၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ် (၁၀)မြို့နယ်တွင် ရေကြီးပြီး မြေပြိုကျမှုကြောင့် ပြည်သူ (၁၄၀ )ဦးသေဆုံးပြီး လှုဦးရေ(၁၀၀ )ခန့်က ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။
စက်တင်ဘာ (၁၀ )ရက်နေ့မှစပြီး ရုတ်တရက်ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးခြင်း၊ လူသေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပွားနေလျှက်ရှိကြောင်းသိရသည်။
“သေဆုံးပုံစံ အများဆုံးတွေ့ရတာက ရုတ်တရက် ကျလာတဲ့ တောင်ကျရေနဲ့အတူ မျောပါ သေဆုံးကြရတာ တွေ့ရပါတယ်။” ဟုပအိုဝ်းလူငယ်အစည်းအရုံး PYOမှတာဝန်ရှိသူ မနန်းကပြောသည်။
ထိုအပြင် ရေကြီးပြီး မြေပြိုမှု အတွင်းတွင် ဒေသခံနေအိမ် (၁၀၈၁) လုံး၊ လမ်းတံတား (၁၃) ခုလည်း ပျက်စီးခဲ့ရပြီး ကျေးရွာ (၁၅၀ )ရွာတွင် ရေဘေးသင့်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“သဘာဝဘေးဒဏ်၊ အငတ်ဘေးဒဏ် အဓိကဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းနဲ့ ဆက်စပ်မှုတွေကို သိအောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး၊ နောက်တကြိမ် ဒီလိုမဖြစ်အောင် ဘာလုပ်ကြဖို့ လိုမလဲဆိုတာကို အဖြေရှာပြီး ပြည်သူ အားလုံး ဝိုင်းဝန်ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီအချက်အလက်က PYO ရရှိထားတဲ့အချက်အလက်သာ ဖြစ်တယ်၊ မြေပြင်မှာ ပိုများနိုင်ပါတယ်”ဟု မနန်းက ဆက်ပြောသည်။
ရေကြီးခြင်းကို ရှမ်းတောင်ရှိ လွိင်လင်မြို့၊ ပင်လောင်းမြို့၊ ညောင်ရွှေမြို့၊ တောင်ကြီးမြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ဆီဆိုင်မြို့၊ မိုးဗြဲမြို့၊ ဟိုပုံးမြို့၊မောက်မယ်မြို့ စသည့် မြို့များ၌ မြို့ပေါ်နှင့် ကျေးရွာတို့တွင် ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် ကလောမြို့နယ် တခုတည်းတွင်သာ ရေပြန်ကျနေပြီး ကျန်မြို့နယ်များတွင် ရေများ ကျန်ရှိနေဆဲ ဖြစ်ကာ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်အတွင်းတွင်မူ ရေပြန်မကျသေးပဲ မိုးဆက်ရွာနေခြင်းကြောင့် ပြည်သူများကြောက်ရွံ့နေဆဲ ဖြစ်ကြောင်း ညောင်ရွှေမြို့နယ်၊ အင်းတိန်ရွာမှ ဒေသခံတဦးကပြောသည်။
ယခုသတင်းအချက်များသည် မြေပြင်သတင်းအချက်အလက်များနှင့် သတင်းမီဒီယာအသီးသီး၏ ဖော်ပြချက်များကို အခြေခံထားပြီး သတင်းအချက်အလက်သည် နေ့စဉ်ပြောင်းလဲမှုရှိသောကြောင့် မြေပြင်၏ သတင်းအချက်နှင့် အနည်းအကျဉ်း ကွာဟမှုရှိနိုင်ကြောင်းကိုလည်း ပအိုဝ်းလူငယ်အစည်းအရုံး PYOက ပြောသည်။
ခွန်ပေ