Headlines

သိန်း (၁၀) ကျော်တန် မရဏခရီးလမ်း

အပိုင်း(၂)
ကျမတို့ဟာ ဇင်ချောင်းရောက်တဲ့နေ့မှာ ချက်ချင်း ကျောက်ဖြူကိုသွားဖို့ စီစဉ်ခဲ့ကြတယ်။ ဒါပေမယ့် ဇင်ချောင်းက ထွက်ခွင့်ရဖို့အတွက် ULA/AA နယ်မြေတာဝန်ခံရဲ့ ထောက်ခံစာလိုအပ်တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ဇင်ချောင်းမှာ တညအိပ်ပြီးမှ သွားဖို့ စီစဉ်ခဲ့ကြတယ်။ ကျမတို့ဟာ တည်းခိုဖို့အတွက် တည်းခိုခန်းတွေ လိုက်မေးကြည့်တော့ ရှိတဲ့ တည်းခိုခန်းတွေမှာ လူတွေပြည့်နေတယ်။ ကျောက်ဖြူက တဆင့် ရန်ကုန်သွားဖို့ ဇင်ချောင်းကနေ စောင့်နေကြတဲ့သူတွေ အများကြီးရှိနေတယ်။ ဒါကြောင့် ကျမတို့ဟာ တည်းခိုဖို့အတွက် ကျောက်တော်ကနေ ကျမတို့နှင့် အတူပါလာခဲ့ ပွဲစားက သူတို့ရဲ့ ဆွေးမျိုးတော်စပ်တဲ့ အိမ်မှာ တည်းခိုဖို့ စီစဉ်ပေးခဲ့ပါတယ်။
ကျမတို့ ကျောက်ဖြူသွားမယ့် ကိစ္စနှင့် ပတ်သက်ပြီးတော့ တည်းခိုတဲ့အိမ်ကအန်တီက “အသက်ကြီးပိုင်းတွေ သီးသန့် ဆိုတော့ သွားလို့ရတယ်။ အခုကအသက်(၂၀)ကျော်အရွယ်တွေပါနေတဲ့အတွက် သွားခွင့် မပေးတာ” လို့ ပြောပြတယ်။ နောက်ပြီး ကျောက်ဖြူကို ဝင်ခွင့်ရဖို့အတွက်လည်း ကျောက်ဖြူမြို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ စာတင်ပြီး ခွင့်ပြုချက်စာကျမှလည်း ဝင်ခွင့်ရမယ်လို့ သိရတယ်။
နောက်နေ့ မနက်မိုးလင်းတာနဲ့ အဖိုးတို့ အသက်ကြီးပိုင်း(၄) ယောက်ဟာ ဇင်ချောင်းမှာ ရှိတဲ့ ULA/AA ရုံးကို ထောက်ခံစားတောင်းဖို့ သွားခဲ့ကြတယ်။ “နာရေးရှိတဲ့အတွက် ရုံးကို ပိတ်ထားတယ်။ နေ့လည်(၁)နာရီ လောက်ဆိုရင် ရမယ်” လို့ ပြောတဲ့အတွက် လူကြီးတွေဟာ အဲအချိန်ထိစောင့်နေခဲ့ကြတယ်။ ရုံးက လူတွေနှင့် တွေ့တဲ့အခါ သွားခွင့် မပြုတော့ဘူးလို့ ပြောတော့ တည်းခိုနေတဲ့အိမ်ကို ပြန်လာခဲ့ကြတယ်။
နောက်တနေ့မှာလည်း အကျိုးအကြောင်းကို ပြောပြပြီး သွားခွင့်တောင်းဖို့အတွက် လူကြီးတွေ သွားခဲ့ကြသေးတယ်။ နောက်နေ့ပြန်ပြီးသွားတာ ရုံးမှာလူမရှိဘူး။ ရုံးကို ပိတ်ထားကြပါတယ်။ နေထိုင်စား သောက်စရိတ်တွေသာ ကုန်ကျလာတယ်။ ကျောက်ဖြူသွားရဖို့ မသေချာသေး။ နောက်ဆုံးမှာတော့ ပွဲစားက ကျောက်ဖြူကို သွားလို့မရတော့ဘူးလို့ပြောလာခဲပါတော့တယ်။ ဒီလိုနဲ့ ကျမတို့ဟာ ဇင်ချောင်းမှာက (၃) ရက်ကြာခဲ့တယ်။
