Headlines

ရခိုင်ပြည်တွင် မြို့နယ် (၅) ခု၌သာ ကျောင်များ ဖွင့်လှစ်သင်ကြားနိုင်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်
စစ်ကောင်စီမှ ရခိုင်ပြည်တွင် အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ စစ်တွေနှင့် မာန်အောင် မြို့နယ်တို့တွင်သာ ကျောင်းများ ဖွင့်လှစ်သင်းကြားနိုင်ပြီး ကျန်မြို့နယ်အချို့တွင် မိဘများမှ ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ကျောင်းဆရာ၊ ဆရာမ ငှါးရမ်းကာ သားသမီးများ စာတတ်မြောက်ရေးအတွက် သင်ကြားနေကြကြောင်း သိရသည်။
အမ်းမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် မြို့ပေါ်နှင့် ကျေးရွာ ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်သော်လည်း ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေ တို့တွင် မြို့ပေါ် ရပ်ကွက်ရှိ ကျောင်းများသာ ဖွင့်လှစ် သင်ကြားနိုင်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
အမ်းမြို့နယ် ဒေသခံ တဦးက “အမ်းမြို့နယ်မှာက လုံး၊ ကဇူးကိုင်း၊ ချင်းကုန်း၊ ပြောင်သေ၊ မဲလက်မောင်နှင့် ဒလက်ချောင်းဖျားရှိ ကျေးရွာတွေမှာ ကျောင်းတွေ မဖွင့်နိုင်ဘူး။ မဖွင့်နိုင်တဲ့ ကျေးရွာတွေမှာက တိုက်ပွဲဖြစ်တာကြောင့်၊ နောက် တချို့ကျေးရွာတွေမှာက ကြောက်လို့ ရွာသားတွေ ရှောင်သွားကြတာရှိတယ်။” ဟု ပြောသည်။
တောင်ကုတ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများသာ ဖွင့်လှစ်သင်ကြားနိုင်ပြီး အချို့သော မိသားစုများမှာ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ကျေးရွာများသို့ ရှောင်တိမ်းသွားကြကြောင်း သိရသည်။
“တချို့မိသားစုတွေဆိုရင် တိုက်ပွဲဖြစ်မှာ ကြောက်လို့ ရွာကို ရှောင်သွားကြတယ်၊ တချို့ တွေဆိုရင် ကလေးတွေကို ကျောင်းထားဖို့ မြို့ကို ပြန်လာကြတာရှိတယ်။ ကျမကတို့ကတော့ မရှောင်တော့ဘူး၊ သမီးကို ကျောင်းတက်ခိုင်းထားတယ်။ တိုက်ပွဲဖြစ်တဲ့အခါဘဲ ရှောင်တော့မယ်။ ” ဟု တောင်ကုတ်မြို့ မှ ကျောင်းသား မိဘတဦး ပြောသည်။
မာန်အောင်မြို့နယ်တွင် တမြို့နယ်လုံး၌ ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်သော်လည်း သင်ထောက်ကူ ပစ္စည်းများ ဝယ်ယူရရှိမှု ခက်ခဲနေကြောင်း သိရသည်။
“ကျောင်းအားလုံးကတော့ ဖွင့်ထားတယ်၊ ပုံမှန်တက်နေကြတယ်။ သင်ထောက်ကူပစ္စည်းတွေက ကုန်တင် စက်လှေရောက်လို့ ရှိရင် ပိုက်ဆံရှိတဲ့သူတွေက အများဝယ်ယူထားလိုက်တော့ ပိုက်ဆံ မရှိတဲ့ သူတွေမှာ လိုအပ်တဲ့အခါ ဝယ်မရတော့ဘူး၊ စက်လှေ ထပ်ရောက်တဲ့အခါမှ စောင့်ပြီး ဝယ်ရတယ်။” ဟု မာန်အောင်မှ ကျောင်းဆရာ တဦးက ပြောသည်။
ရခိုင်ပြည်တွင် စကစ ပညာရေး စနစ်အောက်တွင် လည်ပတ်လျှက်ရှိသော မြို့နှင့် ကျေးရွာများတွင် မိဘများမှ သား၊ သမီးများ၏ ပညာရေး၊ စာတတ်မြောက်ရေးအတွက် စုပေါင်း၍ ဆရာ၊ ဆရာမ ငှါးရမ်းက စာသင်ကြားပေးနေကြပြီး အချို့ ဒေသများတွင် ကလေးငယ်များ စာတတ်မြောက်ရေးအတွက် အခမဲ့ သင်ကြားပေးနေကြကြောင်း သိရသည်။
ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ဖြစ်ပွါးခဲ့သော တကျော့ပြန် တိုက်ပွဲဖြစ်များကြောင့် စကစမှ ကုန်စည်စီးဆင်မှုနှင့် လမ်းပန်းဆက်သွယ်ရေးများကို ဖြတ်တောင်း ထားခဲ့သဖြင့် စာရေးကိရိယာများကို အလွယ်တကူ ဝယ်ယူမရှိနိုင်သလို ယခင်က ၅၀၀၀ ခန့်သာ ပေးဝယ်ရသော ဗလာစာအုပ် တစ်ဒါဇင်အား သုံးသောင်းကျပ်အထိ ပေးဝယ်နေရကြောင်း သိရသည်။
မြတ်သုနီ