နိုင်ငံတကာသမိုင်းပညာရှင်တို့က ရခိုင်သမိုင်းကို ဓညဝတီခေတ်(ဘီစီ
၃၃၂၅-အေဒီ၃၂၇)၊ ဝေသာလီခေတ် (အေဒီ ၃၂၇-အေဒီ၈၁၈)၊
လေးမြို့ခေတ်(အေဒီ၈၁၈-အေဒီ၁၄၃၀)၊မြောက်ဦးခေတ်(အေဒီ၁၄၃၀-အေဒီ၁၇၈၄) ဟူ၍
ခေတ်ကြီးလေးခေတ်ဖြင့် ပိုင်းခြားသတ်မှတ်ထားကြသည်။
သမိုင်းခေတ်ကြီးများနှင့်အတူ ဓညဝတီ၊ ဝေသာလီ၊ ပရိန်၊ လောင်းကြက်၊
စမ္ပဝက်၊ နေရဉ္ဇရာ၊ မြောက်ဦး စသည်တို့မှာလည်း ရခိုင်မင်းဆက်တို့
စိုးစံခဲ့သော ရှေးးဟောင်းရခိုင်နန်းမြို့တော်များအဖြစ်ခမ်းနားထယ်ဝါစွာ
ပေါ်ထွန်း ခဲ့ကြ လေ၏။
ရခိုင်နန်းမြို့တော် ရွှေမြောက်ဦးမှာ အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်
မင်းစောမွန်က တည် ထောင်ခဲ့ပြီး၊ နှစ်ပေါင်း ၃၅၅နှစ် တည်တံ့၍၊
ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် ရခိုင်ပဒေသရာဇ်နိုင်ငံ၏
နောက်ဆုံး မြို့တော်ဖြစ်သည်။
မြောက်ဦးမှာ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ၊ ၂၅မိနစ်နှင့်အရှေ့လောက်ဂျီတွဒ်
၉၃ဒီဂရီ ၁၁မိနစ်တို့ဆုံရာ တွင် တည်ရှိပြီး၊အေဒီ၁၄၃၀မှ ၁၇၈၄ ထိ
ရခိုင်မင်းတို့၏ နောက်ဆုံးရာဇဌာနီဖြစ်သည်နှင့်အညီ ဘုရားပုထိုး၊
စေတီပေါင်း မြောက်များစွာနှင့် မြို့ရိုးတံခါး၊ကျူံး၊ ခံတပ်၊နန်းတော်ရာ
စသည့် ရခိုင်သမိုင်းဆိုင်ရာ ယဉ်ကျေးမူ
အမွေအနှစ်များဖြင့်အထွဋ်အထိပ်သို့ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်း
များက ဆိုသည်။
ရခိုင်သမိုင်း၌ မြောက်ဦး အရေးပါပုံကို မြောက်ဦးပြတိုက်မှူးအဖြစ်
ဆောင်ရွက်ခဲ့သူ ရှေးဟောင်း
သုတေသနဦးစီးဌာနညွှန်ကြားရေးမှူး(ငြိမ်း)ဦးကျော်ထွန်းအောင်က”ဓညဝတီ၊ဝေသာလီ၊လေးမြို့ခေတ်ကြီးတွေ
က စီးဆင်းလာတဲ့ရခိုင်ယဉ်ကျေးမူအနုပညာဗိသုကာလက်ရာတွေဟာမြောက်ဦးခေတ်မှာ
လာရောက် ပေါင်းဆုံ ခဲ့ကြတယ်။ ဒီလိုနဲ့ မြို့တော် ဟာ အထင်ကရ
သမိုင်းကြောင်း တွေနဲ့အတူ ယဉ်ကျေးမှု အမွေအနှစ်တွေ၊
အနုလက်ရာတွေနဲ့အစွမ်းကုန်ထွန်းကားခဲ့ရတယ်။ဒါကြောင့်မြောက်ဦးဟာရခိုင်သမိုင်းမှာအသက်တမျှအရေးကြီး
တယ်လို့ ပြောရပါမယ်” ဟု ပြောသည်။
