ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ကမ်း တနေရာက စစ်ဘေးရှောင်စစ်ဘေးရှောင် စခန်းတခုမှာ နေထိုင်ကြတဲ့ Youngest တို့ မိသားစုဟာ စစ်ရှောင်လာခဲ့တာ (၂) နှစ်ကျော် ကြာနေပြီဖြစ်တယ်။
ကရင်တိုင်းရင်းသူလေး Youngest ဟာ အသက် (၃၀) နှစ်ခန့်ရှိပြီး သူမှာ သား(၃) ယောက်နှင့် သမီးလေး (၁) ယောက်ရှိပါတယ်။ သူမဟာ အမျိုးသားဖြစ်သူနှင့် လွန်ခဲ့တဲ့ (၅) နှစ်ကတည်းက အကြောင်းမျိုးမျိုးကြောင့် ကွာရှင်း ပြတ်စဲခဲ့ပါတယ်။ သူမဟာ စစ်ရှောင်ဘဝကို မရောက်ခင်ကာလက စက်ချုပ်အလုပ်နှင့် တနိုင်တပိုင် အွန်လိုင်း စီးပွားရေးလုပ်ကိုင်ခဲ့သူ ဖြစ်တယ်။
၂၀၂၁ နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လ အတွင်းမှ Youngest တို့ ရွာကလေးကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးလာခဲအခါ တိုက်ပွဲတွေ ဖြစ်လာတဲ့အတွက် ရွာသားတွေ တိမ်းရှောင်ခဲ့ကြရတယ်။
Youngest ဟာ မိဘနှစ်ပါး၊ သားသမီး (၄) ယောက်နှင့်အတူ ရွာက စစ်ဘေးရှောင်တွေနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လာခဲကြတယ်။ တောလမ်းခရီးကို ခြေကျင်လျှောက်ပြီး တိမ်းရှောင်ရတဲ့အတွက် အသက်အရွယ် ကြီးနေတဲ့ မိဘနှစ်ပါးအတွက် စိုးရိမ်ပူးပန်ရပြန်တယ်။
“ကျမမှာက ကလေး (၄) ယောက်၊ အသက် (၇၀) ရှိနေတဲ့ မိဘ နှစ်ပါးလည်းပါသေးတယ်။ လမ်းခရီးက ကြမ်းလည်းကြမ်း၊ ဝေးလည်း ဝေးတော့ အဖေနဲ့ အမေ လမ်းလျှောက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ ဆွေးမျိုးတွေဆီမှာ အပ်ထားခဲ့ရတယ်။ ရင်နာနာနဲ့ ထားခဲ့ ရတယ်။ ကျမတို့ မိသားစုဟာ ရွာသားတွေနဲ့အတူ စစ်ဘေးရှောင် စခန်းကို ရောက်ဖို့အတွက် လူမှာ (၄) ညအိပ်၊ (၅) ညအိပ် ခြေလျင်နဲ့ လာခဲ့ရတာ၊ ဒီနေရာအရောက်မှာ အထိုင်ချခဲ့ကြတယ်”
စစ်ရှောင်စခန်းကို ရောက်လာတဲ့အချိန်မှာ သူမအတွက် ပထမဆုံးအတွေ့အကြုံတခုဖြစ်သလို နေရာအစိမ်းဖြစ်တာကြောင့် သူမ ဘ၀မှာ လုံး၀ မထင်တား၊ မတွေးထားဘူးတဲ့ နေရာတခု ဖြစ်နေပါတယ်။ အဲဒီနေရာဟာ သူမအတွက် နေရာစိမ်ပေမယ့် စားဝတ်နေရေးအတွက် ရရာအလုပ်ကို လုပ်ဖို့ အလုပ်လိုက်ရှာခဲ့ရတယ်။ အလုပ်တခုရဖို့အတွက် ကြိုးစားရှာဖွေရင်း ပြောင်းဖူးချိုးတဲ့ အလုပ်ကို ရဖို့ (၃)လ ခန့် ကြာခဲ့တယ်။ နောက်ဆုံးမှာ သူရဲ့ စိတ်အားထက်သန်မှု ကြောင့် ခြံပိုင်ရှင်တွေနဲ့ အဆက်အသွယ်ရလာခဲ့တယ်။
