Headlines

ရွှေစျေး နှင့် ဒေါ်လာစျေး စျေးနှုန်းများကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းမှာ မြင့်တက်နေဆဲ

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁) ရက်။
၂၀၂၁ စစ်တပ်မှ စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကြာ လာချိန်တွင် မြန်မာပြည်သူများမှာ ကုန်စျေးနှုန်းများ အဆမတန်မြှင့်တက်လာခြင်း၊ စက်သုံးဆီ၊ ဆေးဝါးပြတ်လတ်မှုများ ဖြစ်ပေါ်လာခြင်း ပြည်တွင်းအလုပ်အကိုင် ရှားပါး လာခြင်းများ၊ သဘာ၀ဘေးများကို ရင်ဆိုင်ကြုံတွေ့ နေရကြသည်။
ယခုလက်ရှိအချိန်တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမှာ ယခင်နှစ်များထက် အနည်းဆုံး (၄) ဆ ခန့်မြှင့်တက်သွားခဲ့ ပြီး လုပ်ခ လစာများမှာမူ မြင့်တက်လာခြင်း မရှိသဖြင့် အခြေခံလူတန်းစားများသည် ဝင်ငွေ နှင့် ထွက်ငွေ မမျှတခြင်းများအပြင် ဘေးအန္တရာယ် အမျိုးမျိုးကြောင့် အခက်အခဲမျိုးစုံရင်ဆိုင် တွေ့ကြုံ ခံစားနေရကြသည်။
“ကုန်စျေးနှုန်းကလည်း တက်လာတာပဲ ရှိတယ်။ ဘယ်တော့မှ မကျဘူး။ မီးဖိုချောင်သုံးစားရိတ် နဲ့ လူဦးရေ မိသားစုဦးရေ များရင် ပိုတောင်မလောက်ဘူး ရှေ့ဆက်လည်း ဘာလုပ်ကိုင်စားသောက် ရမှန်းမသိဘူး။ အခုလည်း စစ်မှုထမ်းဥပဒေကလည်း တစ်မျိုး ကလေးတွေ ပေါ်တာဆွဲခံရမှာလည်း ကြောက်ရသေး။ နောက်ပြီး သန်းခေါင်စာရင်းလိုက်ကောက်နေတာလည်း ဒီနေ့ စတယ်လေ။ မြန်မာပြည် လူဖြစ်ရတဲ့ ဘ၀လည်း မသေးပါဘူး””ဟု ပဲခူးတိုင်းနေ အမည်မဖော်လိုသူ အိမ်ထောင်ရှင်မ တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံတွင် မကြာသေးခင်က ရွှေစျေး နှင့် ဒေါ်လာစျေး အပြင် ကုန်စျေးနှုန်းများ အဆမတန် ထိုးတက်သွားပြီး ယခုလ အောက်တိုဘာလ တွင် ရွှေစျေးနှင့် ဒေါ်လာစျေးမှာ ကျဆင်းလာခြင်း ရှိနေပေမယ့် ကုန်စျေးနှုန်းမှာမူ ကျဆင်းလာခြင်းမရှိကြောင်းကို မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။
“ကုန်စျေးနှုန်းက ကျသွားတာ မရှိတော့ဘူး။ ဟင်းသီးဟင်းရွက်တွေဆို ပိုဆိုး လာတာပါ။ တချို့ဆိုင် တွေဆို ရောင်းချင်တဲ့စျေး ရောင်းနေကြတယ် ဒုက္ခ ပေါင်းမြောက် များစွာ နဲ့လှိမ့် ခံနေရတဲ့ တို့သာမန်ပြည်သူတွေပဲ ဟု” သူမက ပြောပါသည်။