ရန်ကုန်သွားဖို့အတွက် ပွဲစားကနောက်ထပ် စီစဉ်တခုထပ်ပြောလာခဲ့တယ်။ “တောင်ကုတ်ဘက်ကသွားလို့ရတယ်၊ ကားနဲ့သွားရမယ်။ လမ်းမှာ တညအိပ်ရမယ်၊ လမ်းမှာ ဂိတ်တခုရှိတယ်။ အဲဒီမှာ အစစ်ဆေးရှိလို့ နာရီဝက်လောက် လမ်းလျှောက်ရမယ်၊ နောက်တစ်ရက်ဆိုတာနဲ့ အုပ်သျှစ်ပင်င်ဘက်ကိုရာက်ပြီ၊ အဲဘက်ကိုရောက်တာနဲ့ ဘာမှစိတ်ပူစရာမလိုတော့ဘူး” လို့ ပွဲစားက ပြောပါတယ်။
ကျွန်မတို့က ပွဲစားကိုကားနဲ့အမှန်တကယ်သွားရမှာလားမေးတော့ “မယုံကြည်စရာမရှိဘူး၊ နောက်ထပ် ချိတ်ပေးမယ့်ပွဲစားက မင်းပြားက၊ ကျနော်နဲ့ပွဲစားအလုပ်ကိုအတူတူလုပ်နေတာ” လို့ပြောပါတယ်။ အခုပွဲစားကလည်း ကိုယ့်ရွာကဆိုတော့ အဘိုးက မယုံကြည်ရတဲ့သူတွေလည်းမဟုတ်ဘူး၊ သွားရင်လည်း သွားဆိုပြီးတော့ ပြောလိုက်တယ်။ ပွဲစားက တောင်ကုတ်ကနေရန်ကုန်အရောက်ဆိုလို့ရှိရင် တယောက် ကို(၁၁)သိန်း ပေးရမယ်လို့ပြောပါတယ်။ “(၁၁)သိန်းဆိုရင် နည်းနည်းများတယ်၊ ကျွန်မတို့မှာလည်း ဒီမှာနေတာ၊ စားတာသောက်တာ ကုန်နေပြီ၊ နည်းနည်းလောက်လျော့ပေး” ဆိုလို့တစ်ယောက်ကို(၁)သိန်းစီလျော့ပါတယ်။
ကျွန်မတို့က “လမ်းမာဂိတ်တွေရှိတယ်၊ ဘယ်လိုစီစဉ်ထားလဲ” လို့ မေးတဲ့အခါ သူတို့က”လမ်းရှင်းထားပီးသား ဘာမှစိတ်ပူစရာမလိုဘူး” လို့ပြောပါတယ်။ ကျွန်မဒေါ်လေးက “ပွဲစားကို ယုံလို့ရဖို့လား၊ ပိုက်ဆံကို အခုထက်ဝက်ပေးထားမယ်။ ကျန်တဲ့ထက်ဝက်ကို ရန်ကုန်ရောက်တဲ့အခါမှပေးရင်အဆင်ပြေမလား” လို့ပြောတဲ့ခါ ပွဲစားက “အဲ့လောက်တောင် မယုံကြည်လို့ရှိရင်၊ သူနှင့် အလုပ်တွဲလုပ်စရာမလိုဘူး”လို့ပြောပါတယ်။ ကျွန်မအဘိုးကလည်း “ရတယ်၊ အဲ့လိုမျိုးလုပ်မယ့်သူတွေလည်းမဟုတ်ဘူး” လို့ပြောတယ်။
ကျွန်မတို့ဟာ ဇင်ချောင်းမှာ(၃)ရက်လောက်နေခဲ့ပြီး (၄)မြောက်နေ့၊ နံနက်(၇)နာရီလောက်မှာ ဇင်ချောင်းကနေ မအီကို ကားနဲ့ ထွက်လာခဲ့ကြတယ်။ ဇင်ချောင်းကနေ မအီကို ကားခ တယောက်ကို (၄)သောင်းကျပ် စီပေးကြရပါတယ်။ မအီကိုရောက်တာနဲ့ ပွဲစားကို တယေက် (၁၀)သိန်းစီး ပေးရကြပါတယ်။ ပွဲစားဟာ ကျမတို့ဆီက ပိုက်ဆံ သိန်း (၇၀) ရတာနဲ့ ဆိုင်ကယ်နှင့်ထွက်သွားခဲ့တယ်၊ ကျွန်မတို့ကို တုတ်တုတ်မောင်းတဲ့ ဦးလေးနဲ့အပ်ခဲ့ပါတယ်။
ကျမတို့ဟာ မအီက (၁၂) နာရီခွဲလောက်မှာ ထွက်ခွါလာခဲ့တယ်။ ညနေ (၄)နာရီလောက်မှာ တောင်ကုတ်မဟာပညာကျော် ကျောင်းနားကိုရောက်ပါတယ်။ တုတ်တုတ် မောင်းတဲ့ဦးလေးက “တောင်ကုတ်မြို့ထဲကိုဝင်လို့မရဘူး၊ မြို့ထဲဝင်ဖို့အတွက် နာရီဝက်လောက်လမ်းလျှောက်ရမယ်” လို့ပြောလာခဲ့ ပါတယ်။
