Headlines

စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်နေခြင်းကြောင့် ဒေသခံရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်
အမ်းမြို့နယ်ရှိ စစ်ကောင်စီ အမြောက်တပ်မှ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်းကြောင့် စခန်းမော်၊ ဂယ်လောင်း၊ မဲလက်မောင်း၊ ကျောက်စကွဲ စသည့် ဒေသခံကျေးရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
“အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ရွာတွေကို လှမ်းပစ်နေတယ်၊ မနေ့က စခန်းမော်ရွာနားကို လက်နက်ကြီး သုံးလုံးလာကျတယ်၊ အဲဒါကြောင့် ရွာသားတွေ လက်နက်ကြီး၊ ဗုံးတွေထွက်ကျမှ စိုးရိမ်လို့ ရွာက ရှောင်ပြေးနေကြတယ်” ဟု ဒေသခံ ရွာသားတဦးက ပြောသည်။
အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွါးလျှက်ရှိရာ စစ်ကောင်စီမှ တပ်ဆုတ်ရာ လမ်းကြောင်းကို ရှင်းလင်းရန်အတွက် ဒရုန်း၊ လေယဉ်ဖြင့် ဗုံးကြဲခြင်း၊ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်နေခြင်းဖြစ်ရာ ကျေးရွာများသို့ ကျရောက်လာခြင်းကြောင့် ဒေသခံကျေးရွာများ ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ဒေသခံများ ပြောကြားအရ သိရသည်။