Headlines

ရခိုင်မှ စပါးစိုက်တောင်သူများတွင်ယခုနှစ် စပါးအထွက်နှုန်း လျော့နည်းနိုင်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်
ရခိုင်ပြည်တွင်း၌ စပါးစိုက်တောင်သူများနှာ ထွန်ယက်စိုက်ပျိုးချိန်တွင် မြေဩဇာ ရှားပါးပြီး အနည်းငယ်ခန့်ကို ဈေးကြီးပေးကာ ဝယ်ယူခြင်းဖြစ်ရာ မြေဩဇာ လုံလောက်စွာ အသုံးမပြုရခြင်းနှင့် စက်ဆီရှားပါးကာ ဈေးနှုန်းမြင့်မားသဖြင့် နွားများကို အသုံးပြုကာ ထွန်ယက်ကြရခြင်းဖြစ်ရာ လယ်ယာမြေများ ပြီးမြောက်အောင် စိုက်ပျိုးနိုင်းခြင်း မရှိသဖြင့် ယခုနှစ် စပါးအထွက်နှုန်းများ လျော့နည်းနိုင်ကြောင်း စပါးစိုက် တောင်သူများက သုံးသပ်ကြသည်။
“ကျနော်တို့မှာက နှစ်တိုင်းခါ စက်နဲ့ထွန်းတာ၊ ဒီနှစ်မှာက ကျွဲကိုပဲ သုံးပြီးထွန်းရတယ်။ အားလုံး မကျလိုက်ဘူး။ ‌အယင်နှစ်တွေက သုံးတဲ့ မြေဩဇာကလည်း ဝယ်မရ။ အိန္ဒိယက လာတဲ့ မြေဩဇာတွေရှိတယ်။ အဲဒါကိုဘဲ သုံးရတယ်။ အဲဒီမြေဩဇာလည်း မကောင်းတော့ လူတွေက အများမသုံးကြဘူး၊ စပါးအထွက်နှုန်းက ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားနိုင်တယ်” ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက ပြောသည်။
ရခိုင်ပြည်တွင်း၌ စိုက်ပျိုးရာသီတွင် မိုးသည်းထွန်စွာ ရွာသွန်းနေမှုကြောင့် ရေကြီးနေလျှံကာ စိုက်ပျိုးမှုများ မလုပ်နိုင်ခဲ့ခြင်း၊ သွင်းအားစုများ ရှားပါး၊ ဈေးကြီးခြင်းဖြစ်ရာ သွင်းအားစုများ အားနည်းခြင်းကြောင့် လယ်သမားများမှာ စပါးအထွက်နှုန်း လျော့နည်းနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
“စက်ဆီဈေးတွေ အဲလောက်တက်နေတာ လယ်ထွန်စက်ရှိရင်လည်း မမောင်းနိုင်ဘူး၊ နွာနဲ့ ထွန်လို့ အားလုံး မပြီးတာ၊ မြေဩဇာလည်း တအိတ်ကျဲတာကို တတောင်းလောက်ပဲ သုံးနိုင်တယ်။ ထူးဆန်းတာတခုက ကျနော်တို့ ကျောက်တော်မှာရှိတဲ့ တလင်းနယ်စက်တွေကို ရခိုင်မှာ တိုက်ပွဲ မဖြစ်ခင် ကတည်းက ဗမာပြည်ဘက်က ဈေးကြီးပေးပြီး လာဝယ်တာ တလည်းနယ်စက်တောင် နည်းနေတည်။ တလင်းနယ်မဲ့အချိန်ကြရင်လည်း အချိန်မှီ မနယ်ရဖြစ်အုံ့မယ်၊ တလင်းနယ်တာ နောက်ကျရင် စပါးတွေ အလေအလွင့်ဖြစ်ကုန်မယ်” ဟု ကျောက်တော်မြို့နယ်မှ လယ်သမား တဦးက ပြောသည်။
ရခိုင်ပြည်၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ တိုက်ပွဲများပြင်းထန်းခဲ့သည့် အချိန်မှစ၍ စစ်ကောင်စီမှ ရခိုင်ပြည်တွင်းသို့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားခြင်းဖြစ်ရာ ပြည်တွင်း၌ အခြေခံစားသောက်ကုန်များမှ အစ ရှားပါးကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားနေခဲ့ခြင်းဖြစ်သည်။
အချို့သော ဒေသများတွင် စက်ဆီဈေးမြင့်မားသဖြင့် ထွန်ယက်စိုက်ပျိုးမှုတွင် စက်ကို အသုံးမပြုနိုင်သလို ကျွဲနွားများ ရှားပါးခြင်းကြောင့်လည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း သိရသည်။
“ ဆီဈေးကြီးလို့ လယ်က အားလုံးမစိုက်လိုက်နိုင်ဘူး၊ လက်ထွန်စက်တွေ ပေါ်လာတော့ နွားမမွေးကြတာလည်း ပြီး၊ ဒီတော့ ဆီအနည်းအကျည်းဝယ်ပြီး ဝမ်းစာလောက်အတွက်ပဲ စိုက်လိုက်နိုင်တယ်။ မြေဩဇာတွေလည်း မသုံးတော့ စပါးအထွက်က ဘယ်လိုလာမယ်လဲ မသိသေးဘူး” ဟု တောင်ကုတ်မြို့နယ်မှ လယ်သမား တဦးက ပြောသည်။
အချို့သော တောင်သူများတွင် စိုက်ပျိုးထားသော ကောက်လျင် စပါးများမှာ ရိုက်သိမ်းချိန်ရောက်နေသော်လည်း တိုက်ပွဲများပြင်းထန်သဖြင့် စပါး မရိမ်းသိမ်းပဲ စစ်ဘေးကို တိမ်းရှောင်နေကြရကြောင်း သိရသည်။