တရုတ်နိုင်ငံဗဟိုဘဏ်က ရွှေဝယ်ယူစုဆောင်းမှုတွေကို ဆိုင်းငံ့လိုက်ပြီး မကြာသေးခင်က မြန်မာနိုင်ငံက လုပ်ငန်းရှင်တချို့ကိုလည်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခြင်းကြောင့် ပြည်တွင်းရှိ ရွှေစျေးနှင့် ဒေါ်လာစျေးမှာ အနည်းအငယ် စျေးကျ လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံ နေရာအနှံ့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ခြင်း၊ နယ်မြေမတည်ငြိမ်မှုများကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အချိန်များ ကြန့်ကြာ နေခြင်း များရှိနေသောကြောင့် စျေးကွက်ထဲတွင် ကုန်စည်ဝယ်ယူမှုများ နောက်ကျ ပြီး ပစ္စည်းပြတ်လတ်ခြင်းများကလည်း ကုန်စျေးနှုန်းအပေါ် သက်ရောက်မှု ရှိကြောင်းနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့ကြောင့်လည်း ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လျှက်ရှိနေကြောင်းကို မဲဆောက်ရှိ လုပ်ငန်းရှင် တဦးက သုံးသပ်ပြောဆိုသည်။
“ကျနော်တို့ ပြည်တွင်း၊ ပြည်ပ သယ်ယူပို့ဆောင်ရေးတွေ ခက်ခဲတယ်။ဒါကတော့ ကြာပြီလေ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတာပေါ့။ ပြီးရင်ငွေစျေးတွေကလည်း သိတဲ့အတိုင်းပဲ ကျဆင်းသွားတာ ရစရာမရှိဘူး။ အခုရက်ပိုင်းတော့ စျေးငြိမ်နေတယ်။ ကြားထဲ ရေကြီး လမ်းပြို တောင်ပြိုတာတွေဖြစ်တော့ ကားတွေလည်း လမ်းမှာ ရပ်ထားရတယ်။ တစ်ချို့ကုန်တွေက ပျက်စီးသွားလို့ ပစ်လိုက်ရတာမျိုး။ ဟင်းသီး ဟင်းရွက်ဆို အကြာကြီးထားလို့မရတော့ ပစ်လိုက်တာရတာမျိုး ဆုံးရူံးမှုတွေ များတော့ ကုန်စျေးနှုန်းက တက်သထက် တက်တာပေါ့လေ” ဟု သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ၏ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လွှဲချော်ခြင်းများကြောင့် နိုင်ငံစီးပွားရေးသည် တွင်းထဲကျသထက်ကျလာပြီး ကုန်စျေးနှုန်းများသည်လည်း အဆမတန် မြင့်တက်လျှက်ရှိကာ ဘဏ်လုပ်ငန်းများ လည်း အဆမတန် မြင့်တက်လျှက် ရှိပြီး ငွေကြေးစီးဆင်းမှုများ ကျပ်ငွေတန်ဖိုးကျဆင်းမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ လျှပ်စစ်မီး ပုံမှန် ရရှိမှု မရှိခြင်း စသည့်အချက်များကြောင့် ပြည်သူလူထု အားလုံးကို အကျပ်အတည်းတွင်းထဲသို့ ပိုမိုကျရောက်လာစေကြောင်း စီးပွားရေး လေ့လာသူများက သုံးသပ်ထားကြသည်။
မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် ပြည်တွင်း၊ ပြည်ပ စားသောက်ကုန်နှင့် လူသုံးကုန်များ၊ လုပ်ငန်းသုံးကုန်ကြမ်း များကို ပြည်ပသို့ အဓိက တင်ပို့ရောင်းချနေရပြီး သွင်းကုန်များကို အဓိက အားထားနေရသည့် နိုင်ငံဖြစ်သောကြောင့် ကုန်စျေးနှုန်း တက်နေခြင်းမှာ ပြည်သူများအတွက် အခက်အခဲပေါင်း များစွာ ရင်ဆုံကြုံတွေ့နေရသည့် အခြေအနေပင်ဖြစ်ပါသည်။
ဇာဇာမော်