်ရာမြောက်တဲ့ ကိုးသောင်းပုထိုးတော်ကြီး အကြောင်းနဲ့ စိန်ခေါ်မှုတွေကို တင်ပြချင်ပါတယ်။
ကိုးသောင်း ပုထိုးတော်ဟာ မြောက်ဦးမြို့ အရှေ့ဘက် ဘုရားအုပ်ကျေးရွာအနီးမှာ တည်ရှိပါတယ်။မြောက်လတ္တီကျု 20 35’ အရှေ့လောင်ဂျီကျု 93 12’ ကြားမှာ တည်ရှိပါတယ်။
ကိုးသောင်းပုထိုးကို AD1543 ခုနှစ်တွင် ဘုရင်မင်းတိက္ခာက တည်ဆောက်ခဲ့ပါတယ်။အပေါ်အောက် ရင်ပြင်တော်နှစ်ဆင့်နဲ့ လှိုင်ပတ်လမ်းနှစ်ထပ်တို့နဲ့ တည်ဆောက်ထားပါတယ်။အပေါ်ရင်ပြင်တော်ကို အရှေ့ဘက် အောက်ရင်ပြင်တော်ကနေ လှေကားနဲ့ တက်နိုင်သလို ကျန် တောင်ဘက်၊အနောက်ဘက်၊မြောက်ဘက်တွေကလည်း လှိုင်ပတ်လည်တွေကနေ တက်ဆင်းနိုင်တဲ့ လှေကားတွေ ရှိပါသေးတယ်။အပေါ်ရင်ပြင်တော်မှာ စေတီတော်တစ်ဆူနဲ့ ဆင်းတုတော်ကြီးတစ်ဆူရှိပါတယ်။
သမိုင်းထဲမှာ စေတီတော် ၁၀၈ ဆူရှိတယ်လိုု့ တွေ့ရပေမယ့် တူးဖေါ်ရှင်းလင်းမှုလုပ်လိုက်တဲ့အချိန်မှာ ပိုများပြားတဲ့ စေတီတော်တွေကို အရှေ့တောင်ဘက်နဲ့ တောင်ဘက်အပြင် နံရံကြီးရဲ့ ပစ္စယံငါးဆင့်မှာ အနှံ့အပြားတွေ့ရှိရတဲ့အတွက် အဆိုပါနံရံတွေမှာ ပြည့်သိပ်စွာ တည်ရှိခဲ့မယ်လို့ အခိုင်အမာဆိုနိုင်ပါတယ်။ ကိုးသောင်းပုထိုးတော်ကြီးဟာ နဝင်းကျေ တည်ထားခဲ့တဲ့ ပုထိုးတော်ကြီး ဖြစ်တဲ့အတွက် အဲဒီနံရံတွေရဲ့ အရှည်နှင့် ပစ္စယံတွေပေါ်မှာ ပေါက်ထားတဲ့ စေတီရံလေးတွေရဲ့ အချင်းနှင့် တိုင်းတာကြည့်ရာမှာ စေတီရံပေါင်း ၃၆၀ ထိ ရှိခဲ့နိုင်ပါတယ်။ အင်ဒိုနီးရှားက ဗေါရောဗုဒ္ဓေါလိုပဲ စေတီရံတွေ အများကြီးနှင့် တည်ဆောက်ထားတဲ့ ပုထိုးတော်ကြီး တစ်ခုဖြစ်ပါတယ်။
ပုထိုးတော်ကြီးရဲ့ အောက်ရင်ပြင်တော်အဆုံး အပေါ်ရင်ပြင်တော် အစဖြစ်တဲ့ အုတ်နံရံပေါ်မှာ ဒေါင်လိုက် အစင်းကြောင်းကြီးတွေကို ဒီနေ့အထိ တွေ့နေရတုန်းပါပဲ။ အပြင်လှိုင်ပတ်လမ်းရဲ့ အတွင်းနံရံတွေပေါ်မှာတော့ တူးဖေါ်မှု မလုပ်ခင်နှင့် လုပ်ပြီးစ အချိန်တွေမှာ(ထ)ပုံ တွင်းရာတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒီနေ့အဖို့အရာမှာတော့ အရှေ့ဘက်ရင်ပြင်တော်နှင့် မြောက်ဘက် လှိုင်ပတ်လမ်းထိပ်နံရံတွေပေါ်မှာပဲ ဒီတိုင်တွင်းရာတွေကို ကျိုးတိုးကြဲတဲ တွေ့ရပါတော့တယ်။
