Headlines

အမျိုးသမီးများနှင့် ကလေးငယ်များသည် လက်ရှိ တိုက်ပွဲများအတွင်း အဓိက မြေစာပင် ဖြစ်နေရပြီး အထိအခိုက်ခံရအများဆုံးသူများဖြစ်နေ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်။

စစ်ကောင်စီတပ်မှ အာဏာသိမ်းလိုက်ပြီးနောက် (၃)နှစ်အတွင်းတွင် အမျိုးသမီးများ အယောက် (၆) ထောင် ကျော်နီးပါးသည် စစ်ကောင်စီမှ အကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံခဲ့ကြ ရပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အမျိုးသမီး (၁) ထောင်ကျော် ရှိနေကြောင်းကို နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အရွယ်မရောက်သေးသည့်ကလေး များထဲတွင်ဖမ်းဆီးခံရမှု အရေအတွက်သည် (၈၀၀)နီးပါးရှိနေပြီး ကလေးငယ်သေဆုံးမှုသည်လည်း (၈၀၀)နီးပါး ရှိကြောင်း အစီအရင်ခံစာတွင် ထည့်သွင်းထားပါသည်။ထို အစီအရင်ခံစာထဲတွင် သေဆုံးသူ အမျိုးသမီးများနှင့် ကလေးငယ်အများစုသည် လက်နက်ကြီး၊ လေကြောင်း ပစ်ခံရမှုများကြောင့်သေဆုံးကြရသည့်အပြင် တိုက်ပွဲများရှိနေသည့် နယ်မြေများတွင်လည်း အများဆုံးသတ်ဖြတ်ခံရကြပြီး သတ်ဖြတ်မှု အများဆုံးဖြစ်ခဲ့သည့် နေရာသည် စစ်ကိုင်းတိုင်း ဖြစ်ပြီး ရခိုင် နှင့် မကွေးတိုင်းတွင်လည်း သေဆုံးမှုများစွာ ရှိနေသည်။

လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူ တစ်ယောက်မှ ပြောကြားချက်အရ ‘’အာဏာသိမ်းလိုက်ပြိးကတည်းက အဓိက အမျိုးသမိးတွေပေါ့နော်။ လုံခြုံမှုမရှိတော့ဘူး။ ပြီးရင် ပြည်တွင်းမှာဆို အိမ်ထောင်ရေးအဆင်မပြေမှုတွေများလာတယ်။ အဓိက အိမ်တွင်း အကြမ်းဖက်ခံရတာတွေပေါ့၊ နောက်တစ်ခုက အလိုမတူဘဲ လိင်အကြမ်းဖက် ခံရတာတွေ၊ အသက်မပြည့်သေးဘဲ စော်ကားခံရတာ ပြီးရင် သတ်ဖြတ်ခံရတာ ဒါတွေက ဒီကနေ့အထိ ဖြစ်နေတုန်း ဖြစ်နေဆဲ ကိတ်စတွေပေါ့၊ ဒါတွေကို တစ်ချို့ဒေသတွေမှာ လူမသိ သူမသိဘဲ ပြီးသွားတဲ့ Case တွေက အများကြီးမှ အများကြီးပဲ။ ဒါတွေအပြင် ဒီဘက် ပြည်ပ ရောက် ဥပမာ.. မဲဆောက်ထဲမှာတောင်မှ အကြမ်းဖက်တာတွေ ရှိတယ်။ အဲဒါတွေကို ကျမတို့က လက်ပိုက်ကြည့်နေလို့မရဘူး။ ကျမတို့ လုပ်သင့်တာ လုပ်ဆောင်ကြရမယ်။ ကာကွယ်ကြရမယ်။ အဓိကတော့ လူတိုင်း လူတိုင်း လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး၊ ကလေးငယ်တွေ့ရဲံ မသိရင် သိအောင်လေ့လာရမယ်၊ သင်ယူဖို့လည်းလိုအပ်တယ်လို့ ကျမ မြင်တယ်’’ ဟု ပြောသည်။

အာဏာသိမ်းလိုက်ပြီးတဲ့နောက်တွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေထဲတွင် အမျိုးသမီး နှင့် ကလေးငယ် အများစုပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့မှုများကြောင့် သေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့သည်။

‘’အာဏာသိမ်းပြီးနောက်ပိုင်း ကျမ CDM တစ်ယောက်အနေနဲ့ဆို ကျမမှာ သားနဲ့ သမီး (၂) ယောက်ပါလာခဲ့တယ် ထွက်ပြေးလာတဲ့အချိန် အမျိုးသားကတော့ ကျန်ရှိနေခဲ့တယ်ပေါ့။ ထွက်ပြေးလာတဲ့အချိန်မှာဆိုရင် လမ်းခရီးမှာ ဘယ်မှာနေနေ မလုံခြုံဘူးခံစားရတယ်။ ကျမလည်း မိခင်တစ်ယောက်လည်းဖြစ်တယ်။ ဘေးနားမှာ သမီးလေးလည်း ရှိနေတော့ ကြောက်စိတ်နဲ့ ဘယ်သူ့အားကိုးလို့ အားကိုးရမှန်းမသိဖြစ်ခဲ့တယ်။ ပြီးရင် အမြဲတမ်း ဖြစ်ပေါ်နေတဲ့စိတ်က ငါကိုများဖမ်းသွားရင် ငါ့ကလေးတွေ ဘယ်လိုဖြစ်မလဲ၊ ဘာဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်က အခုချိန်ထိကို ဖြစ်နေတာ။ အဲလိုမျိုးပေါ့နော် ကြောက်စိတ်နဲ့ အသက်ရှင်နေရတဲ့ အမျိုးသမီး အထူးသဖြင့် ကလေးရှိတဲ့ မိခင်တွေပေါ့ ဟု ‘’CDM ကလေးမိခင်တစ်ဦးမှ ပြောသည်။

ထို့အပြင် အမျိုးသမီး နှင့် ကလေးများအပေါ် အာဏာသိမ်းစစ်ကောင်စီမှ တရားလက်လွတ် ဖမ်းဆီးထောင်ချမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှု များနှင့်ပက်သက်ပြီး နိုင်ငံတကာရှိ အသိုင်းအဝိုင်းများမှ လျစ်လျူမရူထားရန် နှင့် သက်ဆိုင်သူများအရေးယူပေးနိုင်ရန် တောင်းဆိုကြောင်း AAPP မှတောင်းဆိုထားပါသည်။