Headlines

တောင်ကုတ်မှ တပ်မိသားစုဝင်များအား ပြည်မသို့ပို့၊ လက်ရှိတွင် ပစ်ခတ်သံများကြောင့် မြို့ခံများ စိုးရိမ်နေ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ် မိသားစုဝင်များအား ယခုရက်အတွင်း၌ ပြည်မဘက်သို့ တပ်ပိုင် လေယဉ်များဖြင့် ပို့ခဲ့ကြောင်း သိရသည်။
“ တောင်ကုတ်တပ်က တပ်မိသားစုဝင်တွေကို ဗမာပြည်ဘက်ကို လိုက်ချင်တဲ့သူတွေ လိုက်လို့ရ ဆိုပြီး ပို့တယ်လို့ ပြောတယ်။ ပို့တာက ဒီရက်အတွင်းပဲလို့ပြောတယ်။ မကွေးတိုင်းဘက်ကို ပို့တယ်လို့ ကြားတယ်။ အဲဒီကနေ သူတို့ သွားချင်တဲ့နေရာကို သွားလို့ရတယ်ပေါ့၊ အခုလို ပို့တာလည်း တိုက်ပွဲဖြစ်လာနိုင်တဲ့ အနေအထားကြောင့် ဖြစ်မယ်လို့ ထင်တယ်” ဟု တပ်မိသား အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးမှ ပြောသည်။
တောင်ကုတ်မြို့နယ်တွင် အမှတ် ၅ စစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ် (စကခ ၅) ၊ ခမရ ၅၄၄ နှင့် မခရ ၃၄၆ တပ်ရင်းတို့ရှိပြီး လက်ရှိတွင် ပစ်ခတ်သံများကြားနေရကြောင်း မြို့ခံတဦးက ပြောသည်။
“တောင်ကုတ်မှာ မီးတွေလည်းဖြတ်ထားတယ်၊ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်၊ အခုလည်း လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ လေယဉ်တွေလည်း နေ့တိုင်း ဝဲနေတယ်။” ဟု မြို့ခံ တဦးက ပြောသည်။
တောင်ကုတ်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်ပြီး တပတ်ခန့်အကြာတွင် မီးများကို ပါ ပြတ်ထားခဲ့ပြီး မြို့၊ အဝင်ထွက်ကိုလည်း လွန်ခဲ့သည့် ဩဂုတ်လအတွင်းကပင် ပိတ်ထားခဲ့ကြောင်း သိရသည်။
“ မြို့နားက ရွာတွေက လူတွေကို ရှောင်ဖို့ ခိုင်းထားတယ်လို့ ကြားရတယ်။ မြို့အဝင်အထွက်ကိုလည်း ဒီအပတ်အတွင်းမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားတယ်။ ရွာကို ရှောင်ဖို့ သွားတော့ စစ်တပ်က လုံးဝ ပေးမသွားဘူး။ အခုလည်း ပစ်သံတွေ ကြားနေရတယ်။ တိုက်ပွဲသာ ဖြစ်ရင် စစ်တပ်က မြို့ကို ပစ်အုံ့မှာ။ ဘာတွေ ဆက်ဖြစ်လာမလဲ မသိဘူး။ စိုးရိမ်နေရတယ်” ဟု အခြား တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။
အမ်းမြို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့ အဝင်အထွက်ကို ပိတ်ထားခဲ့ပြီး တိုက်ပွဲဖြစ်လာသည့်အခါ မြို့နေပြည်သူများအား ပစ်မှတ်ထားကာ လေယဉ်ဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ရက်အတွင်း ၂၀ ကျော် သေဆုံးခဲ့ရသည်။
စစ်ကောင်စီတပ်မှ အမ်းမြို့ ပတ်လည်တွင် မိုင်းများထောင်ထားခြင်းကြောင့် မြို့ခံများမှာ ပစ်ခတ်ချိန်တွင် မြို့ပြင်သို့ ထွက်မပြေးရဲကြကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။