Headlines

သွေးစွန်းသော August 13

ကျွန်းကြီး၊ ကျွန်းငယ်၊ မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်၊ တောတောင်စိမ့်စမ်းတို့ဖြင့် ရာသီဥတု ကောင်းမွန်ကာ မြေဆီဩဇာများကောင်းမွန်ပြီး သီးနှံထွက်ကုန်များဖြင့် ကုံလုံပြည့်စုံသဖြင့် “လောက နိဗ္ဗာန်ကလေး” သဖွယ် ချမ်းသာကြွယ်ဝခဲ့သော ရခိုင်နိုင်ငံတော်ကြီးသည်ကား ယနေ့အချိန်တွင် “ဆင်းရဲမွေးတေ ဖွတ်ဘိုးအေများ နေထိုင်ရာ ဒုက္ခဘုံကလေး” တခုသာ ဖြစ်လျှက်ရှိနေ၏။
၁၉၆၆ခုနှစ် စိုက်ပျိုးရာသီတုန်းက ရာသီဥတု ဖောက်ပြန်ခဲ့သောကြောင့် ဗမာပြည်တွင် စပါး စိုက်ပျိုးဧက (၁၁) သိန်းကျော် ပျက်စီးခဲ့ရပြီး စပါး တင်း သိန်းပေါင်း ၅၀၀ ကျော် ပျက်စီးခဲ့ရသည်။ ၁၉၆၇ခုနှစ်တွင် ဗိုလ်နေဝင်းအစိုးရက ပြည်တွင်း စားသုံးမှုကို အလေးမထားဘဲ နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက်သာ တင်ပို့ရောင်းချခဲ့သည်။
ရခိုင်ပြည်ရှိ ရခိုင်သားတို့မှာ ငွေကြေးတတ် နိုင်သော်လည်း ဆန်ကိုဝယ်၍ မရကြ။ စစ်တွေမြို့ လမ်းကြို၊လမ်းကြားတွင်“ ထမင်းကျန် ဟင်းကျန်း ပေးပါ” ဟု တစာစာ အော်၍တောင်း နေချိန် စစ်အစိုးရသည် ရခိုင်ပြည်မှ ထွက်ရှိသောဆန်များ ကို နိုင်ငံခြားသို့ တင်ပို့ပြီး စစ်တွေမြို့ မင်းဂံချောင်းဝ အောက်နားမှစ၍ ဆတ်ရိုးကျချောင်းအထိ မြစ်ရိုး တစ်လျှောက်ရှိ နိုင်ငံခြားဆန်တင်သင်္ဘောများ ပေါ်သို့ တင်ပို့လျှက်ပင်ရှိနေ၏။
စစ်တွေမြို့တွင် ဆပလိုင်းဟုခေါ်သော သမဝယမ ဆိုင်များမှ ကျေးရွာရပ်ကွက်တိုင်းတွင် ကဒ်ပြားများဖြင့် ဆန်ဝေငှ ရောင်းချပေးသည်။ လူတစ်ဦးလျှင် ယခင်က နို့ဆီဗူး(၆၀)ပေးရာမှ ဆန် ရှားပါးသည်ဟုဆိုကာ နို့ဆီဗူး (၄၀ )ထိ လျော့ချပြီး ရောင်းချပေးခဲ့သည်။
ရခိုင်ပြည်သူများမှာ ပုံမှန် မစားသောက်နိုင်ဘဲ မလောက်ငသဖြင့် မဝရေစာ စားသောက်လာကြရ၍ “ပြုတ်ဆန်မစားရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား၊ ဆန်အပြည့်အဝရောင်း ချပေး” ဟု ဆိုကာ အငတ်ဘေး ဖြေရှင်းနိုင်ရန်အတွက် လူအများလမ်းပေါ်ထွက် ဆန္ဒပြလာကြရသည်။ သြဂုတ်လ (၁၁) ရက်နေ့က စတင်လာခဲ့သော ရခိုင်သားတို့၏ “ဆန်အပြည့်အဝရောင်းချပေးရန် တောင်းဆိုသော လူထုဆန္ဒပြပွဲ သည် သြဂုတ် လ (၁၃) ရက်သို့ ရောက်ရှိလာခဲ့သည်။
“ဆန်ပြဿနာ ဖြေရှင်းပါ… ရခိုင်အရေးတော်ပုံ အောင်ရမည်” ဟု ရေးထားသော ဆိုင်းဘုတ်ကြီး နောက်တွင် လိုက်ပါလာသော သိန်းချီသောလူများ၏ အသက်ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ဆန်ရရှိရန်အတွက် “ နှာခေါင်းပိုင်း နေဝင်းအစိုးရ အလိုမရှိ” “ မဆလ အစိုးရ အလိုမရှိ” “ ဆန်ပြဿနာ ဖြေရှင်းပါ” “ ရခိုင့်အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်သံများဖြင့် ချီတက်လာခဲ့ကြရာ စက်ရုံစု လမ်းနှင့် ကသဲရွာ လမ်းထိပ် အရောက်တွင် သံဆူးကြိုးက တားဆီးထားလေသည်။
သံဆူးကြိုး၏ တဘက်တွင် လက်နက် အသင့်ကိုင်ဆောင်ထားသော စစ်သားများရှိနေပြီး အခြား တဘက်တွင် ထမင်းငတ်၍သေရမည့် အစား၊ တိုက်ပွဲဝင်၍ သေမည်ဟု ဆုံးဖြတ်ထားသော လက်နက်မဲ့ပြည်သူများ၊ စစ်အာဏာရှင်နှင့် ပြည်သူ ထိတွေ့မှု နောက်ဆုံးအဆင့်သို့ရောက်ရှိ ခဲ့လေပြီ။
ထိုအချိန်တွင် ဗိုလ်ချုပ်စောဖြူက “ ဆန္ဒပြ လူအုပ်ထဲမှ တယောက်ထွက်လာပါ” ဟုခေါ် လိုက်ရာ ရှေ့ဆုံးတန်းမှ တယောက်ထွက်သွား ခဲ့သည်။ ထိုသူသည် ဗိုလ်ချုပ်စောဖြူမှ ပေးသော စာအား ယူလာသူကာ အုပ်ခုံပေါ်တက်ရပ်၍ “(၁၉၆၇) သြဂုတ်လ(၁၃)ရက်၊ ဤနေ့မှစ၍ ပုဒ် ပုဒ် ပုဒ်မ တစ် တစ် တစ်ရာ့ လေး လေး ဆယ့်လေးကို ထုတ်ပြန်လိုက်သည်…” ဟု စကား အအ ဖြင့် အမိန့်စာအား ဖတ်ပြနေချိန်တွင် ဆန္ဒပြလူအုပ်သည် ရှေ့သို့ တဖြည်းဖြည်း ပိ၍ ဖိ၍ သိပ်သည်းလာနေသည်။
ဆန္ဒပြလူအုပ်က “အကြမ်းမဖက်၊ ဆန်မလု၊ လမ်းဖွင့်ပေးပါ၊ ရိုးရိုး သားသားဆန္ဒပြထွက်သွား ပါမည်” ဟု တောင်းဆိုရာ ပိတ်ထားသောသံဆူး ကြိုးများ ဖွင့်ပေးလိုက်သည်နှင့် တပြိုင်နက် အလွန်များပြားသော လူအုပ်မှာ ရှေ့သို့ ပြေးတက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ စစ်တပ်မှ စည်း(၃)တန် သတ်မှတ်ထားသော နေရာအမှတ်အသားကို မရောက်ခင် သေနပ်သံမှာ နားကွဲလုမတတ် ဟိန်းထွက်လာခဲ့သည်။
