Headlines

စစ်ဘေးရှောင် မသန်စွမ်းအမျိုးသမီး၏ အခက်အခဲ

အသက် (၃၀) အရွယ်ရှိ မခင်ယဉ်ဇော်ဟာ မင်းပြားမြို့နယ်က မသန်စွမ်း အမျိုးသမီးတဦးဖြစ်ပါတယ်။ သူမဟာ မွေးရာပါ သန်စွမ်းပေမယ့် အသက် (၂) နှစ်အရွယ်မှာ ပိုလီယိုရောဂါ ဖြစ်ခဲ့တဲ့အတွက် ခန္ဓာကို အောက်ပိုင်းတခုလုံး ချို့ယွင်းကာ မသန်စွမ်းဖြစ်ခဲ့ရပါတယ်။ သူမဟာ မသန်စွမ်း အမျိုးသမီး တဦးဖြစ်ပေမယ့်လည်း ဘဝကို အရှုံးမပေးပဲ အလှပြင်ဆိုင်ဖွင့်ကာ အသက်မွေး ဝမ်းကြောင်း ပြုနေခဲ့ပါတယ်။
၂၀၁၉ ကိုဗစ်ကပ်ရောဂါကာလမှာ သူ့ရဲ့ဆိုင်ကို ရပ်နားခဲ့ရပြီးတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းမှာ ပူးကောင်းကာ ဘဝတူ မသန်းစွမ်းတွေရဲ့ အရေးကို ဆောင်ရွက်လာခဲ့တယ်။ မသန်စွမ်းအမျိုးသမီးတွေရဲ့ ဘဝရှင်သန်ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာတွေကိုပါ သင်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ULA/AA တို့အကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့မှာ ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ မင်းပြားမြို့နယ်မှာတော့ ဖားပြို(အောက်)ရွာအနီး နှင့် မေလွမ်းရွာနှင့် ကြက်ယက်‌ကျေး ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။
မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြရပါတယ်။ အဲဒီလို ရှောင်တိမ်းရတဲ့သူတွေအထဲမှာ မင်းပြားမြို့နယ်က မသန်စွမ်း တဦးဖြစ်တဲ့ မယဉ်ယဉ် လည်း ပါဝင်ခဲ့ပါတယ်။ သူမဟာ စစ်ဘေးဒဏ်က လွတ်မြောက်ဖို့အတွက် အများနည်းတူ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရပါတယ်။
“နိုဝင်ဘာ ၁၃ မှာ တိုက်ပွဲ စဖြစ်တုန်းက ကျမ မြို့ပေါ်မှာ ရှိနေတယ်။ ပြန်ပြီး ငြိမ်သက်လာမလားလို့ စောင့်ကြည့်နေခဲ့တယ်။ မြို့ပေါ်မှာ ငါးရက်လောက်နေခဲ့တယ်။ အခြေအနေမကောင်းတဲ့အတွက် ကျမတို့ မင်းပြားမြို့နယ်က ရွာတရွာကို ရှောင်ကြပါတယ်။ အဲဒီမှာ ၃ လလောက် နေပြီးတော့ အနီးအနားမှာ တိုက်ပွဲတွေဖြစ်လာပြန်တယ်၊ နောက်တိုက်ပွဲနှင့် ဝေးတဲ့ မြေပုံမြို့နယ်ထဲက ရွာ တရွာကို ရှောင်ကြပြန်တယ်။ အဲဒီရွာမှာ တပတ်လောက်နေပြီးတော့ နောက်ထပ် ရွာ တရွာကို ပြောင်းရပြန်တယ်။ ဒီရွာမှာတော့ ၃ လနီးပါး နေခဲ့တယ်။ မင်းပြားနယ်မှာ အေးချမ်းသွားပြီး ဆိုပီး မိသားစုက ပထမ နေခဲ့တဲ့ ရွာကို ပြန်လာခဲ့တယ်။ အဲဒီမှာ ပြန်ရောက်တော့ စစ်ကောင်စီ တပ်စခန်းနဲ့ နီးတဲ့ အတွက် မိသားစုက နောက်တရွာကို ပို့ပြန်တယ်။ အဲဒီမှာ ၂ လလောက်နေပြီးတော့ မိသားစု စစ်ရှောင်တွေရှိတဲ့ ရွာကို ပြန်လာခဲ့တယ်။ ဒီလိုဘဲ ဟိုမှာဖြစ်ရင် ဒီကိုပြေး၊ ဒီမှာ ဖြစ်ရင် ဟိုကိုပြေားနေခဲ့ရတယ်”
