တနေ့မှာ အမေက ကျမကို အဒေါ်နှင့်အတူ ရန်ကုန်ကို လူနာစောင့်အဖြစ် လိုက်သွားဖို့ ပြောလာ ခဲ့ပါတယ်။ အဒေါ်မှာ မျက်လုံး ခွဲစိတ်ကုသရဖို့ ဖြစ်နေတဲ့အတွက် ကျမက လူနာစောင့်အဖြစ် လိုက်ခဲ့ရမှာ ဖြစ်ပါတယ်။
အဒေါ်ရဲ့ မျက်လုံးတဘက်က အစပိုင်းက တိမ်ဖြစ်လာတယ်။ ကိုယ့်ဒေသမှာ ဆေးသောက်ရင် ပျောက်သွား လိမ့်မယ်ဆိုပြီး နေလာခဲ့တာ၊ နောက်ပို ဆီးချိုနှင့် သွေးတိုးပါ ဖြစ်လာတော့ တဖက်က တိမ်ဟာ နောက်တဘက်ကိုပါ ကူးစက်လာခဲ့တယ်၊ မျက်လုံးတွေက မှုန်လာတယ်၊ အဝေးကို မမြင်ရတော့ဘူး၊ ဒါကြောင့် ခွဲစိတ်ကုသရမယ့် အခြေအနေတွေ ဖြစ်တာလတယ်။ ရခိုင်မှာကလည်း ခွဲစိတ်ကုသလို့ ရမယ့် ဆေးရုံ၊ ဆေးခန်းက မရှိတော့ ရန်ကုန်ကို သွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်။
ရန်ကုန်ကို ဆေးကုဖို့ သွားတဲ့အခါ အဒေါ်နှင့် ကျမ နှစ်ယောက်တည်းမဟုတ်ဘဲ ရွာက နောက်ထပ် ဆေးသွားကုမည့် သူတွေနှင့် အတူတူသွားကြရမှာဖြစ်ပါတယ်။
ကျမရဲ့ အဖွါးတော်စပ်သူမှာလည်း ကျောက်ကပ် မကောင်းတဲ့အတွက် ခြေထောက်တွေ ဖောယောင်နေတယ်။ ဒါကြောင့် အဖွါးဟာ ပလက်ဝမှာ ဓါတ်မှန် သွားရိုက်ကြည့်တယ်။ ဒါပေမယ့် ဘာဖြစ်တယ်ဆိုတာကို ဓါတ်မှန်မှာ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဒါကြောင့် ရန်ကုန်မှာ နေထိုင်တဲ့ အဖွါးရဲ့ သမီးဖြစ်သူက ရန်ကုန်ကို ကျမတို့နှင့် အတူ လိုက်လာဖို့ ပြောလာခဲ့တယ်။ ဒါကြောင့် အဖွါးကလည်း ရန်ကုန်ကို ဆေးကုဖို့ လိုက်မှာ ဖြစ်တယ်။
နောက်ထပ် ဆေးကုဖို့ သွားမယ့်သူကတော့ အဖိုးတို့လင်မယားပါ။ အဖိုးမှာက အသည်းအဆီဖုံးတာကြောင့် ခန္ဓာတလုံးကို ဓါတ်မှန်ရိုက်မယ်ပေါ့၊ အဖိုးရဲ့ ဇနီး (အဖွါး)က လည်း နေမကောင်းဖြစ်နေတာကြောင့် အဖိုးနှင့် အဖွါး နှစ်ယောက်လုံးက ရန်ကုန်မှာ ဆေးသွားကုကြမှာ ဖြစ်တယ်။
နောက်ထပ် ရွာက အဖွါးတယောက်က ကျမတို့ ရန်ကုန်သွားမယ်ကြားတော့ သူလည်း ရန်ကုန်လိုက်မယ်ဆိုပြီး ပြောလာပြန်တယ်။ သူ့ရဲ့ သမီးဖြစ်သူကရန်ကုန်မှာ နေတာ။ သမီးဖြစ်သူက ကလေးမီးဖွါးမှာဖြစ်တဲ့အတွက် ကျမတို့နှင့် အတူ လိုက်ဖို့ ဖြစ်လာခဲ့တယ်။ ရွာကနေ ရန်ကုန်ကို သွားမယ့်သူတွေကတော့ ကျမနှင့် အသက် (၆၀) ၊ (၇၀) ရှိတဲ့ အဖိုး၊ အဖွါး (၄) ယောက်၊ စုစုပေါင်း (၅) ယောက်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်မှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်နေ့မှာ စခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ရခိုင်ပြည် အဝင်၊ အထွက် ကုန်လမ်း၊ ရေလမ်းတွေကို ပိတ်ထားခဲ့တယ်။ ဆေးဝါးကအစ ခြေခံစားသောက်ကုန်တွေဟာ ရခိုင်မှာ ပြတ်တောက်နေခဲ့တယ်။ ဆေးရုံ၊ ဆေးခန်းတွေ ကောင်းစွာ မလည်းပတ်သလို ဆေးဝါးတွေလည်း မလုံလောက်ကြပါဘူး။ နေထိုင်မကောင်းဖြစ်လာရင် ဆေးမီးတိုနဲ့သာ ကုသနေကြရတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
အဖိုး၊ အဖွါးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေး ချို့ယွင်းလာခဲ့ကြတယ်။ ဆေးမီးတိုနှင့် ကုသနေရတာဟာ ရောဂါကို မပျောက်ကင်းနိုင်။ ဒါကြောင့် သားသမီးတွေကလည်း ရန်ကုန်ကို အရောက်လာဖို့ ခေါ်နေကြတယ်။
ရန်ကုန်ကို အယင်ကလိုမျိုး အလွယ်တကူ သွားလာလို့ မရတော့ဘူး၊ ရခိုင်ပြည် ပြင်ပကို သွားမယ့်သူတွေဟာ ပွဲစားတွေနှင့် မှောင်ခိုလမ်းကြောင်းက သွားနေကြရတယ်။ အယင်က ရန်ကုန်ကို တရက်သာ ကားစီရတာ။ မှောင်ခိုလမ်းကြောင်းက သွားလျှင် ဘယ်လောက်ကြာမှာကို မှန်းလို့မရ။
လမ်းခရီးက သွားလာရတာ အဆင်မပြေကြားတော့ ကျမက မလိုက်တော့ဘူးပေါ့၊ အမေကလည်း မထည့်ရဲ။ အဒေါ်ကလည်း မျက်လုံးကန်းရင် ကန်းပါစေတော့ မလိုက်တော့ဘူး ဆိုပြီးနေတယ်။
ရွာမှာလည်း ဆေးခန်းတွေအတည်တကျမရှိ၊ ဟိုနေရာမှာ ဆေးခန်းဖွင့်တယ်ဆိုပီး သွားပြတာ ဆေးခန်းက တခြားနေရာ ပြောင်းသွားပြန်ပြီတဲ့။ စစ်ကောင်စီတပ်ကလည်း ဆေးရုံတွေကို လေယဉ်နဲ့ ဗုံတွေ ကြဲနေတော့ ဆရာဝန်တွေကလည်း ဆေးရုံး မဖွင့်ရဲတော့ဘူး။ ရွာမှာကလည်း နေမကောင်းဖြစ်ရယ် ဆေးက ဝယ်လို့မရ။ မျက်စေ့မှာ ထည့်ဖို့ ဆေးရည်က ရှာမရ။ အဒေါ်ကလည်း ကျမ ရန်ကုန် မလိုက်ရင် သူလည်း မလိုက်တော့ဘူး၊ ဆေးလည်း မထည့်တော့ဘူးဆိုတော့ ကြာရင် မျက်လုံးက ကွယ်သွားမယ် ဆိုပြီး အမေက လိုက်ရင်လည်း လိုက်သွားတော့လို့ ပြောလာပြန်တယ်။ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်ကို မဖြစ်မနေသွားရမှာ ဖြစ်တယ်။ ဒါကြောင့် ရွာကျမတို့ မိသားစုဟာ ရန်ကုန်ကို သွားဖို့ စီစဉ်ခဲ့ကြတယ်။
ရခိုင်ကနေ ရန်ကုန်ကို သွားဖို့ လမ်းကြောင်းမှာ အစစ်အဆေးတွေအလွန်များတော့ အဖိုးဟာ ရွာက ပွဲစားတယောက်နှင့် စီစဉ်ခဲ့ပါတယ်။ ပွဲစားက လမ်းကြောင်း နှစ်ခုကိုပြောတယ်။ ကျောက်ဖြူဘက်က သွားမယ်ဆိုရင် ကျောက်ဖြူက ရန်ကုန်ကို လေယာဉ်နှင့် သွားလို့ရတယ်။ တောင်ကုတ်ဘက် သွားမယ်ဆိုရင် ကားစီးပြီး တညအိပ်သွားရမယ်ပေါ့။ တောင်ကုတ်ဘက်က သွားရင် လမ်းမှာ ညအိပ်ရမယ်။ ရန်ကုန်အထိ တယောက်ကို (၁၀) သိန်းနှင့် ဈေးဖြတ်ခဲ့ကြတယ်။ အဖွါးက နေမကောင်းတဲ့အတွက် ကားမူမှားစိုးရိမ်တဲ့အတွက် အဖိုးက လေယာဉ်နှင့် ကျောက်ဖြူဘက် သွားမယ်လို့ ပွဲစားကို ပြောခဲ့တယ်။