ပုထိုးတော်ကြီးကို ရှေ့တုန်းက သစ်သားတိုင်တွေနဲ့ ဇေတဝန်အခေါင်ပုံစံမျိုး မိုးထားခဲ့ပါတယ်။ တိုင်းတွင်းရာကြီးတွေကို နှစ်တွင်းစီ ပူးတွဲကာ အပြင်လှိုင်ပတ်လမ်းရဲ့ အတွင်းနံရံတော် ပတ်လည်မှာ ရှိခဲ့ကြောင်းကို ဓါတ်ပုံမှတ်တမ်းပဲ ကျန်ပါတော့တယ်။ (၅)ပေ ပတ်လည်ခန့် တိုင်နှစ်လုံးတွဲကြီးတွေကို အရပ်မျက်နှာ တစ်ဘက်မှာ နှစ်တန်းခွဲကာ ရှစ်လုံးတစ်တန်းနှင့် လေးလုံး တစ်တန်းစီ စုစုပေါင်း ၁၂ တန်း တိုင် ၂၄လုံးစီ စိုက်ထူခဲ့ကြပါတယ်။ ဒီလိုပဲ ပုထိုးတော်ကို အခေါင်မိုးထားတဲ့ အထောက်အထားမျိုး သီရိလင်္ကာနိုင်ငံ Pononnaruwa မြို့တော်ဟောင်းက Vatadage ပုထိုးတော်မှာ တွေ့ရပါတယ်။
တူးဖေါ်မှုလုပ်တုန်းက ပေါ်ထွက်လာတဲ့ ကိုးသောင်းဟာ အတွင်းလှိုင်ပတ်လမ်း အမိုးမပါ။ အပြင်လှိုင်ပတ်လမ်းကတော့ အောက်ရင်ပြင်တော်နဲ့ တဆက်တည်းပဲ။ ဝဲယာနှစ်ဘက်မှာ ဂူဝင် မုခ်ပေါက်တွေ တွေ့ရပါတယ်။ နောက်ပြီး အပြင်လှိုင်ပတ်လမ်းရဲ့ ထောင့်တွေတိုင်းကို ဂူပေါင်းမိုးတုပ်ထားတာကို တွေ့ရပါတယ်။ အပြင်လှိုင်ပတ်လမ်းအတွင်းမှာ အမိုးဖွင့် အခန်းအဖြစ် ဝဲယာ ဘုရားလေးဆူ၊ ငါးဆူ၊ ခြောက်ဆူစီရှိကြတဲ့ အခန်းတွေကို ခေါင်မိုးတစ်ခုစီနဲ့ ဆက်ထားတာကို အပြင်လှိုင်ပတ်လမ်း ပတ်လည်မှာ တွေ့ခဲ့ရပါတယ်။
ဒီနေ့ ကိုးသောင်းဟာ အစီးအနင်းပျက်ယွင်းကာ ပုံပျက်နေတဲ့ နံရံတော်တွေကို ကျောက်တစ်လွှာကပ်ခြင်း၊ စေတီရံတွေကို ရှေးကထက် ပိုမိုကာ အရပ်မျက်နှာတိုင်းတွင် တည်ထားခြင်း၊ ဟင်လင်းဖွင့်ထားတဲ့ ဂူအမိုးတွေကို သွပ်ပြားဖြင့် မိုးခြင်း၊ သံကူ ကွန်ကရစ်နဲ့ မိုးပြီး ကျောက်တုန်းတွေကို လှီးဖြတ်ကာ ကြွေပြားလို အလွှာပါးဖြင့် ကပ်ခြင်းတွေကို ရှေးဟောင်းသုတေသန ဌာနက သုတေသနပြုခြင်း မရှိပဲ စိတ်သင့်ရာ တက်လုပ်ထားတာကို တွေ့နေရပါတယ်။ ဒီနေ့အဖို့မှာတော့ ဟောင်းနွမ်းချိနဲ့ နေတဲ့ ဂူနံရံတွေပေါ်ကို ကျောက်နံရံတွေ ထပ်တင်ကာ ကြမ်းခင်းတဲ့ ကွန်ကရစ်သံပြားကြီးတွေနဲ့ မိုးပြီး မျက်နှာကြက်ပိတ်ထားတော့ မှောင်ပိန်းပြီး ဖြတ်လျှောက် မဝံ့သာအောင်ထိ အရုပ်ဆိုလွန်းအောင် တွေ့မြင်နေရပါတယ်။