မြောက်ဦးခေတ်၏ ရွှေရောင်လွှမ်းသည့်၁၆ရာစုနှင့် ၁၇ရာစု ကာလများသည်
အင်္ဂလန်နိုင်ငံ ကျူဒါမင်းဆက်၊ အိန္ဒိယနိုင်ငံ မဂိုမင်းဆက်၊ ထိုင်းနိုင်ငံ
အယုဒ္ဓယမင်းဆက်၊ မြန်မာနိုင်ငံ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ မင်းဆက် တို့
နှင့်ခေတ်ပြိုင်ဖြစ်ခဲ့သည်ဟုလည်း သမိုင်းအထောက်အထားနှင့်တကွ သူက
ရှင်းပြခဲ့သည်။
သို့သော်နောက်ပိုင်းကာလများတွင်မြောက်ဦးယဉ်ကျေးမှုထိန်းသိမ်းမှုမှာ
ဥပေက္ခာပြုခံရ၍ အဆိုးရွားဆုံး အနေ အထားသို့ ရောက်ခဲ့သဖြင့်၂၀၁၂ခုနှစ်
လွန်ခဲ့သော ၂၀၁၂ခုနှစ်၊ မေလ၃ရက်နေ့က ကမ္ဘာ့အမွေ အနှစ်များ ရန်ပုံငွေအဖွဲ့
(Global Heritage Fund)မှ ထုတ်ပြန်သောအစီရင်ခံစာတွင် မြောက်ဦးမြို့ကို
အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ
အမွေအနှစ် ၁၀ခု စာရင်း၌ ထည့်သွင်း ခဲ့သည်အထိပင်ဖြစ်ခဲ့ရလေသည်။
Global Heritage Fund ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့က
ဖေါ်ပြသည့်အာရှတိုက်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ခုမှာ
ထိုင်းနိုင်ငံက အယုဒ္ဓယ၊ ဖိလစ်ပိုင်နိုင်ငံက စန်တီယေဂို ခံတပ်ဟောင်း(Fort
Santiago and Intramuros)၊ တရုတ်နိုင်ငံက ပိုးလမ်းမမြို့တော် ကတ်ရှ်ဂါ
မြို့ဟောင်း(Kashgar )၊ ဘင်္ဂလာဒေ့ရှ်က ရှေးဟောင်း မြို့ပြ Mahasthangarh၊
မြန်မာက မြောက်ဦး၊ အာဖဂန်နစ္စတန် က ရှေးဟောင်း Mes Aynak
ဘုန်းတော်ကြီးကျောင်း၊ လာအိုက Plain of Jars ၊ ကမ္ဘောဒီယား က ပရိချ်
ဝိဟာရ(Preah Vihear) ၊ အိန္ဒိယက အရှည်ဆုံးနဲ့ ရှေးအကျဆုံး အိန္ဒု
အမွေအနှစ် ရက္ခိဂရိ (Rakhigari ) နှင့် ပါကစ္စတန် က ရှေးဟောင်း တစီလာ
လမ်းဆုံ(Taxila)တို့ ဖြစ်ကြသည်။
အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ စီးပွားရေးလုပ်ငန်းများ
ကျယ်ပြန့်ထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း၊
ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွား
လုပ်ငန်းများကျယ်ပြန့်လာခြင်းတို့ကြောင့်ပျက်စီးပျောက်ကွယ်မည့်ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရ
သည့်စိုးရိမ် ဘွယ်ရာ နေရာများအဖြစ်ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်းလည်း
အဆိုပါ အစီရင်ခံစာ၌ထည့်သွင်း ဖော်ပြ ထားသည်။
“မြောက်ဦး ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းမှုညံ့ဖျင်းလို့
GHFကအာရှတိုက်ရဲ့စိုးရိမ်ဖွယ်ရာ ၁၀ နေရာ စာရင်းမှာ
မြောက်ဦးကိုမနှစ်ကထည့်သွင်းခဲ့တာဖြစ်တယ်။မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာArchaeological
Zone(ရှေးဟောင်းသုတေသနနယ်မြေ)၊ Monumental
Zone(ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးနယ်မြေ)၊
ProtectiveZone(ရှေးဟောင်းပစ္စည်းအကာအကွယ်ပေးထားရာနယ်မြေ) ဆိုပြီးတော့
နယ်မြေ သုံးမျိုးရှိတယ်။ အဲဒီဇုန်သုံးမျိုးလုံးထိန်းသိမ်းမှုနဲ့ပတ်သက်လို့
ဒီကနေ့ထိ ထင်သာမြင်သာတဲ့ တိုးတက်မှု ဘာမှ မတွေ့ရသေးဘူး။
ဒီလိုသာနာမည်ပျက်စာရင်းမှာပဲ ဆက်ပါနေရင် နောက်ဆုံးမှာ မြောက်ဦးဟာ
ကမ္ဘာ့အမွေအနှစ် စာရင်းက တောင်မ ှပယ်ဖျက်ခြင်းခံရနိုင်တယ်”ဟု
ဦးကျော်ထွန်းအောင်က သတိပေး ပြောဆိုသည်။
မြောက်ဦးမြို့တော် နာမည်ပျက် စာရင်းတွင် ပါဝင်နေခြင်းမှာ ယဉ်ကျေးမှု
နယ်မြေအတွင်း ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ခြင်း၊ ဟိုတယ်များ
ဆောက်လုပ်ခြင်း၊သက်ဆိုင်ရာဌာနက အမွေအနှစ်များ ထိန်းသိမ်းမှု အားနည်းခြင်း၊
ရှေးဟောင်းဘုရား စေတီ ပုထိုးများကို ပြုပြင်ရာ၌ ရှေးဟောင်း သုတေသန
နည်းစနစ်နှင့် မညီခြင်း စသည်တို့ကြောင့် ဖြစ်ရကြောင်းလည်း သူက
ဆက်ပြောခဲ့သည်။
“ရထားလမ်းစဖောက်တဲ့အခါသက်ဆိုင်သူတွေကိုရှေးးဟောင်းသုတေသနနယ်မြေရှောင်ကွင်းပြီးဖောက်လုပ်ဖို့
ကျနော်တို့တောင်းဆိုခဲ့သေးတယ်။ ဒါပေမဲ့ရှေးဟောင်းမြို့ရိုးတွေ၊ တံခါးတွေ၊
ကျူံးတွေကို ဖြတ်ပြီးတော့ တမင် ဖောက်လုပ် ခဲ့ကြတယ်။ ဓညဝတီ
မြို့တော်ဟောင်းမှာဆိုရင် မူလ လာရာလမ်းအတိုင်း တည့်တည့်ဖြတ် ရင်
ခရီးတိုပြီး ကုန်ကျစရိတ် သက်သာပေမယ့် မြို့တော်ဟောင်းရဲ့ အလယ်တည့်တည့်ကို
