Headlines

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒါဏ်ရာရသူ များပြားနိုင်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ် သို့ စစ်ကောင်စီက ယနေ့ ‌အောက်တိုဘာ ၁၀ ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံး နှစ်လုံး ကြဲချခဲ့သဖြင့် လူ ၆ ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အထကကျောင်း နောက်ကို တစ်လုံး ကျတာမှာ မိသားစုတစ်ခုက လူ ၅ ဦးသေတယ်လို့သိရပါတယ်။ ဘယ်သူတွေလဲဆိုတာတော့ အတိအကျမသိရသေးဘူး။” ဟု ကျောက်တော်မြို့ပေါ်မှ မဖြူမက ပြောသည်။
ထို့အပြင် ထိခိုက်ဒါဏ်ရာရသူအများအပြားရှိပြီး လူနာများကို ဆေးရုံသို့ ပို့ဆောင်နေကြောင်း ကူညီပေးနေသူ တစ်ဦးက “အခု ဆေးရုံပို့ပေးတာ လေးဆယ်ကျော်ရှိပါပြီ၊ အထိအခိုက် အဆုံးအရှူံးများနိုင်ပါတယ်။ “ ဟု ပြောသည်။
ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်သည့် အချိန်ပိုင်းတွင်ပင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာသို့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပြီး ဆက်သွယ်၍ မရနိုင်သေးသဖြင့် ထိခိုက်မှု အခြေအနေကို မသိရသေးပါ။
မင်းဇော်