သူမဟာ စစ်ရှောင်နေစဉ် ကာလအတွက်မှာ နေထိုင်စားသောက်ရေး၊ ကျန်မားရေးနှင့် ပတ်သက်ပြီး အခက်အခဲတွေ ရောက်ခဲ့ရကြောင်း အခုလို ပြောပြပါတယ်။
“မသန်စွမ်းဖြစ်နေတဲ့အတွက် စခန်းမှာက လူတွေ အများစုနဲ့နေရတဲ့အခါ အဆင်မပြေဘူး၊ နေရ၊ ထိုင်ရတာလည်း အဆင်မပြေဘူး၊ အိပ်တဲ့ နေရာနှင့် အိမ်သာ၊ ရေချိုးခန်း သွားတဲ့နေရာက ဝေးတော့ နာရီဝက်လောက်စီကြာတယ်။ အများသုံး အိမ်သာဆိုတော့ တခါ တလေ ဆီးမထိန်းနိုင်တော့ မိသားစုက တကိုယ်ရည် သန့်ရှင်းရေးတွေ လုပ်ပေးကြရတယ်။ စစ်ဘေးရှောင်တွေ များလာလေ ကုန်ဈေးနှုန်းတွေကလည်း တက်လာလေ၊ စားသောက်ရေးလည်း အခက်အခဲ ဖြစ်တာပေါ့။ ပြီးတော့ ကိုယ့်နယ်၊ ကိုယ့်ဒေသ မဟုတ်တဲ့အခါမှာလည်း ရာသီဥတု အပြောင်းအလဲတွေ၊ ဒေသအပြောင်းအလဲတွေ ဖြစ်တဲ့အခါ ကျန်းမာရေးကို ထိခိုက်လာတယ်။ လူရော၊ စိတ်ရော ပင်ပန်းတယ်။ စိတ်ကလည်း တခါမှ အေးချမ်းတာ မရှိဘူး။ စိတ်လုံခြုံမှုလည်း ဟိုသတင်းကြားလည်း ကြောက်ရ၊ ဒီသတင်းကြားလည်း ကြောက်ရတယ်။ စိတ်ကြောင့်လည်း ကျန်းမာရေးကို ပိုပြီး ထိခိုက်လာတယ်။ တကိုယ်လုံးကိုက်ခဲလာတယ်။ ခါးရိုးက ကိုက်ခဲလာတယ်။ ကိုက်ခဲမှုက ခေါင်းအထိ ရောက်လာခဲ့တယ်။ အာရုံကြောတွေပါ ထိခိုက်လာတယ်”
သူမဟာ ကျန်းမာရေး ထိခိုက်လာတဲ့အတွက် ရန်ကုန်မှာ ဆေးကုသမှု ခံယူဖို့ စီစဉ်ခဲ့တာနှင့် ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။
“ကျန်းမာရေး ထိခိုက်လာတဲ့အခါ ဆေးခန်းပြချင်တယ်။ ကိုယ့်နေမှာက အဲလောက်ထိ တတ်နိုင်တဲ့ ဆေးခန်းက မရှိဘူး။ ကျမရဲ့ သူငယ်ချင်းကလည်း ကျန်းမာရေး မကောင်းဘူး၊ အဲဒါ သူနဲ့ ဆွေးနွေးကြတယ်။ ရန်ကုန်ကို ဘယ်လို သွားရမလဲပေါ့။ ဘယ်အဆက်အသွယ်နဲ့သွားရမလဲ၊ ဘာလမ်းကြောင်းက ကောင်းလဲပေါ့နော။ ပြီးတော့ ဒေသခံအုပ်ချုပ်ရေးက ဘယ်လို စည်းကမ်းတွေ ချမှတ်ထားလဲ စုံစမ်းတယ်။ ပြီးတော့ ဆေးထောက်ခံစာ တောင်းယူကြတယ်။ အဲက ထောက်ခံစာနှင့် မင်းပြားမြို့ပေါ်ကို လာခဲ့ကြတာပေါ့၊”
သူမဟာ မင်းပြားမြို့နယ်ကနေ ရန်ကုန်ကို သွားတဲ့အခါ လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနှင့် ပတ်သက်ပြီးတော့လည်း အခုလို ရှင်ပြပါတယ်။
“ကျမတို့ ၃ ရက်နေ့မှာ မင်းပြားကနေ ကုန်ပစ္စည်းပို့တဲ့ ဘုတ် စီးပြီးတော့ ရမ်းဗြဲမြို့နယ်ကို လာခဲ့တယ်။ ရမ်းဗြဲနယ်ကို ရေလမ်းက ၃ ညအိပ်လာရတယ်။ ဘုတ်မှာပဲ ထမင်းချက်စားကြတယ်။ ရေကတော့ မချိုးရဘူးပေါ့။ ရမ်းဗြဲမြို့နယ်က ဆိပ်ကမ်းတခုကို ၅ ရက်နေ့ ညဉ့် ၁၂ နာရီမှာရောက်တယ်၊ အဲဒီမှာ အိပ်ဖို့က နေရာ မရှိတဲ့အတွက် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကို ညတွင်းချက် လာခဲ့ကြရတယ်။”