ဖြတ်ဖောက်ကြတယ်။
ဝေသာလီမြို့ဟောင်း ဆိုရင်လည်း ရှောင်းကွင်း ဖောက်လုပ်ရင် ဇုန်နယ်က
လွတ်မှန်းသိရဲ့နဲ့ မြို့ရိုးတွေကိုပါ
ဖြတ်ပြီးရှေးဟောင်းနယ်မြေထဲရထားလမ်းဖောက်ခဲ့ကြတယ်”ဟုဦးကျော်ထွန်းအောင်ကဆိုသည်။
ဤသည်မှာလည်းအမှန်ပင်ဖြစ်၏။ သမိုင်းအရ ဗိဿနိုး၊ဟန်လင်းတို့
နှင့်ခေတ်ပြိုင်ဖြစ်သည့်ရခိုင်ဝေသာလီ နှင့် ယင်းခေတ်များထက်ရှေးကျ၍
တူးဖော်တွေ့ရှိပြီးဖြစ်သည့် ဓညဝတီမြို့တော်ဟောင်းတို့ကို ဖြတ်လျက်
မီးရထား ဝန်ကြီးဌာနက၂၀၁၀ခုနှစ်မှစ၍ မင်းဘူး၊ အမ်း၊ စစ်တွေ
ရထားလမ်းဖောက်လုပ်ခဲ့ကြသည်။
ထို့ပြင်ရှေးဟောင်းနယ်မြေထဲ၌ဟိုတယ်နှင့်လူနေအဆောက်အဦးများမဆောက်လုပ်ရန်
ရှေးဟောင်း သုတေသန
ဌာနမှတားမြစ်ထားသည့်ကြားမှပင်ဇုန်နယ်အတွင်းအဆောက်အဦးများကိုပြောင်ပြောင်
တင်းတင်း ဆောက်လုပ် နေကြဆဲဖြစ်သည်။
ဟိုတယ်နှင့်လူနေအိမ်များဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ မြောက်ဦးမြို့ခံ
ကိုသီဟက “ရှေး/သူ့က နယ်မြေထဲအဆောက်အဦးမဆောက်ရဆိုပေမဲ့ ဟိုတယ်တွေကို
ဒီကနေ့အထိ ဆောက်လုပ်နေဆဲဖြစ်သလို၊ ရတနာပုံစေတီနားမှာလည်းခုထိ
ဆောက်လက်စအိမ်ခြောက်လုံးရှိနေသေးတယ်ဗျ”ဟုရှင်းပြသည်။
ဆက်လက်၍သူက “မြောက်ဦးကိုလာတဲ့ နိုင်ငံခြားသားတွေမှာရခိုင့် ရှေးဟောင်း
ယဉ်ကျေးမှု အမွေ အနှစ် တွေကို လေ့လာလိုက်စားသူတွေများတယ်။ တကယ်လို့
ဇုန်ထဲမှာ ဟိုတယ်ကြီးတွေက နေရာယူထားရင် ရှေးဟောင်း အသွင်သဏ္ဍာန်တွေ
ပျက်စီးသွားပြီးတော့ ခရီးသွားလုပ်ငန်းလည်း ကျရှုံး သွားလိမ့်မယ်။ ဇုန်နယ်
လွတ်တဲ့နေရာမှာ ဟိုတယ်ဆောက်လုပ်မယ် ဆိုရင် သူတို့ရဲ့ရေရှည်
အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်သလို
တစ်ဖက်မှာရခိုင်ယဉ်ကျေးမှုလည်းပျက်စီးမှာမဟုတ်ဘူး”ဟုအကြံပြုခဲ့သည်။
“သဇင်ပန်းခိုင် တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း” စာချိုးနှင့်အညီ
မြောက်ဦး ယဉ်ကျေးမှုဒေသတွင် ဗုဒ္ဒရုပ်ပွား
တော် အများဆုံး ဖူးမြင်ကြရပြီး ကျောက်ဆင်းတု အများစုမှာ
ကျိုးပဲ့ပျက်စီးကာမြင်မကောင်းရှုမကောင်းလောက် အောင်ပင်
