၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်
မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်များကို အိန္ဒိယနိုင်ငံမှ တဆင့် ရခိုင်ပြည်သို့ တင်သွင်းနေရကြောင်း သိရသည်။
ယခင် မြန်မာနိုင်ငံထဲမှ ကုန်စည်များကို ရခိုင်ပြည်သို့ တိုက်ရိုက် တင်သွင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ရခိုင်ပြည်တွင် လက်နက်ကိုင်ပဋိပက္ခ တကျော့ပြန် ပြင်းထန်လာပြီးသည့်နောက်ပိုင်းမှ စ၍ အိန္ဒိယမှ တဆင့် တင်သွင်းနေကြရခြင်းဖြစ်သည်။
“ကျနော်တို့ အိန္ဒိယနယ်စပ်က ဝယ်ယူတဲ့ ပစ္စည်းတွေမှာ အိန္ဒိယထုတ် ပစ္စည်း သီးသန့် မဟုတ်ပါဘူး။ မြန်မာပြည်က ထုတ်တဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတွေလည်း ပါတယ်။ အရင်က ရန်ကုန်ကနေ ရခိုင်ကို တိုက်ရိုက် ပို့ခဲ့တာ၊ အခုက အိန္ဒိယက တဆင့်ခံဝယ်ရယူနေရတဲ့ အခြေအနေပါ” ဟု ကျောက်တော်မြို့နယ်မှ ကုန်သည်တဦးကပြောသည်။
မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို အိန္ဒိယမှ တဆင့် ရခိုင်ပြည်သို့ တင်သွင်းရာတွင် ရွှေဝါဆပ်ပြာ၊ ဖူဂျီဆပ်ပြာ၊ ဟင်းချိုမှုန့်၊ ကြက်သွန်၊ သကြား၊ ကော်ဖီ၊ လက်ဖက်ခြောက်၊ လဖက်ရည်ထုတ်၊ ခေါင်းလျှော်ရည်ထုတ်၊ခေါင်းလျှော်ရည်ဗူး၊ ဆေးလိပ်၊ အလှကုန်မျိုးစုံ၊ ဖိနပ်၊ အဝတ်အထည်၊ ဆေးဝါးများ စသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
“ရန်ကုန်ကလာတဲ့ ပစ္စည်းတခုဟာ အန္ဒိယက တဆင့် တင်သွင်းနေရတော့ ရန်ကုန်မှ တစ်ရာတန်ဟာ ကျောက်တော်ရောက်ရင် ၁၀၀၀ လောက် ဖြစ်နေပြီ၊ တဆမှ ၁၀ ဆလောက် ကုန်ဈေးနှုန်းတွေ မြင့်နေတယ်” ဟု ကျောက်တော်မြို့မှ ဒေသခံတဦးက ပြေသည်။
အိန္ဒိယမှ ကျောက်တော်သို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို ရခိုင်ပြည်ရှိ မြို့နယ်များသို့ ကုန်လမ်း၊ ရေလမ်းဖြင့် တင်ပို့နေကြကြောင်း သိရသည်။