Headlines

မြန်မာအကျဉ်းထောင်ထဲတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရ အကြမ်းဖက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်။
စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာန လက်အောက်ရှိ အကျဉ်းထောင် အသီးသီးတွင် မတရားဖမ်းဆီးထားသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ အများအပြားမှာ လိင်အကြမ်းဖက်ခံရမှု နှင့် လူ့အခွင့်အရေးချိုးဖောင်းခံနေကြရကြောင်းကို အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ နှင့် နီးစပ်သူ တဦးက ပြောပါသည်။
“မြန်မာပြည်မှာ ဒီအချိန် ဒီကာလမှာ အမျိုးသမီးတွေအများစုက အသက်အရွယ်မရွေး ဘယ်သူမှ မလုံခြုံတော့တဲ့အခြေအနေလို့ပြောရမှာပေါ့နော်။ အထူးသဖြင့် ထောင်ထဲမှာ ရှိနေကြတဲ့ နိုင်ကျဉ်း တွေပေါ့။ စစ်ကောင်စီက သူ့တို့မှာ အမေ၊ ညီမ၊ မိန်းမ ဆိုတဲ့အသိတရားတွေလည်း မရှိဘူး။ အရမ်းကို ရိုင်းစိုင်းမိုက်ရိုင်းနေကြတယ်။ ကျမဆို ကြားကြားချင်း အထဲမှာ အဲလိုဖြစ်ပျက်ခဲ့တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ တချို့ အကျဉ်းထောင်ထဲက အမျိုးသမီးလေးတွေဆိုရင် အသက် (၁၇)၊ (၁၈)လေးတွေ၊ စစ်သားတွေက အပျို၊ အအို မရွေးဘူး၊ မခွဲခြားဘူးပေါ့နော်။ ညညဆို ခေါင်းကို အိတ်အမဲကြီးတွေနဲ့ လာစွပ်ချပြီးတော့ လာလာခေါ်သွားကြတယ်ပေါ့နော်။ ဘယ်နေ့ ကိုယ့်အလှည့်ကျမယ်ဆိုတာ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်ခဲ့ရတယ်ပေါ့နော်။ ပြီးရင် နေ့ဘက်ဆိုရင် ကျင်းတူးရတယ်။ ညဘက်ရောက်ရင် အဲဒီကျင်းဘေးမှာပဲ ကိုယ့်ကို အဓမ္မ ပြုကျင့်တယ်ပေါ့။ အဲဒါကို သူတို့ရဲ့ စိတ်ဆန္ဒကို မဆန့်ကျင်ဘူးဆိုရင်တော့ အေးဆေးနေရတယ်။ ဆန့်ကျင်ရင်တော့ သူတို့တူးထားတဲ့ ကျဉ်းထဲမှာပဲ တစ်ခါတည်း မြှုပ်လိုက်တယ်ပေါ့။ နောက်ရက် တယောက်က မပါလာတော့ဘူးဆိုရင်တော့..အော် ..အဲလိုဖြစ်သွားပြီပေါ့ ဆိုပြီးတော့ ထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ နေခဲ့ရတယ်ပေါ့နော်။ ပြီးရင် နောက် အမျိုးသမီးလေးတယောက်ဆိုရင် ကိုယ်ဝန်ရသွားတယ်၊ အဲဒီကိုယ်ဝန်ရပြီး ကလေးမွေးတဲ့အချိန်ကျတော့ အဲမိန်းကလေးက ကလေးကို နို့မတိုက်ဘဲ တပတ်လောက် ပစ်ထားလိုက်တယ်။ နေပါစေပေါ့ ငါနို့မတိုက်ဘူး ငိုချင်သလောက်ငိုပါစေ၊ လူယုတ်မာကြီးရဲ့ ကလေးကို ငါ မတိုက်နိုင်ဘူးပေါ့။ မိခင်စိတ်ရှိပေမယ့် ဒီလို နာကျဉ်းစိတ်တွေနဲ့ နေထိုင်ရတာတွေ ယူကျုံးမရ အော်ငိုတာတွေလည်း ကြုံရတာပေါ့နော်” ဟုပြောပြသည်။
