Headlines

မြန်မာကျပ်ငွေကျဆင်းနေခြင်းကြောင့် ရွှေအပေါင်ဆိုင်များတွင် ရွှေအတိုးနှုန်းမြှင့်တက်လာ

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင်ပြီးခဲ့သည့် ဩဂုတ်လတွင် ရွှေပေါက်စျေးမှာ စံချိန်တင် မြှင့်တက်ခဲ့ပြီး ၁၆ပဲရည် တစ်ကျပ်သားကို ၃၇ သိန်းဝန်းကျင်ရှိခဲ့ပြီး ယနေ့ ရွှေစျေးမှာ ၆၄ သိန်းဝန်းကျင်အထိ မြှင့်တက်နေသည်။
ထိုအပြင် နေရာဒေသအသီးသီးမှ ရွှေအပေါင်ဆိုင် အများအပြားသည် မြန်မာကျပ်ငွေကျဆင်းပြီး ထိုင်းဘတ် နှင့် ဒေါ်လာစျေးမှာလည်း မတည်ငြိမ်သည့်အတွက် ရွှေများလာရောက်ရောင်းချခြင်း၊ လာရောက်ပေါင်နှံသည့်အချိန်နှင့် ပြန်ရွေးချိန်တွင် ငွေစျေးမှာ မတူညီသောကြောင့် အပေါင်ဆိုင်များအနေဖြင့် အရူံးမရှိရန် အတွက် အတိုးနှုန်းများကို တိုးမြှင့်လိုက်ခြင်းဖြစ်သည် ဟုဆိုသည်။
“အရင်ကတော့ ငွေတစ်သိန်းယူမယ်ဆို အပေါင်ထားရင် ၁ကျပ်တိုးပေါ့။ တစ်လကို တစ်ကျပ်မှန်မှန်သွား အဲလိုပဲ အပေါင်ထားကြတာများတယ်လေ။ အခုက ၃ကျပ်တိုးယူတယ် ငွေစျေးမငြိမ်တာရယ် လာရွေးတဲ့အချိန်ကြာတာရယ်ပေါ့။ တစ်ချိုကလည်း အပြီးရောင်းခဲ့လိုက်တာမျိုးလည်းရှိတယ်။ စျေးကလည်း မငြိမ်တော့ စျေးကွက်ပေါ်လိုက်ပြီးယူရတာ ကျမ တစ်ဆိုင်တည်းမဟုတ်ဘူး ကွာရင်လည်း အနည်းအကျဉ်းပဲ ကွာကြတာ။ ပြီးရင် ရွှေလာပေါင်ကြတဲ့သူကလည်း အရမ်းများလာတလေ’’ဟု ရန်ကုန်မြို ကြည့်မြင်တိုင်မှ ရွှေအပေါင်ခံသူ ဒေါ်မြင့်ဦးက ပြောသည်။
ထိုသိုသော အခြေအနေတွင် ငွေအရေးတကြီးလိုအပ်နေသောသူများသည် ရွှေများကို အပေါင်ထားသူများလာလျှက်ရှိပြီး ပြည်သူများသည်လည်း ငွေစျေးနှုန်းမြှင့်တက်မှုဒဏ်နှင့် ငွေကြေးမလုံလောက်မှုဒဏ်များကို အလူးအလဲ ခံနေကြရသည်။
“ကျမက ပိုက်ဆံပိုရင် ဟိုး အရင်ကတည်းက ရွှေပဲအမြဲဝယ်တယ်။ ၁၆ ပဲရည်ပေါ့။ အခုက စျေးလိုက်မနိုင်တော့လို မဝယ်နိုင်တာကြာပြီ။ အခုက ဝယ်တဲ့အလှည့်မဟုတ်တော့ဘူး။ သွားပေါင်နေရတဲ့အလှည့်ဖြစ်နေပြီ။ ရွှေပေါင်လည်း အတိုးကများတယ်။ ပိုက်ဆံလိုတော့လဲ ပေါင်ရတာပေါ့။ ရောင်းရမှာလည်း နှမြောတယ်လေ။ ဒီစျေးနဲ့က အခုချိန် ဘယ်လိုနည်းနဲ့မှ ပြန်ဝယ်နိုင်မှာ မဟုတ်ဘူး။ အစစအရာအရာစျေးတက် ခေတ်ပျက်ကြီးထဲမှာ”ဟု ရန်ကုန် တောင်ဒဂုံမှ ရွှေလာရောက်ပေါင်နှံသူ မမေကြည် ပြောသည်။
ထိုအပြင် စစ်ကောင်စီမှ ကုန်စည်ဈေးနှုန်းများကို ထိန်းချုပ်လျက်ရှိသည်ဟုဆိုကာ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီဖွဲစည်း၍ ရွှေကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ပြီး ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် သိုလှောင်ခြင်းနှင့်ရောင်းဝယ်ခြင်းမပြုရန် တားမြစ်ကြောင်း ထုတ်ပြန်ထားပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြောင်း အောက်တိုဘာ ၂၅ ရက် တွင် ကြေညာခဲ့သည်။