“ပွဲစားက ကျွန်မတို့ကို လမ်းလျှောက်ရမယ် ပြောတဲ့ဂိတ်ဟာ ဒီဂိတ်လား” လို မေးလိုက်ပါတယ်။
တုတ်တုတ်မောင်းတဲ့ ဦးလေးက “မဟုတ်ဘူး၊ ခုက ခဏလေးဘဲ လမ်းလျှောက်ရမှာ၊ လမ်းပြမယ့်သူနှင့် အထုတ်တွေကို ထမ်းမဲ့သူလည်းပါတယ်။ အရင်တုန်းက ဆိုဒီဂိတ်ကဝင်လို့ရတယ်၊ အခုက အခြေအနေ မကောင်းလို့ ပိတ်ထားတာ” လို့ပြောတယ်။
“ကျွန်မတို့ကိုပြောတဲ့အခါ တစ်ဂိတ်တည်းကိုဘဲ လမ်းလျှောက်ရမယ်ဆိုပြီးအခုက ခရီးစတာဘဲရှိ သေးတယ်၊ လမ်းလျှောက်နေရပြီ”ဆိုလို့ လမ်းပြက နာရီဝက် လောက်ဘဲကြာမယ်လို့ပြောပါတယ်။
ကျမတို့ဟာ တောင်ကုတ်မြို့ကို ဝင်ဖို့အတွက် မြို့ဝင်ဂိတ်ကို အရောက်ခင် တောလမ်းက ညနေ(၄)နာရီလောက်မှာ စပြီး ပင်လမ်းလျှောက်ခဲ့ကြတယ်။ (၅)နာရီခွဲလောက်မှာ တောင်ကုတ် တက္ကသိုလ် နားကို ရောက်ရှိခဲ့ကြတယ်။
တောင်ကုတ်မြို့ထဲကို ဝင်ဖို့အတွက် ဆိုင်ကယ်သမားတွေရောက်လာခဲ့ကြတယ်။ အဲဒီအချိန်ဟာ ညနေ (၆) နာရီကျော်သွားတဲ့အတွက် အထုတ်တွေနဲ့ ကိုင်းရှည်တံတားကို ဖြတ်လို့မရတော့ဘူးဆိုပြီး ပြောကြတယ်။ လမ်းပြတွေက ပွဲစားကို ဖုန်းဆက်ပြီးပြောတော့ ကျမတို့ကို “သူအိမ်မှာထားခဲ့” ဆိုပြီး ပွဲစားက ပြန်ပြော လာခဲ့တယ်။
ပွဲစားအိမ်မှာ လူတွေလည်းမရှိ။ အိမ်မှာလည်း ရေမြှုပ်ထားတဲ့အတွက် တစ်အိမ်လုံး ရွှံတွေနဲ့ ပြည့်နေတယ်။ ပတ်ဝန်းကျင်က အိမ်တွေမှာလည်း လူတွေ တယောက်မှ မတွေ့ရတော့ဘူး။ အားလုံးက စစ်ရှောင်သွားကြတယ်။ အနီးနားမှာ စစ်ကောင်စီ ကင်းစခန်းလည်း ရှိနေသေးတယ်။ အနားက အိမ်တဆောင်မှာတော့ ဦးလေး တယောက်ရှိနေတယ်။ လမ်းပြတွေက (၇) နာရီထိုးရင် မြို့ထဲကို မဝင်ရမှာကြောက်လို့ ကျမတို့ကို အဲဒီအိမ်မှာ အပ်ထားပြီး ပြန်သွားခဲ့ကြတယ်။
အိမ်မှာက မီးလည်းမရှိ၊ ရေလည်းမရှိ၊ မျက်နှာသစ်ဖို့နဲ့ အိမ်သာမှာ သုံးဖို့ ရေကို ခတ်ပေးထားခဲ့တယ်။ ညဉ့်မှာ မီးလည်း မထွန်းရဘူးပေါ့။ စစ်ကောင်စီတပ်သားတွေက ကင်းလှည့်တဲ့အချိန် မီးထွန်းတာတွေ့ရင် လာစစ်နိုင်တယ်။ ရေလည်းမချိုးရ၊ တကိုယ်လုံး ညစ်ပတ်ပြီး မှောင်မှောင်မဲမဲနဲ့ တညလုံး နေခဲ့ရကြရတယ်။
မနက်မိုးလင်းတော့ (၆) နာရီလောက်မှာ ဆိုင်ကယ်မောင်းသမားတွေ လာခေါ်ကြတယ်။