စစ်ကောင်စီက ကျောက်ဖြူမြို့ အဝင်၊ အထွက်ကို ပိတ်ထားတယ်။ ထွေအုပ်ရုံးကို အထောက်အထား စုံစုံလင်လင်နှင့် ဝင်ခွင့်တက်ကြရပြီး ဝင်ခွင့်ရမှ သာလျှင် မြို့ကို ဝင်ခွင့်ပြုထားခဲ့တယ်။ သူမတို့ဟာ ကျောက်ဖြူမြို့ကို ဝင်ခွင့်စာတင်တဲ့အခါ အခက်အခဲတွေရှိခဲ့ပြီး အလွယ်တကူ ဝင်ခွင့်မရဘဲ ဇင်ချောင်းမှာ ၁၁ ရက်ခန့် စောင့်နေခဲ့ရတာနှင့်ပတ်သက်ပြီးတော့ ပြောပြပါတယ်။
“ကျောက်ဖြူမြို့ကို တခါတည်း ဝင်လို့ မရတဲ့အတွက် ဇင်ချောင်းမှာ နေပြီး ခွင့်စာတင်ရတယ်။ ခွင့်စာကိုလည်း ဇင်ချောင်းက ပွဲစားတွေနှင့်ချိတ်ဆက်ပြီး တင်ရတယ်။ ခွင့်စာတင်တဲ့ သူတွေကလည်း အများကြီးဆိုတော့ အလွယ်တကူ အဆင်မပြေဘူး။ ကျမတို့ကို လူငယ်တွေ ဖြစ်တဲ့အတွက် ခွင့်စာမကျဘူးလို့ ပွဲစားတွေက ပြောကြတယ်။ ကျမတို့က လူငယ်ဆိုပေမယ့် မသန်စွမ်းတွေ ဖြစ်တယ်ဆိုတာကို ဆေးထောက်ခံချက်တွေမှာ ရေးထားပြီးသားဖြစ်တယ်။ သူတို့က ဒါကို ခွင့်မပေးဘူး၊ ပွဲစားတွေ တယောက်ပြီး တယောက် ချိတ်ဆက်ရတယ်။ တခါတင်လို့ မရဘူး၊ နောက်တခါ ထပ်တင်ရတယ်။ ကျမတို့မှာ လာတာက မသန်စွမ်းနှစ်ယောက် ဖြစ်တယ်။ အကူအညီပေးမဲ့သူက တယောက်တည်းဆိုတော့ သူက နှစ်ယောက်စလုံးအတွက် တကိုယ်ရည် သန့်ရှင်းရေးကို လုပ်ပေးနေရတယ်။ ရက်တာရှည်လာတော့ ကုန်ကျစရိတ်တွေလည်း များလာတယ်။ ကျမတို့လည်း အရမ်း စိတ်ထိခိုက်ခဲ့ရတာပေါ့”
သူမတို့ဟာ ကျောက်ဖြူကို ဝင်ခွင့်ရဖို့အတွက် ဇင်ချောင်းမှာ ၁၁ ရက်ခန့် စောင့်ဆိုင်ခဲ့ရပြီး (၁၄.၁၀.၂၀၂၄) ရက်နေ့ရောက်မှ ကျောက်ဖြူကို ဝင်ခွင့်ရခဲ့ပါတယ်။ သူတို့ဟာ ရန်ကုန်ကို သွားဖို့ လေယာဉ်လက်မှတ် ရဖို့အတွက် ကျောက်ဖြူမြို့မှာ ၄ ရက်ထပ်စောင့်ခဲ့ရတယ်။ ၁၉ ရက်နေ့မှာ ကျောက်ဖြူက ရက်ကုန်ကို လေယဉ်စီးခွင့်ရခဲ့တယ်။ လေဆိပ်မှာလည်း စစ်ကောင်စီတပ်သားတွေက Wheel Chair အသုံးပြု သွားနေရတဲ့အတွက် မြို့နယ် ဆရာဝန် လက်မှတ် မပါဘဲ စီးခွင့်မပြုဆိုကာ ဟန့်တားခဲ့သေးတယ်။ သူမက ကိုယ့်ကိုယ်ကို အာမခံကြောင်း လက်မှတ်ထိုးပါမယ်လို့ အကြိမ်ကြိမ်ပြောဆိုကာ လက်မှတ်ထိုးပေးမှ လေယဉ် စီးခွင့်ပြုခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်က စပြီး ရခိုင်ပြည်ကို အဝင်၊ အထွက် ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားခဲ့ပြီး မြို့အချို့မှာအဝင်၊ အထွက်ကိုလည်း ပိတ်ထားခဲ့ပါတယ်။ လေကြောင်းလိုင်းတခုသိုသာ ဖွင့်ပေးထားခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတဲ့အခါ ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာကို အဆင်ပြေတဲ့ နည်းလမ်းနှင့် ရှောင်တိမ်းခဲ့ကြပါတယ်။ အချို့က ရခိုင်ပြည် ပြင်ပကို တိမ်းရှောင်ခဲ့ကြသလို အချို့ကတော့ ရခိုင်ပြည်တွင်းထဲမှာ တိမ်းရှောင်ခဲ့ကြပါတယ်။
ဒီလို တိမ်းရှောင်ကြရတဲ့အခါမှာ တရားဝင်သွားလာခွင့်မရတဲ့အတွက် ပွဲစားတွေနှင့် ချိတ်ဆက်ပီး အခကြေးငွေ ယခင်ထက် အဆပေါင်းများစွာ ပေးကာ သွားလာနေကြရတယ်။ တိုက်ပွဲမဖြစ်ခင် ကာလက ရခိုင်ပြည်တွင်း သွားလာမှု အတွက် သောင်းချီပေးခဲ့ရတဲ့ ခရီစဉ်အတွက် လက်ရှိမှာ သိန်းချီပေးနေရပါတယ်။ ယခင်က ရခိုင်- ရန်ကုန် လေယဉ်ခ သိန်းချီ ပေးခဲ့ရပေမယ့် လက်ရှိမှာ သိန်းကို ဆယ်နဲ့ချီ ပေးနေရတာတွေလည်း ရှိနေပါတယ်။ မခင်ယဉ်ဇော်တို့ဟာ ရခိုင်- ရန်ကုန် ခရီစဉ်မှာ ရက် (၂၀) ခန့်ပင်ကြာခဲ့ပြီး ကုန်ကျမှုမှာလည်း တဦးအတွက် သိန်း (၂၀) ခန့်ပင်ကုန်ကျခဲ့ကြောင်း သိရှိပါတယ်။
သူမတို့ဟာ လက်ရှိမှာ ရန်ကုန်တိုင်းထဲကို ရောက်ရှိနေပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိနေကြောင်းကို ပြောပြလာတယ်။
“အခုလက်ရှိ တည်းခိုနေတာဟာ ၆ လွှာဆိုတော့ နေထိုင်ရေး၊ အတက်အဆင်းက အဆင်မပြေဘူး။ Wheel Chair ကလည်း ပျက်နေတယ်။ အသစ်ဝယ်ဖို့က သုံးလေးသိန်းကျမယ်။ အဟောင်းကို ပြန်လုပ်လို့ရအောင်တော့ စုံစမ်းနေတယ်။ ဆေးကုပီးရင်းတော့ အသွားအလာ အဆင်ပြေတဲ့ နေရာတခုကိုတော့ စီစဉ်ရမှာပါ၊ ရခိုင်မှာ ဆက်နေဖို့က ကျမရဲ့ ကျန်းမာရေး၊ အသက်ရှင် ရပ်တည်ရေးက ဘယ်လိုမှ အဆင်ပြေတော့ဘူး၊ တခေါက်လာတဲ့ စရိတ်ကလည်း နည်းတာမဟုတ်။ ဆေးကုပြီးလို့ ပြန်သွားရင် နောက်တခါ နေမကောင်းဖြစ်လို့ ထပ်လာဖို့က မလွယ်တော့ဘူး၊ ဒါကြောင့် ရှေ့ဆက် နေထိုင်စားသောက်ဖို့အတွက် အလုပ်တခုခုတော့ ရှာရမှာဖြစ်တယ်။”
လက်ရှိမှာ မခင်ယဉ်ဇော်တို့ဟာ ရခိုင်ပြည်တွင်း စစ်ဘေးရှောင် မဟုတ်ပေမယ့် ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်တွေအနေနှင့် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရအုံ့မှာဖြစ်ပါတယ်။ မခင်ယဉ်ဇော်တို့ဟာ ရခိုင်ပြည်မှာ စစ်ဘေးရှောင်ဘဝကို နှစ်နဲ့ချီ ဖြန်သန်းလာခဲ့ရတဲ့အတွက် လက်ရှိ အချိန်ထိ စိုးရိမ်မှုတွေ၊ အားငယ်စိတ်တွေ၊ ကြောက်စိတ်တွေက ရှိနေသေးသလို စားဝတ်နေရေးအတွက် အခက်အခဲ၊ စိန်ခေါ်မှုတွေက သူ့တို့ကို ကြိုဆိုလို့နေပါတယ်။

ဇင်ကီး