၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက် နေ့၊ နေ့လည်ခန့်က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူးတော့လေးရွာတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာစဉ် အမျိုးသား (၂) ဦးအား ပစ်ခတ်ပြီး တဦးအား ဖမ်းဆီး သွားကြောင်း သိရသည်။
“ ရွာကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ သူတို့ (၃) ယောက်က လုပ်ငန်းကိစ္စနှင့် ငွေစာရင်းရှင်းနေကြတယ်လို့ သိရတယ်။ သူတို့က လှေလုပ်ငန်း လုပ်ကြတာ။ စစ်ကြောင်းဝင်လာတာမြင်တော့ လန့်ပြီးတော့ ထွက်ပြေးကြတယ်။ စစ်တပ်က လိုက်ပစ်တော့ နှစ်ယောက် သေသွားတယ်။ ကျန်တဲ့ တယောက်ကိုတော့ စစ်တပ်က ဖမ်းသွားတယ်” ဟု ကူးတော့လေး ရွာသား တဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းမှာ အင်အား (၃၀) ခန့်ပါသည့် စစ်ကြောင်းမှ ကူးတော့လေးရွာသို့ ရောက်ရှိလာစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရသူများမှာ သပြုချောင်းရွာမှ ကိုရှင်းလေး (ခ) ကိုညီပု( အသက် ၃၀ခန့်) နှင့် ကူးတော့လေးရွာမှ ဦးလှရွှေမောင် (အသက် ၆၀) ခန့် ဖြစ်ပြီး ဖမ်းဆီးခံလိုက်ရသူမှာ ကူးတော့လေးရွာမှ ကိုအောင်ချမ်းလေး ဖြစ်ကြောင်း သိရသည်။
နေဇော်