Headlines

သတင်းထောက် ကိုထက်အောင်အား ထောင်ပြောင်းခြင်းအပေါ် မိသားစုများ စိုးရိမ်

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့က ရခိုင်ပြည်အကျဉ်းထောင်မှ အကျဉ်းသား (၃၃၆) ဦးကို ပြောင်းရွှေ့ရာတွင် ရခိုင်သတင်းထောက် ကိုထက်အောင်လည်း ပါဝင်ကြောင်း သိရှိရသည်။
ထိုသို့ ထောင်ပြောင်းရာတွင် ကိုထက်အောင်အား မည်သည့်ထောင်သို့ ပြောင်းရွှေ့ လိုက်သည်ကို မသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
“ထက်အောင်ကို ထောင်ပြောင်းမယ်ဆိုတာကို ကျမတို့က မသိလိုက်ရဘူး။ ထောင်မပြောင်းခင် ထက်အောင်နဲ့လည်း စကားမပြောလိုက်ရဘူး။ တခြားလူတွေပြောမှ ထက်အောင်ကို ထောင်ပြောင်းလိုက်တာ သိတယ်။ ဘယ်ထောင်ကိုပြောင်းတယ်ဆိုတာလည်း မသိသေးဘူး။ တခြားသူတွေရဲ့ ပြောပြချက်အရ ထောင်ပြောင်းရမယ်ဆိုတော့ ထက်အောင်က ကြောက်စိတ်တွေရှိနေတယ်၊ စိုးရိမ်စိတ်တွေရှိနေတယ်လို့ သိရတယ်။ ကျမတို့လည်း ထက်အောင်နဲ့ ပက်သက်ပြီး အရမ်းစိတ်ပူနေကြတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။
ကိုထက်အောင်အား ပြောင်းရွေ့သွားသော ထောင်တွင်သို့ မိသားစုဝင်များက ထောင်ဝင်စာ သွားတွေ့ရမည်ဆိုပါက အခက်အခဲများစွာရှိကြောင်းကို သူက ဆက်ပြောသည်။
“စစ်တွေထောင်မှာရှိနေတုန်းကဆိုရင် မိသားစုကို ထောင်ဝင်စာ ပုံမှန် သွားတွေ့လို့ရတယ်။ သူ့ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ရတယ်။ မိသားစုနဲ့လည်း တွေ့ဆုံရတဲ့အတွက် သူအတွက် စိတ်လုံခြုံမှု ရှိတယ်။ အခုက ရခိုင်ပြည်ပြင်ပမှာ ရှိတဲ့ ထောင်တစ်ခုခုကို ပြောင်းလိုက်တယ် ဆိုတော့ မိသားစုတွေက သူနဲ့ သွားတွေ့ဖို့အတွက် အရမ်းကို ခက်ခဲသွားပြီ။ ရခိုင်ပြည်ကနေပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းကို သွားဖို့အတွက် လမ်းပန်းဆက်သွယ်ရေးကလည်း အကုန်လုံးပိတ်ထားတယ်။ တကယ်လို့ သွားတွေ့မယ်ဆိုရင်တောင်မှ သွားတွေ့တဲ့လူရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်။ ထက်အောင်ကို ထားတဲ့ထောင်ရှိတဲ့နေရာမှာ ကျမတို့ မိသားစုတွေ သွားနေဖို့ဆိုတာကလည်း မလွယ်ကူဘူး။ အဲနေရာမှာ နေထိုင်စားသောက်ရေး စားရိတ်တွေက မတတ်နိုင်ဘူးပေါ့။” ဟု သူက ပြောသည်။
DMG သတင်းထောက် ကိုထက်အောင်အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် စစ်တွေမြို့ ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းပွဲအား ဓာတ်ပုံသတင်းသွားယူနေစဉ် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီး DMG ရုံးသို့ ရောက်ရှိလာကာ ညစောင့် ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုထက်အောင်နှင့် ကိုစိးဝင်းအောင်တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် စစ်တွေမြို့နယ် တရားရုံးက ဇွန် (၂၈ ) ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြတ်သုနီ