ရွာကနေ ဇင်ချောင်းအထိ ပွဲစားကို(၄) သိန်းပေးရမယ်။ ကျောက်ဖြူမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် ကျောက်ဖြူကို ဝင်ခွင့်ရဖို့ အခြားပွဲစားတယောက်နှင့် ချိတ်ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ရွာကနေ ဇင်ချောင်းအထိ တည်ခိုစရိတ်၊ ကားစရိတ်၊ အကုန်အပီးအစီး ကုန်ကျစရိတ် (၄) သိန်းပေးရမယ်ပေါ့။ ပုံမှန်ဆိုကျောက်တော်ကနေ ဇင်းချောင်းကို (၂) သိန်းလောက်ဘဲကုန်တယ်။ လမ်းခရီးက အဆင်မပြေလို့ သူစီစဉ်ပေးတာမလို့သူ့ကို တစ်ယောက်(၄) သိန်းပေးရမယ်လို့ပြောပါတယ်။
ကျမတို့ဟာ (၀၈.၀၈.၂၀၂၄) ရက်နေ့၊ နံနက် (ရ) နာရီမှာလောက်မှာ ရွာက စက်လှေနှင့် ထွက်လာခဲ့ကြတယ်။ ကျောက်တော်မြို့ကို (၁၀) နာရီလောက်မှာ ရောက်ခဲ့ကြတယ်။ ကျောက်တော် ရောက်တာနဲ့ ပွဲစားကို တယောက်ကို (၄) သိန်းပေးလိုက်ရတယ်။ ကျောက်တော်ကနေ နေ့လည် (၁) နာရီကျော်လောက်မှာ လိုင်း ကားစီးပြီး မြေပုံကို လိုက်လာခဲ့ကြတယ်။ ကားပေါ်မှာလည်း ကုန်ပစ္စည်းတွေက အပြည့်ရှိပါတယ်။
ကျမတို့နှင့်အတူ လိုင်းကားပေါ်မှာ တခြားခရီးသည်တွေလည်း ပါလာပါတယ်။ အခြားခရီးသည်တွေ ထဲမှာ အသက် (၂ဝ) ကျော်လောက်ရှိတဲ့ မိန်းကလေး နှစ်ယောက်လည်း ပါလာခဲ့ပါတယ်။ အဲဒီမိန်းကလေးနှစ်ယောက်ဟာ ထိုင်ခုံမရတဲ့အတွက် အဖိုးတို့ အနားက ကြားခုံမှာ ထိုင်ပြီးလိုက်လာခဲ့ကြတယ်။ အဖိုးနှင့် အဲဒီမိန်းကလေးတို့ လမ်းမှာ စကားပြောပြီး ဆွေးမျိုးစစ်ကြတော့ ဆွေးမျိုးတော်စပ်တယ်လို့ ပြောတယ်။ အဲဒီ မိန်းကလေး နှစ်ယောက်လည်း ရန်ကုန်သွားမလို့ လာခဲ့ကြတာဖြစ်တယ်။ ပွဲစားနှင့် လာတော့ မဟုတ်ဘူး။ သူတို့မှာ ကိုယ့်အစီအစဉ်နဲ့ လာခဲ့ကြတာဖြစ်တယ်။ အသက်ငယ်တဲ့ သူတွေကို နယ်မြေခံတွေက ရခိုင်ပြည် ပြင်ပကို သွားခွင့်မပြုတဲ့အတွက် မိန်းကလေး (၂) အဖိုးတို့ကို ချဉ်ကပ်ပြီး ခရီးအတူတူလိုက်ဖို့ အကူအညီ တောင်ထားခဲ့ကြတယ်။ အဖိုးကလည်း စိတ်ကောင်းရှိတဲ့သူဆိုတော့ ကူညီပေးခဲ့တယ်။
