Headlines

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှ စက်သုံးဆီ နှင့် စားသုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ ၃၅ သန်း ထုတ်ရောင်းပေးမည်ဟုဆို

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဘဏ် တစ်ခုဖြစ်သော မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီနှင့် စားသုံးဆီ လုပ်ငန်းရှင်များကို အမေရိကန် ဒေါ်လာ (၃၅)သန်း ထုတ်ရောင်းမည်ဟု အောက်တိုဘာလ (၂၀)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဗဟိုဘဏ်မှ ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်နေ့တွင်လည်း အမေရိကန်ဒေါ်လာ (၆) သန်းကျော်နှင့် ထိုင်းဘတ်ငွေ သန်း( ၂၀၀)နီးပါးကို ဗဟိုဘဏ်၊ AD လိုင်စင်ရ ဘဏ်နှင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များပါဝင်သည့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ရောင်းချပေးခဲ့ပြီး ယခု အောက်တိုဘာလ တွင် ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်း ကျော်နဲ့ ဘတ်သန်း ၂၆၀ ကျော် ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

“အခုလိုမျိုး ဗဟိုဘဏ်ကနေပြီးတော့ ဒေါ်လာတွေ ထုတ်ရောင်းပေးတာက ကျနော်တို့ လုပ်ငန်းရှင်တွေ အတွက်က အများကြီးအကျိုးရှိပါတယ်။ ဝမ်းလည်းသာရပါတယ်။ ဒါပေမယ့် ပြင်ပစျေးကွက်သမားတွေကျ ငွေလဲနှုန်းတွေက ကွာဟနေတော့လေ သူတို့အတွက်တော့ ထိခိုက်မှု ရှိနိုင်တယ်။ ဘာလို့ဆို ငွေလဲနှုန်းတွေက ကျနေတာဆိုတော့လေ” ဟု ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ လုပ်ငန်းရှင်တဦးက ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုင်ငံခြားချေးငွေ မရရှိ သောကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေကြုံခဲ့ရပြီး စားသုံးဆီ၊ စက်သုံးဆီလိုအပ်ချက်များ ရှိနေသည့်အတွက် နိုင်ငံခြားငွေများကို အသုံးပြုပြီး ကုန်စည်ပို့ဆောင်ရေးမှ ရသည့် ငွေဖြင့် နိုင်ငံ စီးပွားရေးကို ကောင်းမွန်စွာ လည်ပတ်ရန်အတွက် ကြိုးပမ်းနေရခြင်း ဖြစ်ကြောင်းကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ် တွေ့ဆုံချိန်တွင်ပြောကြားခဲ့သည်။

“ကျမတို့မြန်မာပြည်မှာလား ဆီစျေးမက အရာရာစျေးတက်နေတာလေ။ အခုအုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်လည်း ဘာမှ မတတ်နိုင်ဘူး။ သူက လုပ်ချင်သလိုလုပ်နေတာပဲ။ အဓိက ပြည်သူတွေခံနေရတာ၊ ကုန်စျေးနှုန်း အရမ်းတက်တာ၊ စားသုံးဆီ ၊ စက်သုံးဆီ ကျမတို့က နယ်ကဆိုတော့ ဆိုင်ကယ်စီးတယ်လေ အဲဆီတွေလည်း အဆမတန်တက်တယ်။ ဆီက လျော့စားနေရတယ်။ ကျန်းမာရေးကောင်းအောင်ပေါ့ အဘ ကျေးဇူးပေါ့ အမရယ်” ဟု မွန်ပြည်နယ် ဒေသခံ မချိုမာ ကပြောပါသည်။

ပြည်တွင်းစားသုံးဆီလိုအပ်ချက်သည် ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း တန်ချိန် ၆ သိန်းလောက်မှ တန်ချိန် ၁၁ သိန်းအထိ နှစ်ဆနီးပါး မြင့်တက်လာပြီး မိသားစုဝမ်းစာ စားသုံးတဲ့ ဆီတန်ချိန်က တန်ချိန် ၇ သိန်းကျော်ရှိပြီး ဈေးဆိုင်အသုံး နှင့် စားသောက်ကုန် စက်မှုလုပ်ငန်းသုံး ဆီပမာဏက တန်ချိန် ၃ သိန်းကျော် ရှိသည်။

ထို့အပြင် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုကလည်း အရည်အသွေးညံ့သည့် တန်ချိန် ၂၀,၀၀၀ ခန့်သာ ရှိပြီး နှစ်စဉ် တန်ချိန် ၄ သိန်းနီးပါးကို တင်သွင်းနေရဆဲဖြစ်ကြောင်း ဆီကုန်သည်တစ်ဦးမှ ပြောသည်။