တနင်္သာရီတိုင်းအတွင်က စစ်ရှောင်းစခန်းတခုကို ကျမ အမှတ်မထင်ရောက်သွားခဲ့ပါတယ်။ စစ်ရှောင်စခန်းကို သွားတဲ့အခါ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ ကျမရောက်သွားတဲ့နေ့မှာ မိုးအရမ်းသည်းနေတော့ တကိုယ်လုံး စိုးရွဲနေတယ်။
အဲဒီစစ်ရှောင်စခန်းကို အဝေးကလှမ်းမြင်ရတဲ့ မြင်ကွင်းလေးကတော့ တဲအိမ်လေးတွေ ဆောက်ပြီး လွတ်နေတဲ့မြေကွက်လပ်လေးတွေမှာ “အိမ်နောက်ဖေးစျေးဆိုင်တည်” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ သီးပင်၊ စားပင်တွေလည်း နေရာအပြည့် စိုက်ထားကြတယ်။
စစ်ရှောင်စခန်းရဲ့ တနေရာကိုရောက်မှာ ပထမဆုံး မြင်လိုက်ရတဲ့မြင်ကွင်းက အမျိုးသမီးတဦးဟာ တဲအိမ်လေးရဲ့အရှေ့၀ရံတာမှာ အနာဂတ်မဲ့နေတဲ့ ပုံစံမျိုးနဲ့ ငေးမှိုင်စွာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။
ကျမဟာ စစ်ရှောင်စခန်းထဲက တာဝန်ရှိသူတွေနဲ့အတူ စခန်းတွင်း လည်ပတ်ရင်း စစ်ဘေးရှောင်တွေ အကြောင်း မေးကြည့်မိပါတယ်။ စောစောက တွေ့ခဲ့တဲ့ အမျိုးသမီးအကြောင်းကို စိတ်ဝင်စားစွာနဲ့ မေးမြန်းကြည့်ခဲ့ပါတယ်။ သူမဟာ အသက် (၄၀) ကျော် ကလေး (၄) ယောက် မိခင်ဖြစ်ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူဟာ မကြာသေးခင်က တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း စိတ်မကောင်းစွာ သိရှိခဲ့ရတယ်။
ကျမဟာ သူမဆီသို့ သွားခဲ့ပြီး သူတို့ မိသားစုရဲ့ အခြေအနေကို မေးမြန်းခဲ့ပါတယ်။ သူမတို့ မိသားစုဟာ တနင်္သာရီတိုင်း၊ မောင်မယ်ရှောင် ကျေးရွာကနေ စစ်ဘေးရှောင်လာသူတွေဖြစ်တယ်။ သူမဟာ မိသားစု စားဝတ်နေရေး၊ သားသမီးတို့ရဲ့ ပညာရေးကို ဖြေရှင်းနိုင်ရန်အတွက် စခန်းမှ ခြေလျင်သွားလျှင် မိနစ် (၃၀) ခန့် ကြာတဲ့ နေရာမှာ ပန်းခင်းစိုက်ပျိုးထားပြီး ငရုပ်ကောင်း အနည်းငယ်ကိုလည်း စိုက်ပျိုးထားကြောင်း ပြောပြခဲ့တယ်။
“နေထိုင်ဖို့ကိုတော့ ရောက်တဲ့နေရာမှာ အဆင်ပြေသလို နေထိုင်လို့ရပေမဲ့ သား၊ သမီးတွေရဲ့ စာရေးသောက်ရေး နဲ့ ပညာရေးအတွက်ကိုတော့ အမြဲပူပန်နေရတယ်။ ဒါကြောင့် ဝင်ငွေလေးရဖို့ စိုက်ပျိုးကြရတာဖြစ်တယ်။ ငရုတ်ကောင်းကိုတော့ သူ့ရာသီအလိုက် လုပ်နိုင်သလောက်လုပ်မယ်။ ငရုတ်ကောင်း လည်း ထွက်သလောက် လေးပေါ့။ တနပ်စာဆိုလည်း တနပ်စာ။ နှစ်နပ်စာဆိုလည်း နှစ်နပ်စာပေါ့။” လို့ သူမ စစ်ရှောင်နေရင်း တတ်နိုင်တဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်ထားပုံကို ပြောပြလာပါတယ်။
တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူကြတွေဟာ မောင်မယ်ရှောင် ဒေသခံတွေ အများစုဖြစ်ကြပြီး ပန်းတလဲ၊ ညောင်းပြင်၊ မောင်းမကန် က ဒေသခံတွေလည်း နေထိုင်ကြပါသေးတယ်။ စစ်ရှောင်မိသားစုတိုင်း စားဝတ်နေရေး အထောက်အကူဖြစ်စေဖို့ ပန်း၊ စပါး နဲ့ အခြား ဟင်းသီးဟင်းရွက် အပင် အနည်းငယ်စီကိုလည်း တနိုင်တပိုင် စိုက်ပျိုးထားကြပါတယ်။
တနင်္သာရီတိုင်းဒေသအတွင်းမှာ ကွမ်းခြံလုပ်ငန်း နှင့် မွေးမြူရေး ရေလုပ်ငန်း ကိုသာ အဓိက ထားလုပ် ကိုင် ဆောင်ရွက်ကြတာပါ။ စိုက်ပျိုးထားတဲ့ အရင်းအနှီးတွေ၊ ကုန်ကျစရိတ်တွေဟာ ပြန်လည်ရရှိလာတဲ့ သီးနှံအထွက်နှုန်းနဲ့ ယှဉ်ရင် မမျှပေမယ့် တနိုင်တပိုင် စိုက်ပျိုးတာကနေ ဝမ်းရေးဖူလုံအောင် လုပ်ဆောင်နေရခြင်း ဖြစ်တယ်။
စစ်ဘေးရှောင်တွေဟာ ထမင်းတလုတ် အတွက် သူတို့မှာ ရှိတဲ့အား၊ ရှိတဲ့အရင်းအနှီးစိုက်ထုတ်ပြီး ဆောင်ရွက်နေကြရတာ ရှိသလို အန္တရာယ်တွေကြားက လုပ်ကိုင်နေကြရင်း အရင်းအနှီးတွေကိုပါ လက်လွတ် ဆုံးရှုံးသွားရသူတွေလည်းများစွာ ရှိနေပါတယ်။ စိုက်ပျိုးသီးနှံ အလုံအလောက်မရရှိတဲ့ အချိန်တွေမှာတော့ အလှူရှင်များကိုသာ စောင့်မျှော် နေကြရတယ်။
“အမြဲတမ်း ရှုံးတယ်။ အရင်နှစ်တွေဆို အားလုံးနီးပါး ရှုံးတယ်။ ကုန်သွားတဲ့ အရင်းအနှီးနဲ့ ပြန်ရတာကတော့ ပြန်တွက်ရင် မကိုက်ဘူးလေ။ တချို့တလေဘဲ ရတယ်။ အလှူရှင်တွေကိုဘဲ မျှော်ကိုးနေမယ်ဆိုရင် သူတို့လည်း ခက်ခဲလာနေပြီ။ အဲ့ဒါကြောင့် လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ရှိရင်လုပ်မယ်။ အငှားရှိရင် အငှားရှာလိုက်ပြီး ဝယ်လို့ရတာ ဝယ်ပေါ့၊ ဒီလိုပဲ ထမင်းတနပ်အတွက် ရှာစားကြရမှာပဲလေနော်” ဟု စခန်းကော်မတီ တာဝန်ခံတဦးက ဆိုပါတယ်။
စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ အလှူရှင်တွေကို အမြဲလိုလို အကူအညီတောင်းနေရတာကြောင့် သိမ်ငယ်ရတာတွေ၊ မျက်နှာငယ်ရတာ၊ စိတ်အားငယ်တာ၊ ရှက်ရွံ့တာတွေကိုလည်း ခံစားလာရတယ်လို့လည်း ဆိုကြပါတယ်။
အသက် ၆၅ ဝန်းကျင်ရှိတဲ့ စစ်ဘေးရှောင် အမျိုးသားတဦးကလည်း “ဝေးလံတဲ့ နေရာတွေမှာ ရရာ အလုပ်ကို လုပ်ချင်ပေမယ့် လမ်းမလျှောက်နိုင်တော့လို့ အနီးအနားမှာပဲ တပိုင် တနိုင်လေး ကိုယ်အိမ်စားဖို့ ရသလောက်လေး ကြိုးစားပြီး စိုက်တယ်၊ မရောင်းရတော့ အိမ်စားပေါ့၊ အလှူရှင်တွေကလည်း နှစ်တွေကြာလာတဲ့အခါ သူတို့လည်း ခက်ခဲကုန်ပြီလေ၊ ဒါကြောင့် ကျနော်တို့လည်း ရသလောက် ရှာလို့ ရသမျှကို ကိုယ့်ဘာသာ ရုန်းကန်ရတာပေါ့” ဟု ဆိုပါတယ်။
