၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ သိန်းချီ ရှိနေပြီးလက်ရှိ အချိန်တွင် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခက်အခဲများ ဖြစ်နေကြောင်း ဒေသခံများ ပြောကြားအချက် အရ သိရသည်။
စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ ရှိနေကြောင်းကို ပုဏ္ဏားကျွန်းမြို့မှ တိမ်းရှောင်လာသူ အမျိုးသမီးတဦးက “ လက်ရှိက ဘုန်းကြီးကျောင်းမှာ နေတာဖြစ်တယ်၊ နေရတာ အဆင်ပြေပေမယ့် အိမ်သာ၊ ရေချိုးခန်းတွေက အဆင်မပြေဘူး၊ စားရတာလည် အကြပ်အတည်းရှိတယ်၊ တချို့ လက်လုပ် လက်စားတွေဆိုရင် ထမင်းငတ်ကြတယ်၊ နောက်ပြီးတော့ နေထိုင်မကောင်းဖြစ်လာရင် ဆေးဝါးက မရှိ၊ ဆေးတွေကို အဆမတန် ဈေးကြီးပေးပြီးဝယ်ရတယ်၊ တချို့ ဆေးတွေဆိုရင် ပိုက်ဆံရှိရင်လည်း ဝယ်မရတာရှိတယ်၊ ပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကာကွယ်ဆေးတွေ မထိုးကြရဘူး၊ မွေးဖွါးတဲ့အခါ နီးစပ်ရာမှာ အရပ်လက်သည်တွေနှင့် မွေးဖွါးနေရတယ်၊ မွေးဖွါးလာတဲ့ ကလေးတွေမှာလည်း ကာကွယ်ဆေးတွေ မထိုးကြရဘူး၊ ဒါကြောင့် ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်၊” ဟု ပြောသည်။
၂၀၁၉ ခုနှစ် ကတည်းကပင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ရောက်ရှိသော စစ်ဘေးရှောင်များမှာလည်း လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် မိမိနေရပ်သို့ မပြန်နိုင်ကြသေးဘဲ လက်ရှိတွင် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း ရခိုင်ဌာနေတိုင်းရင်းသာ အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးက ပြောသည်။
“တိုက်ပွဲတွေ ဖြစ်လာတော့ စစ်ဘေးရှောင် အသစ်တွေကို ထားဖို့အတွက် စစ်ဘေးရှောင်အဟောင်းတွေကို ကိုယ့်ဒေသကို ပြန်လွှတ်ကြတယ်။ ဘယ်သူမှ အသွားရဲကြဘူးလေ။ တချို့ကတော့ ပြန်သွား၊ ပြန်လာ ရှိနေကြတယ်။ ရွာမှာသွားပြီး အလုပ်လုပ်ကြတယ်။ ပြီးတော့ ပြန်လာကြတယ်။ တချို့ကတော့ စခန်းအနီးအနားတဝိုက်မှ ကြုံရာ ကျပန်းလုပ်စားကြတယ်။ လက်ရှိအခြေအနေက ကုန်ဈေးနှုန်းတွေက အဆမတန်တက်တော့ ရတာနဲ့ ကုန်တာနဲ့ မလောင်ကြပါတယ်။ ကယ်ဆယ်ရေး ပေးတာလည်း မရှိတော့ မဝရေစာ စားနေရသလိုပါဘဲ” ဟု သူက ပြောသည်။
ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်မိသားစုများမှာ စားဝတ်နေရေးနှင့် ပညာသင်ယူရေးအတွက် အခက်အခဲ အလွန်ရှိနေကြောင်း စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူများက ဆိုသည်။
“တော်တော်လေးကို အကြပ်အတည်းရောက်နေကြပါတယ်။ စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးကအစ အများကြီး အခက်အခဲတွေ ရှိကြေတယ်။ ကျနော်တို့ကလည်း ရသလောက် အလှူခံပြီးတော့ မျှဝေ ပေးပါတယ်။ ဒါပေမယ့် မလောက်ငှကြပါဘူး။ တချို့ကလေးတွေဆိုရင်း ဈေးမှာ တောင်းယမ်းနေကြတာတွေ့လို့ ကျနော်တို့ စိတ်ထိခိုက်ရတယ်။ ဒါကို ကြည့်ချင်းအားဖြင့် မိသားစု စားဝတ်နေရေ ဘယ်လောက် ကြပ်တည်းနေတယ်ဆိုတာ သိနိုင်တယ်။ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ယူခွင့်မရရှိကြဘူး၊ ဒါကြောင့် ကလေးတွေရဲ့ ပညာရေး ကွင်းဆက် မပြတ်စေဖို့အတွက် ကျနော်တို့ စေနာ့ ဝန်ထမ်းတွေက ဆောင်ရွက်ပေးနေတာရှိတယ်။ ဒါပေမယ့် သင်ထောက်ကူ ပစ္စည်းတွေက အလွယ်တကူ မရနိုင်ဘူး။ ကုန်ဈေးနှုန်းကလည်း အဆမတန်မြင့်နေတယ်။ ပံ့ပိုးကူညီမှုတွေ အများကြီးလိုအပ်နေပါတယ်” ဟု လင်းရောင်ခြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှ ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်မှ ပုဏ္ဏားကျွန်းမြို့နှင့် ကျေးရွာ အချို့အား လေယဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ရှောင်တိမ်းနေရသူများ၊ စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွါးမည်ကို စိုးရိမ်း၍ ရှောင်လာကြသူများ၊ ၂၀၁၉ နှစ်ကတည်း စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေကြသူများ ဖြစ်ကြကြောင်း သိရသည်။
ရခိုင်ပြည်ရှိ မြို့နယ်အများအပြားကို စစ်ကောင်စီတပ်မှ လက်လွှတ်ဆုံးရှုံးခံခဲ့ရပြီးနောက် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဆုံးရှုံသွားသော နယ်မြေများကို လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်နေသဖြင့် စစ်ဘေးရှောင်များမှာ စိုးရိမ်ကြောင့်လန့်နေကြရသည်။
မြတ်သုနီ