ခြုံနွယ်များပိမ်းပိတ်
ဖုံးလွှမ်းနေကြသဖြင့်ခုတ်ထွင်ရှင်းလင်းလျှက်ဖူးတွေ့ခဲ့ရသည်။
မြောက်ဦးမြို့အရှေ့ဘက်၃မိုင်ခန့်အကွာရှိရွာဟောင်းတောကျေးရွာမှ
ခြုံရှင်း၍ ဆင်းတုတော်များလိုက်လံ ပြသ သည့် ရွာသားတစ်ဦးကမူ “ဒီနယ်မြေဟာ
ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ရှိနေပေမဲ့ ခြုံစီးနေတဲ့
ဘုရားရုပ်ထုတွေရာနဲ့ချီပြီးတော့ရှိနေတယ်။မြောက်ဦးတစ်မြို့နယ်လုံးမှာ
ကျိုးပဲ့ပျက်စီးနေတဲ့ ဘုရားဆင်းတုတွေ ရေတွက်မရအောင်ကို ရှိနေတယ်။ ဒါပေမဲ့
ရှေးဟောင်း သုတေသနဌာနက တစ်ခါမှ လာကြည့်တာ မတွေ့ရဘူး။
အနီးအနားမှာရှိတဲ့ရွာသားတွေကပဲနိုင်သလောက်ရှင်းလင်းပေးနေရတယ်”ဟုအားမလိုအားမရဆိုသည်။
ထို့ပြင်မြောက်ဦးမြို့ပေါ်ရှိနန်းတော်ရာ၊ထုက္ကန်သိမ်၊လေးမျက်နှာ
သိမ်တော်ကြီး၊ ကိုးသောင်း၊ လောင်ပွန်းပြောက် စသည့် အထင်ကရ ရှေးးဟောင်း
ဘုရား ပုထိုးများကိုပင်လျင် လုံလောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း
မရှိကြောင်းတွေ့ခဲ့ရသည်။
သာဓကအားဖြင့် ရခိုင်လူမျိုးတို့အတွက် အသက်တမျှ တန်ဖိုးထားရသည့်
နန်းတော်ရာမှာလည်း
မြေကျင်းများတူးကာ၊ခြုံနွယ်မြက်ပင်များဖုံးလွှမ်းနေပြီး၊အေဒီ-၁၅၃၅ခုနှစ်ကရခိုင်ဘုရင်မင်းဗာကြီးတည်ခဲ့သည့်
သျှစ်သောင်းပုထိုး တော်ကြီး၏ ဂူနံရံများ
အက်ကွဲလျက်ခေါင်းမိုးမှမိုးရေများစိမ့်ကျနေသည်။အေဒီ-၁၅၅၃ခုနှစ်က
ဘုရင်မင်းတိက္ခာတည်ခဲ့သည့်ကိုးသောင်းပုထိုးတော်ကြီးမှလည်းအမိုးအကာမရှိဘဲပျက်စီးမှုများမှာအဆိုးဆုံးအနေအထားနှင့်ရင်ဆိုင်နေရသလို၊အေဒီ-၁၅၂၅ခုနှစ်
မင်းခေါင်ရာဇာတည်ထားသည့် လောင်ပွန်းပြောက်စေတီ၏ တံတိုင်း ပတ်လည်ရှိ
ရှေးခေတ်လက်ရာ ရောင်စုံအုတ်ချပ်များမှာလည်း ယခုအခါ
လုံးဝကွယ်ပျောက်လုနီးပါး ဖြစ်နေကို စိတ်ပျက်ဘွယ်ရာတွေ့မြင်ခဲ့ရသည်။
ပျက်စီးချင်တိုင်းပျက်စီးနေသည့်လက်ရှိမြောက်ဦးယဉ်ကျေးမှုအပေါ်ဦးကျော်ထွန်းအောင်က“မြောက်ဦးအမွေ
အနှစ်ထိန်းသိမ်းရေးကအဆိုးဆုံးအနေအထားမှာရှိနေတယ်။မြောက်ဦးယဉ်ကျေးမှုဇုံနယ်ကို
တမင်ရည်ရွယ်ချက်