“ဒီ စခန်းကို ရောက်တဲ့အချိန်မှာ ကျမ အလုပ်မရှိဘူးလေ။ အိမ်က ပါလာတဲ့ ငွေကြေးကလည်း အနည်းငယ်ပဲ ပါလာတာဆိုတော့ စိတ်ပူတာပေါ့နော်။ ဒီကလေးတွေ၊ မိဘတွေကို ဘယ်လို ရှာကျွေး ရမလဲ ဆိုတာပဲ အချိန်တိုင်း စဉ်းစားနေတော့တာ။ အဲဒါနဲ့ အနီးအနားမှာ အရင်ရောက်နေကြတဲ့ မိတ်ဆွေတွေကို အကူအညီတောင်းကြည့် မေးကြည့် ရတာပေါ့။ အဲလိုနဲ့ပဲ အချိတ်အဆက် ရရင်း အလုပ် ရလာခဲ့တာပါ၊ လောလောဆယ်မှာတော့ ပြောင်းဖူးချိုး အငှါးလိုက်နေတယ်။ တခါတလေ ကလေးတွေပါ လိုက်ချိုးကြတယ်။ သား (၃)ယောက်ကတော့ အထောက်အကူရတာပေါ့။ မနက် ၅နာရီ ခွဲလောက်ကတည်းက ထမင်းထုပ် နဲ့ သွားရတယ်။ တနေကုန် ပြောင်းချိုးပြီး ပြန်လာတဲ့အခါ လမ်းမှာ ဟင်းချက်ဖို့ တခါတည်း ဝယ်လာခဲ့တာပေါ့။ အိမ်ပြန်ရောက်မှ ထမင်းချက်စားရတယ်။ ပြောင်းဖူးကုန်ချိန်ဆို အမှိုက်ကောက် ဗူးခွံတွေ လိုက်စုပြီး ရောင်းတယ်။ သူများ ခြံထဲ အလုပ်လိုလို့ လာခေါ်ရင်လည်း လိုက်လုပ်တယ်။ ထမင်းမငတ်အောင်တော့ ရှာစားရတာပေါ့ ”
Youngest ဟာ မိသားစု စားဝတ်နေရေးအတွက် ပင်ပန်းဆင်းရဲစွာ ရုန်ကန်နေရတယ်။ စစ်ဘေးရှောင်အဖြစ်နဲ့ အခြားတနေရာမှာ ခုံလှုံရင်း ကျန်နေခဲ့တဲ့ မိဘနှစ်ပါးအတွက်လည်း ပုံမှန် ထောက်ပံ့နိုင်အောင် ကြိုးစားနေရတယ်။
“ကျမ အလုပ်လုပ်နိုင် ပိုက်ဆံပို့နိုင်မှ မိဘတွေလည်း အဆင်ပြေမယ်၊ မျက်နှာမငယ်ရတော့ဘူးပေါ့လေ။ ကျမအတွက်ကတော့ စိန်ခေါ်မှု အကြီးကြီးပေါ့။ အခက်အခဲက အများကြီးပဲ ပြောပြလို့မကုန်နိုင်ဘူး။ ကိုယ်တယောက်တည်း မဟုတ်ဘူးဆိုတာတော့ စိတ်ထဲ အမြဲမှတ်ထားတယ်။ အားယူတယ် အလုပ်လုပ်တယ်။ မိဘတွေကို ထောက်ပံ့တယ်။ အရမ်းဒုက္ခရောက်ရတယ်၊ အချိန်တွေ အများကြီး ကိုယ့်စိတ်ကို ကုစားထားရတာ။ အခုထိလည်း ကလေးတွေနဲ့ မိဘ ရှိတော့ အားတင်း ရုန်းကန်ရင်း လဲကျရင်ပြန်ထပေါ့”
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အခါ ဆိုးကျိုးကို အဓိက ခံစားကြရသူတွေဟာ အမျိုးသမီးတွေဖြစ်တယ်။ Youngest ကဲ့သို့ စစ်ဘေးရှောင်ဘဝနဲ့ မိသားစုစားဝတ်နေရေးအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရတဲ့ အမျိုးသမီး အိမ်ထောင်ဦးတွေအပါအဝင် အမျိုးသမီးတွေဟာ အများအပြားရှိနေပါသေးတယ်။
ဇာဇာမော်
၁၉၊ ၁၀၊ ၂၀၂၄