နိုင်ငံရေးအကျဉ်းသားများအနက် အမျိုးသမီး အကျဉ်းသူးများကို တိုက်ပိတ်ခြင်း၊ရိက္ခာလျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခြင်း စသည့် လူ့အခွင့်အရေးဆိုင်ရာ အကြမ်းဖက်စော်ကား ချိုးဖောက်မှုများကို အာဏာသိမ်း စစ်ကောင်စီ မင်းအောင်လှိုင်တပ်မှ ကျူးလွန်မှုးများစွာ ပြုလုပ်နေကြ သည့်အပြင် အကျဉ်းသူ၊ အကျဉ်းသားများကို ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ပိတ်ပင်ထားသည်။
“ကျမ ညီမလေးဆို အခုဆို (၃)နှစ်ကျော်လာပြီပေါ့နော်၊ ထောင်ထဲမှာ၊ အသက်ကလည်း ရလာပြီ၊ စစချင်း အဖမ်းခံရတုန်းက သူက ကိုဗစ်ဖြစ်နေတာ၊ နဂိုကတည်းက ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်ဘူး၊ သူနဲ့ တွေ့ခွင့်ရတဲ့အချိန် သူ့ကို ကြည့်ရတာ ပုံမှန်မဟုတ်ဘူး၊ ကိုယ်တွေ လက်တွေက ဖောနေတယ်။ မျက်လုံးတွေလည်း မမြင်ရဘူးပြောတယ်။ ကျမလည်း နောက်ထပ် သွားမတွေ့ချင်လောက်အောင်ကို ရင်ထဲမှာ သူ့ကို သွားတွေ့ပြီးပြန်လာရင် ပြောမပြတတ်အောင်ခံစားရတယ်။ သူကတော့ နေကောင်းတယ် လို့ပဲ အမြဲပြောတယ်၊ အပြင်ကလူတွေ စိတ်ချမ်းသာအောင်ပေါ့၊ အိပ်တဲ့အချိန် စောင်မရှိဘူး၊ ခေါင်းအုံးမရှိဘူး အဲလိုလည်းပြောတယ်၊ သူနဲ့အတူနေပြီး ပြန်ထွက်လာတဲ့ သူအခန်းဖော် ကတော့ ကျမ ညီမက ထောင်ထဲမှာ မကြာခဏ ဆိုသလို မေ့လဲတယ်လို့ကြားရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း အားနည်းသလို ဘာမှလည်း မကုပေးဘူးလေ။ အပြင်ကနေ ဝယ်ပို့ရင် လည်း သူတို့က လက်မခံဘူး တော်တော်စိတ်ပင်ပန်းစိတ်ပူရပါတယ် ဟု ထောင်ထဲမှရှိသော ညီမ အတွက် စိုးရိမ်ပူပန်နေကြောင်း” မြိတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် တွင် မင်းအောင်လှိုင်မှ မတရား အာဏာသိမ်းယူလိုက်ပြီးသည့် အချိန်မှ စ၍ အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၈၀) ဦး ရှိခဲ့ပြီ ဖြစ်ကြောင်း AAPP မှ ထုတ်ပြန်ထားပါသည်။
စစ်ကောင်စီတပ်မှ နိုင်ငံရေးပုဒ်မများနှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီး ၅,၀၀၀ ကျော်မှာ အများစုက ရန်ကုန်တိုင်းထဲကဖြစ်ပြီး အယောက် ၁,၅၀၀ နီးပါးရှိတယ်လို့ AAPP အစီရင်ခံစာက ဖော်ပြပါထားသည်။
ထို့အပြင် အမျိုးသမီးများနှင့် ကလေးများ အပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တရားလက်လွတ်ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ နှင့် သတ်ဖြတ်ခံရမှု အများအပြားကို နိုင်ငံတကာမှ လျစ်လျူရှုမထားဘဲ သက်ဆိုင်သူများကိုအရေး ယူနိုင်ပေး ဖို့ AAPP က နိုင်ငံတကာကို တိုက်တွန်းထားပါသည်။