ကျမတို့ဟာ မြေပုံကို ညနေ (၇) နာရီကျော်လောက်မှာ ရောက်ခဲ့ကြတယ်။ ညနေစာ စားကြပြီးတော့ တည်းခိုခန်းမှာ တည်းခဲ့ကြတယ်။ ကားပေါ်မှာ အတူပါလာတဲ မိန်းကလေး (၂) ယောက်ဟာလည်း ကျမတို့နှင့် အတူ တည်းခိုခဲ့ကြတယ်။ မြေပုံက တည်းခိုခန်းတွေမှာလည်း လူတွေ ပြည့်နေတာ့ လူကြီးတွေ အတွက်လောက်ပဲ အခန်းရခဲ့တယ်။ ကျမတို့ဟာ တည်းခိုခန်းပိုင်ရှင်ရဲ့ သမီးအခန်းမှာ အိပ်ခဲ့ကြရတယ်။
ကျမတို့ဟာ ခရီးဆက်ဖို့အတွက် မြေပုံကနေ မနက်(၈)နာရီမှာ သဲတန်းကိုသွားပြီး ကူတော့ကူးကြရပါတယ်။ ကူတော့ခ တယောက်(၅၀၀) ပေး ရပါတယ်။ မြေပုံကနေ လုံးတော်ပေါက်ကို သွားမယ့် စက်လှေ( ဘုတ်) ပေါ်တက်ကြတယ်။ ကျမတို့က မြေပုံကတဆင့် ရခိုင်တောင်ပိုင်းကို ပို့မယ့် ကုန်ပစ္စည်းတွေတင်ထားတဲ့ စက်လှေနှင့် လိုက်ကြရတာဖြစ်တယ်။
ကျမတို့ စက်လှေမထွက်ခင် ULA/AA က နယ်မြေတာဝန်ခံတွေ ရောက်လာပြီးတော့ “ ဘယ်ကို သွားကြမလဲ” ဆိုပီး စစ်ဆေးကြတယ်။ ကျမတို့ကလည်း ဆေးလက်မှတ်တွေ၊ ကျေးရွာက အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေကို ပြလိုက်တယ်။ ကျောက်ဖြူကို ဆေးကုသွားမယ်လို့ ပြောခဲ့ကြတယ်။ သူတို့က ဆေးလက်မှတ်တွေ၊ လူတွေကိုဓာတ်ပုံရိုက်ပြီး ယူသွားကြတယ်။ စစ်ဆေးမေးမြန်းပြီးတာနဲ့ မြေပုံဆိပ်ကမ်းက ထွက်ခွါခဲ့ကြတယ်။
မြေပုံကနေ လုံးတော်ပေါက်ကို လာတဲ့ ရေလမ်းကြောင်းမှာ တညအိပ်ခဲ့ကြရတယ်။ လမ်းခရီးမှာ ထမင်းကိုတော့ စက်လှေပိုင်ရှင်တွေက ချက်ကျွေးခဲ့ကြပါတယ်။ နောက်တနေ့ မနက် (၁၀) နာရီလောက်မှာ လုံးတော်ပေါက်ကို ရောက်ရှိခဲ့ကြတယ်။
လုံးတော်ပေါက်မှာ ULA/AA က စစ်ဆေးရေးဂိတ်မှာလည်း စစ်ဆေးခံကြရတယ်။ သူတို့က “ကျောက်ဖြူကို သွားမယ်ဆိုရင် အုပ်ချုပ်ရေးမှုထောက်ခံစာနဲ့မရဘူး မြို့နယ်မှုထောက်ခံစာလိုတယ်”လို့ပြောပါတယ်။ ကျွန်မတို့ကလည်း “အရင်က သွားတဲ့သူတွေက အုပ်ချုပ်ရေးမှုထောက်ခံစာနဲ့ဆိုရတယ်ပြောလို့ အုပ်ချုပ်ရေးမှူး ထောက်ခံစာလောက်သာ တောင်းယူခဲ့တယ်” လို့ ပြောခဲ့တယ်။ သူတို့က “ဒီက ခွင့်ပြုလိုက်ပေမယ့် ရှေ့မှာ ရှိတဲ့ ဂိတ်က ခွင့်ပြုမှာ မဟုတ်ဘူး၊ သွားမယ်ဆိုလည်း သွားရတယ်၊ ကျွန်တော်တို့ကလည်း လည်းတာဝန်အရ စစ်ဆေးရပါတယ်” လို့ ခွင့်ပြုပေးလိုက်ကြတယ်။ ဇင်ချောင်းကို သွားမယ့် ကားကို စက်လှေပိုင်ရှင်က ငှါးပေးခဲ့တယ်။ ကျွန်မတို့ဇင်ချောင်းကို နေ့လည်(၁) နာရီလောက်မှာ ရောက်ရှိ ခဲ့ကြပါတယ်။
မြတ်သုနီ
ဆက်ပါဦးမည်……
သိန်း (၁၀) ကျော်တန် မရဏခရီးလမ်း
အပိုင်း(၁)