Headlines

ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်) ရွာတွင် ကျေးရွာသားများနှင့် စစ်ရှောင်ရန် ရောက်ရှိလာသော ပြည်သူများ စားနပ်ရိက္ခာခက်ခဲနေကြောင်း သိရ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

ရခိုင်ပြည်၊ ဂွမြိုနယ်၊ ကုလားပြင်(ရတနာမြိုင်) ကျေးရွာအတွင်း ပိတ်မိနေကြသည့် ဒေသခံကျေးရွာသားများနှင့် စစ်ရှောင်ရန် ရောက်ရှိလာသော သံတွဲမြို့နယ် ဂျိတ္တောဘက်မှ စစ်ရှောင်ရန် ရောက်ရှိလာသူများမှ လက်ရှိတွင် ရိက္ခာပြတ်လပ်ပြီး အငတ်ဘေးနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
“ဆန်မရှိဘူး၊ ရောင်းတဲ့သူရှိရင်လဲ ဈေးကအရမ်းကြီးတယ်။ ဆန်တပြည်ကို သောင်းလေးထောင်၊ သောင်းငါးထောင်လောက် ပေးရတယ်။ ဝယ်စရာပိုက်ဆံလဲမရှိ၊ အငတ်လဲမနေနိုင်တော့ ငှက်ပျောသီးစား၊ ကဒက်ဥတူးစားတာပဲ လုပ်နေကြရတယ်” ဟု ဒေသခံတဦးက ပြောပြသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့က ဂွမြိုနယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ တပ်ဆုပ်လာပြီး ဩဂုတ်လ(၁၅) ရက်နေ့က ကုလားပြင်ရွာ၌ အထိုင်ချပြီး တပ်စွဲခဲ့ကြောင်း သိရသည်။
“ပိုက်ဆံလေးနည်းနည်းရှိလို့ အသွားအပြန် ၁၄ မိုင်လောက်ခရီးကို ခြေထောက်နဲ့သွားပြီး ဝယ်ပြန်တော့လဲ စစ်ကောင်စီက ဆန်ကို နိုဆီဗူး ၅ ဗူးထက်ပိုပြီး သယ်ခွင့်ယူခွင့်မပေးဘူး။ ကယ်ပေးကူပေးနိုင်မဲ့သူတွေမရှိကြတော့ဘူးလား” ဟု ဒေသခံတဦးက ပြောသည်။။
စစ်ကောင်စီတပ်စွဲပြီးနောက်ပိုင်းတွင် ဒေသခံရွာသားများနှင့် စစ်ဘေးရှောင်များမှာ ရွာထဲတွင် ပိတ်မိနေခြင်းဖြစ်ပြီး ကုလားပြင်ရွာ တကမ်းရှိ ကန့်ကော်တောင်ရွာတွင်လည်း စက်တင်ဘာ ၄ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့သဖြင့် နောက်ပိုင်းတွက် တိုက်ပွဲများ ပြင်းထန်လာပါက ရိက္ခာပြတ်လတ်မှု ဆိုးဆိုးရွာဖြစ်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်) ရွာတွင် ကျေးရွာသားများနှင့် စစ်ရှောင်များမှာ တစုတည်းတည်းနေထိုင်ခြင်းမျိုးအဟုတ်ဘဲ ပြန့်ကျဲစွာနေထိုင်ကြပြီး လူဦးရေ (၁၀၀) ကျော်ခန့်ရှိနိုင်ကြောင်း ခန့်မှန်ပြောဆိုကြသည်။
ဂွမြို့နယ်တွင် တိုက်ပွဲမဖြစ်သော ‌ ကျေးရွာများတွင်လည်း စစ်ကောင်စီက လမ်းပိတ်ဆိုထားခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာပြီး ရိက္ခာပြတ်လပ်သည့် ဒဏ်ကို ကိုင်းခုံ၊ အထက်ဘဝင်၊ ကန့်ကော်တောင်၊ ကုတိုလေး၊ ရေကျော်၊ သပြုချောင်းကြွေချိုင် စသည့် ကျေးရွာတွင်လည်း ခံစားနေရပြီး အငတ်ဘေးနှင့် ရင်ဆိုင်နိုင်ရဖွယ်ရှိကြောင်း သိရသည်။
ဒေါင်းမြရင်