Headlines

တနင်္သာရီတိုင်း ဒေသကြီးတွင် ထွက်ရှိသည့် ကွမ်းသီးနုကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများမှ လာရောက်ဝယ်ယူ

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်

ကုန်စျေးနှုန်းများ အဆမတန်စျေးမြှင့်တက်လျှက်ရှိသည့် တနင်္သာရီတိုင်းဒေသတွင် ကွမ်းသီးအထွက်နည်းပါးနေသည့်အပြင် ကွမ်းသီးစျေးကွက်မှာ ပျက်စီးလာပြီး ဝယ်သူနည်းလာသောကြောင့် ဒေသခံပြည်သူ များသည် ကွမ်းသီးနု ကို ခူးပြီး ရောင်းချလျှက်ရှိသည်။

ထို့အပြင် ထိုင်း၊တရုတ်၊ ဗီယက်နမ် နိုင်ငံများမှလည်း ကွမ်းသီးရှားပါးလာမှုကြောင့် ကွမ်းသီးနုများကို လာရောက်ဝယ်ယူကြသောကြောင့် ကွမ်းသီးနုကို ခူးရောင်းကြသည့် စျေးကွက်တစ်ခု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

“တကယ်တော့ ကွမ်းသီးက ကျမတို့ဒေသမှာ ကွမ်းသီး အမှည့် ကွမ်းသီးအခြမ်းကိုပဲ လုပ်လာခဲ့ကြတာခေတ်အဆက်ဆက် အခုက ရွာထဲမှာ ခြံတွေထဲမှာ စစ်တပ် ပေါ်တာဆွဲတာ၊ စစ်ကြောင်းထိုးတာတွေ ရှိတယ် အဲကြောင့် ကွမ်းသီးအမှည့်အထိ လုပ်ဖို့ အချိန်မရဘူး၊ စားဖို့သောက်ဖို့အတွက် ပိုက်ဆံကလည်းလိုတယ်လေ။ အဲဒါကြောင့် နှစ်ပေါင်းများစွာ ယုယုယယ စိုက်ပျိုးလာတဲ့ ကွမ်းသီးတွေကို အနုကိုခူး ဝယ်သူရှိတုန်း ရောင်းကြရတာပါ ဟု ကွမ်းခြံပိုင်ရှင် ဒေါ်မကွတ်က “ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ကွမ်းသီးများကို မှည့်သည့်အချိန်ထိ မစောင့်ဘဲ ကွမ်းသီးနုဈေးကောင်းရချိန် ရောင်းလိုက်ကြခြင်းကြောင့် ကွမ်းသီးမှည့် ရှားလာပြီး ကွမ်းသီးခြံပိုင်ရှင်များနှင့် ကွမ်းသီးရောင်းဝယ်နေသည့် ကုန်သည်အချို့သည်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဒီနှစ် ကွမ်းသီးအမှည့်လိုက်ဝယ်တာ ရှားကိုရှားတယ်။ တောဘက် ကွမ်းခြံအထဲထိ သွားဝယ် တာတောင် မရှိဘူးလေ။ အမှည့်မလုပ်ဘူး အနုတွေပဲ ရောင်းကြတာတွေ့ တယ်။ ကွမ်းသီးစျေးက ကျဆင်းပြီး စျေးကွက်လည်း ပျက်သွားပြီ လုပ်ကိုင် စားသောက် ရတာ လူတိုင်းခက်ခဲနေတယ်ပေါ့ဗျာ ဟု ကုန် အရောင်းအဝယ်လုပ်နေသည့် ထားဝယ်မြို့ပေါ်မှ ကိုနော်ကွီး မှ ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ယခုနှစ်အတွင်း ကွမ်းသီး ဝယ်ယူသူရှားပါးလာခြင်းကြောင့် ကွမ်းသီးစျေးနှုန်းကျဆင်းကာ ကွမ်းသီးစျေးကွက် ပျက်လာနေကြောင်း ကွမ်းသီး လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရှိရသည်။

ထားဝယ်မြို့ပေါ်တွင် စစ်အာဏာမသိမ်းခင် ကာလက ကွမ်းသီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်ငွေ (၆၅၀၀) အထိ ပေါက်စျေးရှိခဲ့ပြီး ယခုနှစ်အတွင်း ကာလပေါက်စျေးမှာ ကျပ်ငွေ (၂၀၀၀) ကျပ်အထိကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ မှ စတင်ကာ ကွမ်းသီးဝယ်ယူသူများ မရှိသလောက်ရှားပါး လာ သောကြောင့် ကွမ်းသီးစျေးကွက်မှာ ပျောက်ဆုံးနေကြောင်း နေပြီး ယခုတွင် ကွမ်းသီးနု ရောင်းဝယ်သည့် စျေးကွက်တစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။