၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်။
မြန်မာနိုင်ငံတ၀ှမ်း စစ်ပဋိပက္ခများ ကြောင့် စစ်ရှောင်နေရသည့် အမျိုးသမီးများသည် သန္ဓေတားဆေးများ အလုံအလောက်မရှိခြင်း၊ ရှေးရိုး စွဲအယူအဆ များရှိခြင်းများ ကြောင့်ကလေး အမြောက် အများမွေးများလာပြီး စစ်ရှောင်စခန်းတချိုမှာ ကလေးမွေး ဖွားနှုန်းမြင့်နေကြောင်းကို စစ်ကိုင်းတိုင်း စစ်ရှောင်စခန်းတွင် အကူညီပေးနေသည့် CDM ကျန်းမာရေး ဆရာမ တဦးက ပြောသည်။
“ဥပမာ..ပြောရရင်စစ်ကိုင်းတိုင်းဘက်က စစ်ရှောင်တွေထဲမှာ ချင်းအမျိုးသမီးအများစု ပါလာတယ်။ သူတို မိသားစုတွေက နဂိုကတည်းက သားသမီးက ၄ယောက်ထက် မနည်းရှိပြီးသား။ အခု နောက်တစ်ယောက်ထပ်မွေးတယ်။ အခုလို စစ်ရှောင်နေရတဲ့ကာလတွေမှာ ဆေးဝါးအပြည့်အစုံ မဝယ်နိုင်တာ၊ မလုံလောက်တာ စခန်းထဲမှာလည်း ဝေစုမမျှတာ အားနည်းချက်ပေါ့နော်။ အဲလိုမျိုးအခြေအနေတွေရှိတယ်။ နောက်တစ်ခုကကျတော့ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေက ကလေးတွေ ရလာတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ သူတိုအတွက် ကောင်းချီးတစ်မျိုးပေါ့။ ကလေးတွေကို မတားချင်ဘူး။ ရသလောက် ဘုရားဆုချ သလောက်မွေးမယ် ဘုရားပေးတဲ့ ကလေးမို မဖျက်ဘူး၊ မတားဘူး။ ကလေးများ များမွေးလေ သူတို ဘုရားကောင်းချီးခံစားရတယ်။ အဲလို အယူအဆ ရှေးရိုးစွဲတွေ ရှိတယ် ဘယ်လောက်ပဲမွေးမွေးသူတိုက မပင်ပန်းဘူး။ အဲလိုမျိုးဆိုတော့ စစ်ရှောင်နေရတဲ့အချိန်မှာတော့ သူတိုအတွက် ပင်ပန်းတာပေါ့။ ဒါကြောင့် စစ်ရှောင်စခန်းအားလုံးအတွက် ဆေးဝါးကုသမှုတွေရော၊ ဆေးဝါးအစုံအလင် ရစေချင်တယ်ပေါ့ “ဟု ဆရာမက ပြောသည်။
စစ်ရှောင်အများစုသည် စစ်ပြေးလာရတဲ့အချိန်တွင် အဝတ်တစ်ထည် ကိုယ်တစ်ခု နှင့် စစ်ပြေးလာရသည့် အခြေအနေကြောင့် စစ်ရှောင်အများစုသည် ငွေကြေးလည်း အလုံအလောက် မပါရှိခြင်းများနှင့် အလုပ်အကိုင်များ လည်း မရှိသော ကြောင့် စားဝတ်နေရေးခက်ခဲသည့်အပြင် ကိုယ်ဝန်ဆောင်ချိန်တွင် လိုအပ်သည့် ကိုယ်ဝန်နှင့်ဆိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း အလုံအလောက်မရှိ ဘဲ လိုအပ်ချက်များစွာ ရှိနေကြသည်။
ထိုအပြင် အခြေအနေအကြပ်အတည်းကာလများတွင် အမျိုးသမီးအများစုသည် အကြောင်းအမျိုးမျိုးကြောင့် မထင်မှတ်ဘဲ ကလေးရသွားတာမျိုးနှင့်လည်း ကြုံနေကြရပြီး စစ်ပဋိပက္ခကာလမှာ သန္ဓေတားဆေးမရတာ၊ ကွန်ဒုံးဝယ်ရန် ခက်ခဲတာ စသည့် အချက်များကြောင့်လည်း ကလေးရသွားနိုင်သည့် အခြေအနေမျိုးစုံနှင့် ကြုံတွေနေရသည်။
“ကျမ စစ်ရှောင်လာကတည်းက ဟို ဘယ်လိုပြောမလဲ ဘာတစ်ခုမှ ပါမလာဘူး ဆေးဝါးလည်း ပါမလာဘူး။ ကလေးယူဖိုလည်း စိတ်ကူးမရှိသေးဘူး ဒီကာလကြီးထဲမှာ ကိုယ်တောင် ဒီလောက်အခက်အခဲဖြစ်နေတာ ကိုယ့်ကလေးကိုလည်း ကိုယ့်လို မဖြစ်စေချင်ဘူး။ ဒါပေမယ့် ကျမ အခုကိုယ်ဝန်ရသွားတယ် ၂လ ပဲရှိသေးတယ်။ ဆောင်ရန် ရှောင်ရန်တွေကိုလည်း လေ့လာထားသူဖြစ်တယ်။ ဒါပေမယ့် ဆေးတော့ မသောက်မိဘူးပေါ့ ဝယ်ဖိုခက်ခဲတာရယ် ဆရာမတွေကို ပြောဖို ရှက်တာလည်းပါတာပေါ့လေ။ အခုတော့ ကလေးရသွားတော့လဲ မွေးရမှာပေါ့’’ ဟု စစ်ကိုင်းတိုင်းစခန်းတစ်ခုတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ ရှမ်းရှမ်း ကပြောသည်။
လက်ရှိတွင် စစ်ရှောင်စခန်း အများစုသည် သူတို စားဝတ်နေရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အလုံးစုံအတွက် အလှူရှင်များကိုသာ မျှော်လင့်ရင်း တောတောင်များထဲတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ဖြတ်ကျော်နေကြရပြီး တောထဲရှိ သစ်သီး သစ်ရွက် စားလိုရနိုင်သည့် အသီးအရွက်များကို ရှာဖွေပြီး ဝမ်းရေးကို ဖြေရှင်းကာ အလှူရှင်များကို စောင့်မျှော်နေကြရင်း ရုန်းကန်ရှာဖွေနေကြရပါသည်။
စစ်ကောင်စီတပ်မှ တိုက်ပွဲများကြောင့် စစ်တပ်မှ နေအိမ်များကို မီးရိူးခြင်း၊ လူများကို သတ်ဖြတ်ခြင်းများကြောင့် နီးစပ်ရာ စခန်းများတွင် စစ်ဘေးရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်တွင် စစ်ဘေးရှောင် (၃၀၀၀၀) ကျော်ရှိနေပြီး ထို စစ်ဘေးရှောင်များကို ကူညီမှုများ လျော့နည်းလာသည့်အတွက် စားဝတ်နေရေးအတွက် အကူညီများလိုအပ်နေပြီး ဆေးဝါး အကူညီများလည်း လိုအပ်နေကြောင်း သိရှိရသည်။