၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာမှ မြိတ်မြို့သို့ ပြန်လာသည့် ခရီးသည်တင် စက်လှေတစ်စီးသည် အောက်တိုဘာ ၂၀ ရက် ည ၉ နာရီကျော်က ပင်လယ်ပြင်တွင် တိမ်း မှောက်ခဲ့ကြောင်းသိရှိရသည်။
ထိုစက်လှေပေါ်တွင် ခရီးသည် (၁၀၀) ကျော် လိုက်ပါလာပြီး ကျောင်းသား၊ကျောင်းသူများ၊ အသက်အရွယ်ကြီးများနှင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူများ စီးနင်းလိုက်ပါလာခဲ့ကြပြီး ကုန်များကိုပါတင်ဆောင်လာသည့် ခရီးသည်တင်လှေတိမ်းမှောက်ခဲ့သဖြင့် ကျောင်းသား ကျောင်းသူများ (၇၀)ကျော်ပျောက်ဆုံးနေပြီး အောက်တိုဘာလ (၂၂)ရက်နေ့တွင် အရုပ်လောင်း (၂၀)ခန့် ရှာဖွေနိုင်ခဲ့ကြောင်း ဒေသခံတဦးဖြစ်သည့် ဦးအောင်ဆန်းက ပြောသည်။
“မနေ့ကဖြစ်တာလေ ကျောင်းသားတွေ အိမ်ပြန်လာတာ၊ စက်လှေကမှောက်တာအေ၊ အခုထိ ရှာနေတုန်းလေ သေတဲ့သူတွေလည်းသေပေါ့၊ တခါမှလည်းမကြားဖူးဘူး။ ဒီအဖြစ်အပျက်မျိုး၊ မအလ ကြောင့်ပေါ့အေ။ မအလ ရန်ကိုကြောက်လို့ ရေလမ်းကနေ ခရီးသွားရတာ လှိုင်းကကြီးတော့ စက်လှေမှောက်တာပေါ့။ လောလောဆယ်တော့ ရုပ်အလောင်းတွေ (၂၀)ကျော်လောက်တော့ တွေ့နေပြီ ဆက်ရှာနေတုန်းပဲ” ဟု သူကပြောသည်။
စက်လှေပေါ်တွင် လိုက်ပါလာကြသည့် ကျောင်းသား၊ ကျောင်းသူများသည် သီတင်းကျွတ် ပိတ်ရက်တွင် မြိတ်မြို့မှ ကျောက္ကာရွာသို့ ပြန်လာကြပြီး ကျောင်းဖွင့်ရက်၊ ရုံးဖွင့်ရက်အတွက် ကျောက္ကာရွာမှနေ၍ မြို့ကိုပြန်သည့် အောက်တိုဘာ ၂၀ ရက် ည ၉ နာရီကျော်က ပင်လယ်ပြင်တွင် စက်လှေတိမ်း မှောက်ခဲ့ခြင်း ဖြစ်သည်။
“လှိုင်းကြမ်းတော့ လှေမောင်းတဲ့သူလည်း မထိန်းနိုင်ဘူးဖြစ်သွားတာပေါ့၊ အိမ်အနီးအနားက ကလေးတွေ လည်း ပါသွားတယ်၊ အိမ်နီးချင်းကလေးတွေလေ။ မျက်စိရှေ့တင် အခုမြင် အခုပျောက်တဲ့ခေတ် ရောက်နေပြီ “ဟု မြိတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
တနင်္သရီတိုင်း၊ ကျောက္ကာရွာသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းတွင် တည်ရှိပြီး မြိတ်မြို့မှ ရေမိုင် ၂၃ မိုင်ကွာဝေးပြီး စပီဘုတ်( speed boat) ဖြင့်သွားလျှင် အချိန် ၄၅ မိနစ်ကျော်ကြာမြင့်သည့်ခရီးဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေပြင်၊မြေပြင်လှိုင်းမြင့်တက်နေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ထုတ်ပြန်ထားသည်။