Headlines

ထားဝယ်တွင်ကွမ်းသီးစျေးကွက်ပျက်လာ၍ ကွမ်းသီးစိုက်ပျိုးသူများ အခက်တွေ့

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၅) ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ယခုနှစ်အတွင်း ကွမ်းသီး ဝယ်ယူသူရှားပါးလာခြင်းကြောင့် ကွမ်းသီးစျေးနှုန်းကျဆင်းကာ ကွမ်းသီးစျေးကွက် ပျက်လာနေကြောင်း ကွမ်းသီး လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရှိရသည်။

ထားဝယ်မြို့ပေါ်တွင် စစ်အာဏာမသိမ်းခင် ကာလက ကွမ်းသီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်ငွေ (၆၅၀၀) အထိ ပေါက်စျေးရှိခဲ့ပြီး ယခုနှစ်အတွင်း ကာလပေါက်စျေးမှာ ကျပ်ငွေ (၂၀၀၀) ကျပ်အထိကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ မှ စတင်ကာ ကွမ်းသီးဝယ်ယူသူများ မရှိသလောက်ရှားပါး လာ သောကြောင့် ကွမ်းသီးစျေးကွက်မှာ ပျောက်ဆုံးနေကြောင်း ကွမ်းခြံ လုပ်ငန်း လုပ်သူတစ်ဦးက ပြောသည်။

“ဦးက ဟိုးနှစ် ၃၀ လောက်ကတည်းက ကွမ်းခြံပဲလုပ်စားလာတာလေ။ အသက်မွေးဝမ်းကြောင်းကလည်း ကွမ်းခြံတခုပဲ လုပ်ကိုင်စားသောက်လာတာ။ အခုက စျေးကလည်းနည်း၊ ဝယ်သူကလည်းမရှိတော့ စားဝတ်နေရေးပါ ခက်ခဲလာတာပေါ့လေ။ ပြီးရင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာတွေ ရှိရင် ကွမ်းသီးတွေ ထားခဲ့ပြီး စစ်ရှောင်ရတာမျိုး၊ ပြေးပုန်းရတာမျိုးတွေလည်း အမြဲတမ်းလိုလိုရှိတယ်။ တခြားအလုပ်လည်း မလုပ်စားတတ်ဘူးလေ။ အခုတော့ ရတဲ့စျေးနဲ့ ရောင်းတော့ ရူံးတယ်၊ မရတဲ့အဆုံး ကွမ်းသီး နုနုလေးတွေကို အမြန်ခူးပြီး ရောင်း၊ ထမင်းစားရယုံ လုပ်ရတာပေါ့။ ပင်ပန်းတာပေါ့” ဟုပြောသည်။

တနင်္သာရီတိုင်းအတွင်း၌ ကွမ်းသီးလုပ်ငန်းကို အများစုလုပ်ကိုင်စကြပြီး ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများသည် စစ်ကောင်စီ ၏ မကြာခဏ ထိုးစစ်ဆင်မှု၊ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာမှုများကြောင့် တခြားသော မြို့နယ်မှ ကွမ်းသီး လာရောက်ဝယ်ယူသူများလည်း နည်းပါးသွားကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

“တခြားနယ်က ကုန်သည်တွေ အရင်က ရွာထဲအထိ ဆင်းပြီး ကွမ်းသီးတွေကို ကားကြီးတွေနဲ့ ကိုယ်တိုင်လာဝယ်ကြတာ ပွဲရုံပိုင်ရှင်တွေလေ။ မြို့ပေါ်အထိကို တက်ရောင်းစရာမလိုဘူး စျေးလည်းကောင်းတယ်။ အခုက ကွမ်းသီးလုပ်လိုက်၊ စစ်ကြောင်းလာရင် ပြေးကြ၊ ရွေ့ကြနဲ့ ဆုံးရူံးမှု လည်းများ စျေးကလည်းနည်းပေါ့” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကွမ်းသီးစျေးကွက်ပျက်စီးလာပြီး ဝယ်သူနည်းပါးလာသောကြောင့် ကွမ်းသီးခြံ လုပ်ငန်းပိုင်ရှင်ဒေသခံပြည်သူများသည် ကွမ်းသီးများကို ရသည့်စျေးနှုန်းများဖြင့် ရောင်းချနေရခြင်းကြောင့် မိသားစု စားဝတ်နေရေး မပြေလည်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ထို့အပြင် ထားဝယ်မြို့ပေါ်တွင်လည်း အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ငရုပ်၊ ကြက်သွန်၊ ဆေး အစရှိသော အခြေခံစားသောက်ကုန်များသည်လည်း ယခင်ထက် စျေးနှုန်းများ အဆမတန် မြင့်တက်လာနေသောကြောင့် ကွမ်းသီးလုပ်ငန်း လုပ်နေသည့် ဒေသခံများအပြင် အခြားသော အသေးစားလုပ်ငန်းများသည်လည်း အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“အရင်က မုန့်ဟင်းခါး တစ်ပွဲ (၃၀၀) ကျပ် အခုက တစ်ပွဲကို (၁၂၀၀) ကျပ်၊ ကြက်ဥ တလုံး ၅၀၀၊ အစစပေါ့အေ စျေးတက်ကုန်တာ” ဟု ထားဝယ်မြိုနေသူ တစ်ဦးကပြောပါသည်။

တနင်္သာရီတိုင်းအတွင်းတွင် တခြားသောဒေသများနည်းတူ တိုက်ပွဲများ နေ့စဥ်လိုလို ဖြစ်ပွားလျှက်ရှိပြီး စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကွမ်းသီး လုပ်ငန်းလုပ်သူများ အပြင် ဒေသခံတောင်သူ လယ်သမားများ၊ အသီးအနှံ စိုက်ပျိုးကြသူများလည်း စျေးကွက်ပျက်မှု ဒဏ်ကို ခက်ခဲစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ဇာဇာမော်