၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွေ (ငြိမ်း) ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်အာဏာရှင် လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ပါးစေတို့က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ဖမ်းဆီးရခြင်းမှာ ဒေါက်တာနေစိုးမောင်၏ လူမှု ကွန်ယက်တွင် ရေးသားမှုများကြောင့်ဖြစ်ပြီး ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Dr Nay Soe Maung Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား ညနေ ၆ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ပါသည်။” ဖော်ပြထားသည်။
ဒေါက်တာ နေစိုးမောင်သည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်ကာ လူသိများသော နေရွှေသွေး အောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်းသည် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်စဉ်က ဝမ်းနည်း စိတ်မကောင်းဖြစ်ကြောင်း ရေးသားခဲ့ပြီး သူ၏ လူမှုကွန်ယက်တွင် စစ်သားကောင်းများအကြောင်း၊ လူမှုကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုများကို ရေးသားတင်ပြလေ့ရှိပြီး သူ၏ စာမျက်နှာကို စောင့်ကြည့်သူ သုံးသိန်းကျော်ရှိသည်။ အောက်တိုဘာ ၁၁ ရက်နေ့က တောင်ငူခရိုင်အတွင်း စစ်ဘေးရှောင်များနှင့် ရေဘေးသင့်သူများကို ကူညီနေကြောင်း ဗွီဒီယိုဖြင့် ကိုယ်တိုင် တင်ပြခဲ့ပြီး မည်သည့်ရေးသားချက်များကိုမျှ မတွေ့ရတော့ပေ။ ယင်းမတိုင်ခင်က ဒေါက်တာဇော်မြင့်မောင် နာရေးအတွက် ဆုတောင်းစာ ရေးသားခဲ့ပြီး ၎င်း ဆုတောင်းစာတွင် reaction ပြုသူ ကိုးထောင်ကျော် ရှိခဲ့ကာ ဝမ်းနည်းမှတ်ချက်ရေးသူ နှစ်ရာကျော်ရှိခဲ့သည်။ ဖမ်းဆီးခံရခြင်းမှာ ယင်း ရေးသားချက်နှင့် ဆိုင် မဆိုင် အတည်မပြုနိုင်သေးပါ။