ကျေးရွာချင်းဆက်လမ်းတွေကလည်း ပုထိုးတွေကို ပတ်ပြီး ဖောက်လုပ်ထားတာဟာ ရှေးဟောင်းယဉ်ကျေးမှု ဥပဒေတွေဖြစ်တဲ့ ပြည်ထောင်စုဥပဒေ၊ ပြည်နယ်အစိုးရက ချမှတ်တဲ့ ဥပဒေတွေကို စက္ကူစုပ် ဖြစ်စေပါတယ်။ ဘယ်ဥပဒေမှ အသက်မဝင်ပါ။ ဒီ ရှေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေကလည်း အသက်မဝင်ဘူး။ ဥပဒေနဲ့ ထိန်းကျောင်းရမယ့် အာဏာပိုင် အဖွဲ့အစည်း ရှေးသုကလည်း စိတ်ကြိုက်ပုံစံထုတ်ပြီး တည်ဆောက်နေတာ ကိုးသောင်းဟာ အခေါင်းမိုး သုံးမျိုးနဲ့ ရှေးရုပ်တွေလည်း မပီ၊ ရှေးအထောက်အထားတွေဆိုတာကလည်း တစ်ခုပြီး တစ်ခု ဖျောက်ဖျက်ခံနေရပါတယ်။
အေဒီ ၁၄၃၀မှာ မင်းစောမွန်တည်ခဲ့တဲ့ မြောက်ဦးနန်းတော်ဟာ တောင်ညို၊ ကုက္ကား၊ တောင်ကုလား ဆိုတဲ့ တောင်သုံးတောင်ကို တူးဖြိုမြေညှိပြီး နိမ့်မြင့် အဆင့်သုံးဆင့်နဲ့ တည်ဆောက်ထားတဲ့ နန်းတော် ဖြစ်ပါတယ်။ အပေါ်ဆုံးအဆင့်မှာ ညီလာခံ သဘင် အပါအဝင် တိုင်းရေး ပြည်ရာတွေကို တိုင်ပင်နှီးနှောတဲ့ ရာဇပလ္လင်ကိုးမျိုးနှင့် အဆောင်ကိုးဆောင် ရှိခဲ့ပါတယ်။
ဒုတိယအဆင့်မှာတော့ ကိုယ်လုပ်တော်ဆောင်၊ ဥယျာဉ်သာ၊ စည်တော်ယွမ်းတဲ့ ယွမ်းတောင်တို့နဲ့ နံရံပေါင်း ၁၀၈ ဆောင် ရှိခဲ့ပါတယ်။
တတိယအဆင့်မှာကျတော့ ကိုယ်ရံတော်တပ်ခွဲက ပတ်ပတ်လည် စောင့်ကြပ်ပြီး ရိက္ခာတိုက်တို့ စီတော်ဆင်မြင်းတွေကို ထားခဲ့တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ မြောက်ဦးဟိုတယ် တည်နေရာ ပတ်ဝန်းကျင်ကတော့ မိဖုရားတွေကို ထားခဲ့တဲ့ နေရာလို့လည်း သိရပါတယ်။
နန်းတော်ကုန်းပတ်ဝန်းကျင်မှ လူနေအိမ်၊ ဘုန်းတော်ကြီးကျောင်းအပါအဝင် အစိုးရအဆောက်အဦးများကို ၁၉၉၆ ခုနှစ်က သိမ်းယူခဲ့ပါတယ်။ အဆိုပါမြေသိမ်းခံမိသားစု၊ ဌာန၊ ဘုန်းကြီးတို့ကို ထမ္မရစ်မြို့သစ်မှာ နေရာအစား ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက် နေထိုင်နေတဲ့ ဌာနတွေဟာ ထမ္မရစ်မြို့သစ်များ အဆောက်အဦးသစ်များ ဆောက်လုပ်ပြီးစီးပြီး ဖြစ်လို့ နန်းတော်ကုန်းပတ်ဝန်းကျင်မှ အဆောက်အဦးဟောင်းများကို ဖျက်သိမ်းမယ်ဆိုပါက ဖျက်သိမ်းနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီလို ရှင်းလင်းဖျက်သိမ်းဖို့လုပ်ထားတဲ့ အယင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးဟောင်းကို ကျပ်သန်းပေါင်း ၃၀၀ အကုန်အကျခံကာ ပြတိုက်အဖြစ် ပြုပြင်နေတာကိုလည်း တွေ့နေရပါတယ်။ ပြတိုက်အဖြစ် အသုံးပြုဖို့အတွက် လက်ရှိပြုပြင်နေတဲ့ အဆောက်အဦးဟောင်းဟာ ဆိုရင် လက်ရှိစုဆောင်းထားတဲ့ ပစ္စည်းတွေကို ခင်းကျင်းပြသဖို့အတွက် အံ့ဝင်ဂွင်ကျမှု လုံးဝမရှိတာကို တွေ့ရပါတယ်။ ပြတိုက်တစ်ခုမှာ ပြခန်းပေါင်း များစွာနဲ့ အစည်းအဝေးခန်း၊ စတိုခန်းကြီးတွေ အပါအဝင် ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အလုပ်ခန်းကျယ်တွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ယဉ်ရပ်နားမယ့်နေရာတွေ လိုအပ်ပါတယ်။ ယခုမွမ်းမံနေတဲ့ အဆောက်အဦးဟာ ဒီလိုအပ်ချက်ပေါင်း များစွာကို ဖြည့်ဆည်းမပေးနိုင်သလို နန်းတော်ကုန်းပေါ်မှာ တည်ဆောက်ဖို့ သင့်၊ မသင့် ဆိုတဲ့အချက်ကလည်း ဒီနေ့ဖို့အရာမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။
မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အတွင်း သွင်းမယ်ဆိုတော့ ပုဂံမှာ ကြုံဖူးတဲ့ အမှားတွေကို ယူပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို မြို့တွင်းမှာ တည်ဆောက်ခွင့် မပေါ်ဘူးလို့ ရှေ့ဟောင်း သုတေသန ညွန်းကြားရေးမှူးချုပ်က စာထုတ်ပြီး တားဆီးထားတာ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ယခုလက်ရှိ ယဉ်ကျေးမှုဝန်ကြီးတာဝန်ကို ယူထားတဲ့ ဝန်ကြီးလက်မှတ် ထိုးပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို တားမြစ်ဧရိယာ အတွင်းမှာ ဆောက်လုပ်ခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။ ဒါကလည်း ယနေ့မြောက်ဦးရဲ့ ကျိန်စာတစ်ရပ်အဖြစ် ရှိလာပါတယ်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သန်း ၆၇၀ ကို မြောက်ဦး နယ်မြေက ရှေ့ဟောင်း စေတီပုထိုးတွေနဲ့ နန်းတော်ကုန်း တံတိုင်းတွေကို ပြုပြင်ဖို့ ချထားပေးခဲ့ပါတယ်။ ဒီဘဏ္ဍာတော်အပေါ်မှာ တင်ဒါအောင်လာတဲ့ ကုမ္ပဏီတွေမှာ ရှေ့ဟောင်းအဆောက်အဦး ပြုပြင်ထိန်းသိမ်းရေး စံနှုန်းတွေကို နားလည်သိရှိမှု မရှိခြင်း၊ ပညာရှင်တွေကိုလည်း ခေါ်ယူသုံးစွဲမှု