တောင်ကုတ်မြို့အထွက်က စစ်ကောက်စီဂိတ်ကို ဖြတ်လို့မရတဲ့အတွက် လယ်ကိုဖြတ်ပြီး နာရီဝက်လောက် လမ်းလျှောက်ရပြန်တယ်။ နံနက် (၁၀) နာရီခွဲလောက်မှာ ရိုးတောင်တနေရာက ULA/AA ကို ဖြတ်ရပါတယ်။ အဲဒီဂိတ်ကို ရောက်တော့ စစ်ဆေး မေးမြန်းကြတယ်။ ပွဲစားတွေ အလိုအရဆိုရင် လွယ်လွယ်နဲ့ သွားခွင့်ပြုမှာမဟုတ်ဘူး။ လိုက်ပို့တဲ့သူတွေကလည်း စစ်ဆေးနေတဲ့သူတွေကို ဘာမှ ပြောတာမရှိ။ အဲဒီ ဂိတ်မှာ တာဝန်ကျနေတဲ့ တယောက်က ကိုယ်နဲ့ အသိဖြစ်နေတဲ့အတွက် သွားခွင့်ပြုလိုက်တာဖြစ်တယ်။ ရိုးတောင် တနေရာအရောက်မှာ ကျွန်မတို့စီးလာတဲ့ဆိုင်ကယ်ဘီးပေါက်သွားခဲ့တယ်။ ကျမလည်း ပွဲစားဆီကို ဖုန်းဆက်တယ်။
“အကိုတို့ဘယ်လိုလုပ်တာလဲ၊ ကားနဲ့သွားရမယ်ဆိုပြီးအခုကျ ဆိုင်ကယ်နဲ့ သွားနေရတယ်။ ဂိတ်ရှိတယ် ဆိုရင် လမ်းလျှောက်ရတာ များနေပြီ” လို့ ပြောတော့ ပွဲစားက “နင်တို့တွေဟာတော်တော် စကားများတာဘဲ၊ အခုနင်တို့သွားနေတာ လမ်းထက်ဝက်မကျိုးသေးဘူး၊ ငါက ဒီမှာနင်တို့ အဆင်ပြေဖို့ ဘယ်လောက် လုပ်နေရလဲဆိုတာကို နင်တို့သိလား” ဆိုပြီး ပြန်ပြောလာတယ်။
“ကျွန်မက အကိုတို့ကို ဖုန်းဆက်ပြောကတည်းက အသက်ကြီးပိုင်းတွေပါတယ်၊ သွားလို့ရလားလို့မေးတယ်။ အကိုတို့က ရတယ်ဆိုလိုကျွန်မတို့ကလိုက်လာပါတယ်။ ပြီးရင်ပိုက်ဆံပေးတဲ့အခါ အသက်ကြီးပိုင်းတွေပါတာကို အကိုတို့လည်းမြင်တာဘဲ” လို့ပြောလိုက်ပါတယ်။
“နင်တို့အဲလောက်တောင်ဖြစ်နေရင်၊ ပိုက်ဆံပြန် ပေးမယ်၊ အဲဒီကဘဲ ကိုယ့်ဘာသာကို ပြန်လှည့်သွားလိုက်”လို့ ပွဲစားက ပြောလာတယ်။
ကျွန်မအဘိုးကလမ်းလဲ “ခရီးထက်ဝက်လောက် ရောက်လာပြီ၊မပြောနဲ့တော့” ဆိုတော့ ကျွန်မတို့လည်းဘာမှဆက်မပြောတော့ဘဲ ခရီးဆက်ခဲ့ကြတယ်။ ညပိုင်း(၄)နာရီလောက်မှာ ချင်းရွာတရွာကိုရောက်ခဲ့ကြတယ်။ အဲဒီရွာက အမျိုးသားနှစ်ဦးက ကျမတို့ကို တဆင့် ပြန်ခေါ်ယူခဲ့တယ်။
“အစ်ကို ကျမတို့က တလမ်းလုံးလမ်းလျှောက်ပြီးလာခဲ့ရတယ်၊ ထပ်ပြီး လမ်းထပ်လျှောက်ရအုံ့မှာလား” လို့မေးလိုက်တော့ သူတို့က “(၂၄) နာရီလမ်း ဆက်လျှောက်ရမယ် “လို့ ပြောပြန်တယ်။ လမ်းလျှောက် ရမယ်ပြောတော့ ကျွန်မကပွဲစားကို ထပ်ပြီး ဖုန်းဆက်ပြောတော့ “နင်တို့ကငါစီစဉ်တာကိုမစောင့်ဘဲ ကိုယ့်ဘာသာကို လျှောက်လုပ်တာဘဲ” လို့ တာဝန်မဲ့ စကားကို ပြောလာတော့တယ်။
မြတ်သုနီ
ဆက်ပါဦးမည်……