Headlines

စစ်ဘေးရှောင်များနှင့် ပိတ်မိနေသော ကျေးရွာ (၇၀) ခန့်မှ ဒေသခံပြည်သူများ စားနပ်ရိက္ခာ ခက်ခဲနေ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များနှင့် ဂွမြို့နယ်အတွင်းရှိ ပိတ်မိနေသော ကျေးရွာများရှိ ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာခက်ခဲနေကြကြောင်း သိရှိရသည်။
သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွါးခဲ့သဖြင့် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရှောင်တိမ်းလာခဲ့ကြရာ လက်ရှိတွင် ဂွမြို့နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေမှ သောင်းချီ ရှိနေပြီး ပိတ်မိနေသော ကျေးရွာ (၇၀) ခန့်ရှိနေကြောင်း သိရှိရသည်။
“လက်ရှိမှာက ဆန်တအိတ်ကို တသိန်းကျော်ပေးနေရတယ်၊ တချို့ကျွေးရွာတွေမှာဆိုရင် သုံးသိန်းအထိတောင် ပေးနေရတယ်။ အလုပ်အကိုင်ကလည်းမရှိတော့ ဝယ်စားဖို့ ပိုက်ဆံကမရှိ၊ တချို့ဆိုရင် ဆန်းခွဲတောင် စားနေရတယ်၊ ကျွန်တော်တို့က အလှူခံလို့ရတာကို မျှပြီးပေးနေရတယ်။ မလုံလောက်ဘူး၊ ရေရှည်မှာ ပိုပြီးခက်ခဲလာနိုင်တယ်။ နိုင်ငံတကာ အဖွဲ့အစည်းအတွေက ကူညီထောက်ပံ့ဖို့လိုတယ်” ဟု စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသည့် ဂွမြို့နယ်မှ လူငယ်တဦးက ပြောသည်။
ဂွမြို့နယ်အတွင်းရှိ ကျေးရွာသားအများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြခြင်းဖြစ်ရာ စစ်ကောင်စီ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့်ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်ကာ လုပ်ငန်းခွင်များသို့ မသွားရဲဘဲ ဖြစ်နေကြကြောင်း သိရသည်။
“ရွာမှာက မြစ်ကိုဆင်းပြီး အလုပ်လုပ်ကြတာ၊ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေတော့ အလုပ်လဲ မသွားရဲတော့ဘူး။ ဆန်တပြည်ကို တသောင်းကျော်ပေးရတယ်။ ဝယ်မစားနိုင်ဘူး၊ တရက်လေကျရင် ငှက်ပျောသီးတွေ စားနေကြရတယ်” ဟု ပိတ်မိနေသော ကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
ဂွမြို့နယ်အတွင်း၌ တိုက်ပွဲများပြင်းထန်လာသဖြင့် ငွေကြေးတတ်နိုင်သူများမှာ ဧရာဝတီ၊ ရန်ကုန်နှင့် တခြားဒေသများသို့ ရှောင်သွားကြပြီး ငွေကြေးမတတ်နိုင်သော လက်လုပ်လက်စားများမှာ တိုက်ပွဲနှင့် ဝေးရာ ကျေးရွာများနှင့် လယ်တောများတွင် ရှောင်တိမ်းနေကြရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
မြတ်သုနီ