မရှိခြင်းတို့ကြောင့် နန်းတော်ကုန်း၊ သျှစ်သောင်း ပုထိုးနှင့် ထုက္ကန်သိမ်ပုထိုး၊ လက်ဆည်ကန်တံတိုင်းတို့ကို တရားဝင် ဖျက်သိမ်းခွင့် ပေးလိုက်သလိုပါပဲ။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်းမှာ ရခိုင်ပြည်နယ်အစိုးရက ပြတိုက်ဆောက်လုပ်ဖို့အတွက် ငွေ ၅၃၈သန်း ချပေးခဲ့တာကို ပြတိုက်အဆင့်မမှီတဲ့ အဆောက်အဦးဟောင်း တစ်လုံးအား သန်း ၃၀၀ နဲ့ ပြုပြင်နေခြင်း၊ ပေ ၂၀ ပတ်လည်လောက်ရှိတဲ့ ကြောင်လည်ဒုံခံတပ်ကို သန်း ၂၀ နှင့် ပြုပြင်ခြင်း၊ နန်းသားကန်ကို သန်း ၄၀ အကုန်အကျခံပြီး တူးဖော်ခြင်းတို့ဟာ ပြည်သူ့ဘဏ္ဍာတော်တွေကို လိုအပ်တာထက် ပိုမိုသုံးစွဲခြင်း၊ စာရင်းပြောင်း သုံးစွဲခြင်းတို့ ရှိနေသလို စံသတ်မှတ်ချက်ကိုလည်း ဘာတစ်ခုမှ လိုက်နာမှုမရှိ၊ ဘာပညာရှင်မှလည်း ခေါ်ယူသုံးစွဲခြင်း မရှိပဲ ထင်သလို လျှောက်ဖြုန်းတီးနေကြတဲ့ ဘဏ္ဍာတော် တွေဟာ ရခိုင်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ ရှေးပစ္စည်းတွေနဲ့ ဆက်စပ်နေပါတယ်၊ ထိခိုက်နေပါတယ်။
နိဂုံချုပ်အနေနဲ့ ပြောချင်တာက ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး အက်ဥပဒေဟာ ရခိုင်ပြည်နယ်မှာ သက်ရောက်မှုမရှိဖြစ်နေပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော် ဒသမအကြိမ်းမြောက် အစည်းအဝေးက အတည်ပြုထားတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အက်ဥပဒေဟာလည်း ဥပဒေဖေါ်ဆောင်မယ့် ဌာန၊ ထိန်းကြောင်းမယ့် ဌာန မရှိတဲ့အတွက် အသက်ဝင်မှု မရှိသေးပါ။
ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေ၊ စည်းကမ်းမဲ့လုပ်ပိုင်ခွင့်တွေနဲ့အတူ မျက်နှာချင်းဆိုင်ပြီးရပ်နေရတဲ့ ရခိုင်ယဉ်ကျေးမှု အဆောက်အအုံဟောင်းတွေဟာ ရှေ့ကို ဘယ်အထိ ခရီးဆက်နိုင်မလဲဆိုတာ… ဒါတွေဟာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်မဟုတ်ပါဘူး… ရခိုင်လူမျိုးတစ်ရပ်လုံးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေပါ၊ ပြည်ထောင်စု တစ်ခုလုံးနဲ့ ဆိုင်တဲ့ စိန်ခေါ်မှုတွေပါပဲ ဆိုတာ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
ဒေါ်ခင်သန်း
၁၅.၂.၂၀၁၆