အဆက်မပြတ် ထွက်ပေါ်လာသော သေနပ်သံ။ ဆန္ဒပြသူများထဲတွင် ကျည်ထိမှန်၍ လဲကျသူ၊ ကစဉ့်ကလျား ထွက်ပြေးသူ ထွက်ပြေး စသည်ဖြင့် အခြေအနေတစ်ခုလုံးသည်ရုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ လက်နက်ဆို အပ်တို တစ်ချောင်းမှ ပါမလာသောလူထု၊ ထမင်းငတ်၍ အငတ်ပြဿနာဖြေရှင်းပါဆိုသော အကာအရံ မပါသည့် လူထုကို ရန်သူလို သဘောထားပြီး ရှေတည့်တည့်မှ ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြ လေသည်။
အခင်းဖြစ်ပွါးရာနေရာတွင် ပွဲချင်းပြီး သေဆုံးသူများ၊ မသေဘဲ ဝေဒနာ ခံစားနေရသူများ၊ ခြေထောက်၊ လက်တို့တွင် ကျည်ထိမှန်၍ မပြေးနိုင်သူများကို စစ်တပ်မှ ကားများဖြင့်သိမ်း ကျုံးတင်ဆောင်ကာ တတွင်းတည်းတွင်မြေမြှုပ် သဂြိုလ်ခဲ့ကြသည်။
ဆန်ရှားပါးမှုကြောင့် သြဂုတ် (စ်) ၁၃ ရက်နေ့တွင် လူဦးရေ (၃၀၀) ခန့် သေဆုံးခဲ့ ရသည်။ သြဂုတ်(စ်) ၁၃ ရက်မရောက်မှီ (၁၀၊ ၁၁၊ ၁၂) ရက်နေ့များတွင် အာဏာပိုင်များက စစ်တွေ ဆေးရုံအုပ်ကြီးအား လူ(၃၀၀)ခန့်အတွက်ကုတင် များအား ရှင်းလင်းထားရန်၊ ဖျာ၊ ကြမ်းနှင့်ခေါင်း အုံ့များအား ပြင်ဆင်ထားရန် အာဏာပိုင်များက မှာကြားထာသည်။
ခလရ(၂၀) တပ်တွင်စစ်သား များ ဆန္ဒသရုပ်ဖေါ်ပုံ၊ သတ်ပစ်ပုံ၊ အလောင်း ကောက်ပုံများကို တပ်မတော် သားများအား လေ့ ကျင့် သင်ကြားပေးခဲ့သည်။ ဤသို့အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခြင်းသည် ဆန်ရှားပါးမှုသည် တစ်တိုင်းပြည်လုံးတွင် ဖြစ်ပွါးသည်ဆိုသော်လည်း ရန်ကုန်မြို့တွင် ဆန် ရှားပါးမှု၊ ငတ်မွတ်မှုကား မကြုံခဲ့ရချေ။ ရန်ကုန် မြို့သည် စစ်တွေမြို့ထက် လူဦးရေများပြီးရခိုင် ပြည်ကဲ့သို့ ဆန်စပါး စိုက်ပျိုးခြင်း မရှိပေ။
သို့သော် တစ်တိုင်းပြည်လုံး ဆန်ရှားပါးမှုဖြစ်သောအခါ ရခိုင်ပြည်သူ ပြည်သားများသည် ငတ်၍လည်း သေ၊ ပစ်သတ်၍လည်းသေ၊ သေခြင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ကြရသည်။ နေဝင်းအစိုးရသည် ရခိုင်ပြည်သူ ပြည်သားများအား သတ်ဖြတ်ခြင်းဖြင့် အခြားတိုင်းရင်းသားများအား နမူနာအဖြစ် ပြသ ခဲ့သည်။ ဗမာစစ်အစိုးရက ရခိုင်သားတို့၏ နှလုံအိမ်ထဲတွင် ထမင်းတလုပ်အတွက်သွေးစွန်းသော သြဂုတ် (၁၃) ရက်နေ့ အဖြစ် သမိုင်းမှတ်တိုင်စိုက် ထူပေးခဲ့လေသည်။
ဒေါင်းမြရင်