သူတို့မိသားစုဟာဆိုရင် စစ်ရှောင်ကာလ (၃) နှစ်ဝန်းကျင် အတွင်း ဆန်ပြတ်လပ်တာကို မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ရင်းနှီးတဲ့ ဘဝတူ စစ်ဘေးရှောင် မိတ်ဆွေတွေဆီမှာ ခေတ္တချေးယူစားသောက်ရပါတယ်။ နေ့စားအငှားလိုက်ရတဲ့အခါ၊ အလှူရှင်တွေက လာရောက်ပံ့ပိုးတဲ့အချိန်တွေမှာ ချေးယူထားတာတွေကို ပြန်ဆပ် လေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တဲ့အထဲ အမေအိုတဦးက “ ကျမတို့ စစ်ဘေးရှောင်လာတာ (၃) နှစ်လောက် ရှိပြီး၊ တောထဲတောင်ထဲ နေရတော့ ပါလာတဲ့ ပိုက်ဆံတွေလည်း ကုန်ပြီး၊ နေ့စဉ် စားသောက်ဖို့အတွက် ပူပင်နေရသလို ထောင်ထဲမှာ ရှိတဲ့ သမီးအတွက်လည်း ထောင်ဝင်စာ မှန်မှန်ပို့နိုင်ဖို့အတွက်လည်း ကြိုးစားနေရသေးတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ စိုက်ပျိုးဖို့ မြေနေရာ ရှိလျှင် စိုက်ပျိုးလုပ်ကိုင်ကြပြီး၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ဝေးတဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်။ တချို့ စစ်ဘေးရှောင်တွေဟာ ဒေသခံတွေရဲ့ မြေကို ငှါးရမ်းပြီး စိုက်ပျိုး လုပ်ကိုင်ကြရပါတယ်။ တချို့နေရာတွေမှာ အဖိုးအခပေးပြီး ငှါးရမ်းကြသလို၊ တချို့ နေရာ တွေမှာလည်း အခမဲ့စိုက်ပျိုးခွင့် ရထားကြပါတယ်။ တချို့ စစ်ဘေးရှောင်တွေဟာ နေရပ်ကိုပြန်ပြီး စိုက်ပျိုးလုပ်ကိုင်ကြသူ တွေလည်း ရှိပါတယ်။
နေရပ်ကို ပြန်လာနေထိုင်လို့မရသေးပေမဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ ခေတ္တပြန်လာကြတာ ဖြစ်တယ်။ ဒီနှစ်မှာတော့ တနသာ်ရီတိုင်းက ကွမ်းခြံလုပ်ငန်းကို ပြန်လာ လုပ်ကိုင်ကြသူတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြရပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ်ကစလို့ တနင်္သာရီဒေသတလျှောက် လူအင်အား များစွာဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ပါတယ်။ ဒါကြောင့် ကွမ်းခြံပိုင်ရှင်တွေဟာ ကွမ်းသီးနုတွေကို ဆွတ်ခူးကာ ရရာ စျေးဖြင့် အမြန်ပြန်ရောင်းချခဲ့ပြီးတ စစ်ဘေးရှောင်ကြရပြန်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးအန္တရာယ်အမျိုးမျိုးကြားက တပိုင်တနိုင် စိုက်ပျိုးကာ မိသားစု စားဝတ်နေရေးအတွက်ဖြေရှင်းရင်း အေးချမ်းစွာ အိမ်ပြန်ရမဲ့နေ့ကို မျှော်လင့်နေကြပါတော့တယ်။
ဇာဇာမော်