ရှိရှိနဲ့စနစ်တကျဖျက်ဆီးနေတယ်လို့တောင်ယူဆမိတယ်။အထူးသဖြင့်မြောက်ဦးရှေးဟောင်းသုတေသန
ဦးစီး ဌာနအနေနဲ့သတ်မှတ်ထားတဲ့စည်းမျဉ်းဥပဒေတွေနဲ့အညီ
ကိုင်တွယ်ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတာတွေ့ရ တယ်”ဟု
ရှုမြင်သုံးသပ်ခဲ့သည်။
မြောက်ဦးရှေးဟောင်းသုတေသနဌာနမှဝန်ထမ်းတစ်ဦးကမူ
၎င်းတို့ဌာနတွင်ဝန်ထမ်းအင်အားနည်းပါးခြင်းနှင့်
ပြုပြင်ထိန်းသိမ်းစရိတ်မလုံလောက်မှုကြောင့်ဟုဆိုသည်။
လက်ရှိ မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနခွဲ လက်အောက်၌
မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့
ကိုထားရှိ၍ဝန်ထမ်းစုစုပေါင်း၂၉ဦးသာရှိသည်ကိုတွေ့ခဲ့ရသဖြင့်အဆိုပါဝန်ထမ်း၏ထင်မြင်ယူဆချက်မှာလည်း
မှားသည်ဟုမဆိုသာ။
သို့ရာတွင် မြောက်ဦးမြို့ခံစာရေးဆရာ နောင်အေးက
ပြုပြင်မွမ်းမံမှုပိုင်းတွင် ဌာနအင်အားနည်းသည်သာမက
ဥပဒေနှင့်အညီထိန်းသိမ်းကာကွယ်
စောင့်ရှောက်မှုပိုင်းတွင်လည်းလိုအပ်ချက်များစွာရှိနေသည်ဟုဆိုသည်။
“ရှေးဟောင်းနယ်မြေမပျက်စီးရအောင် ပြဌာန်းထားတဲ့ဥပဒေနဲ့အညီ မကိုင်တွယ်ဘဲ
လျစ်လျူရှုထား တာရှိနေ တယ်။ဥပမာ ကားလမ်း၊ ရထားလမ်း ဖောက်တဲ့ကိစ္စတွေ၊
နယ်မြေထဲမှာ အဆောက်အဦး အသစ်တွေ ဝင်ဆောက်တဲ့ ကိစ္စတွေကို
ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဘုရားဂေါပကတွေက ဘုရားတွေကို မွမ်းမံမှုပြု
လုပ်ရာမှာလည်းရှေးဟောင်းသုတေသနနည်းစနစ်တွေနဲ့အညီ
မူလလက်ရာမပျက်အောင်လုပ်ဆောင်ခိုင်းတာမျိုး
မရှိခဲ့ဘူး”ဟုဆရာနောင်အေးကထောက်ပြသည်။
မည်သို့ဆိုစေ “ရခိုင်လူမျိုးတို့၏ အသည်းနှလုံး”ဟု တင်စားထားသည့်
မြောက်ဦး ရှေးဟောင်းမြို့တော်၏
ယဉ်ကျေးမှုအမွေအနှစ်များမှာတစတစမြေခကြွေကျလျက်ရှိနေသည်မှာမျက်မြင်ဒိဋ္ဌပင်ဖြစ်လေသည်။
လူမျိုး တစ်မျိုး၏အသက်ဝိဉာဉ်တမျှအရေးပါလှသည့်အမျိုးသားရေးဂုဏ်အင်လက္ခဏာစောင့်ထိန်းရေးကိုတာဝန်မဲ့စွာ
မျက်ကွယ်ပြုလိုက်ခြင်းမှာ ထိုလူမျိုး၏အသည်းနှလုံးကို တစ်စစီ
ဖြည်းဖြည်းချင်း အမှည့်ခြွေနေဘိ သကဲ့သို့ပင် ဖြစ်နေချေတော့သည်။
မြတ်နိုးသာ
Sep 24, 2013