ရက္ခိတတို့၏ ရွှေဂက်စ်စိန်ခေါ်မှု
ရခိုင်သမိုင်းမှတ်တမ်းများအရရှေးဦးရခိုင်လူမျိုးတို့သည်ဘီစီ-၆၀၀၀ခန့်မှစ၍ရခိုင်ပြည်နယ်၊ရမ်းဗြဲကျွန်း၌
အခြေချ နေထိုင်ခဲ့ကြပြီး၊“ရမ္မာဝတီ”မည်သောသမိုင်းတစ်ခေတ်ကိုထူထောင်ခဲ့ကြသည်။“ရခိုင်သမိုင်းအစ၊ရမ္မာဝတီက”ဟုခေါ်တွင်ရလောက်အောင်
သမိုင်းဝင်ဒေသတစ်ခုဖြစ်ခဲ့သည့် “ရမ်းဗြဲကျွန်း”သည် ထိုခေတ်၊ထိုအခါက
မင်းကျင့် တရား ဆယ်ပါးနှင့်အညီအုပ်ချုပ်သော ရခိုင်
မင်းတို့၏အုပ်ချုပ်ရေးကောင်းမွန်မှုကြောင့်ကြက်ပျံမကျ စည်ကားခဲ့
သလို၊လက်ရှိမှာလည်း နိုင်ငံတကာက အာသာရမက် ငန်းငန်းတက်၍ လိုချင်တပ်မက်
နေကြသည့် သဘာ၀ ဓာတ်ငွေ့ သိုက်များ ဖြင့် ကမ္ဘာတလွှားမှာ ထင်ရှားလျက်ပင်
ရှိနေခဲ့ပြန်သည်။
မိုးထိမြင့်မား အမျိုးစောင့်တရားဖြင့် ထင်ရှားသည့်
ရခိုင်တိုင်းရင်းသားတို့မှာ ဘီစီ-ခြောက်ထောင်ခန့်မှစ၍ ရမ္မာဝတီ၊ ဒွါရာဝတီ၊
ပထမဝေသာလီ၊ ဓညဝတီ၊ ဝေသာလီကျောက်လှေကား၊ လေးမြို့၊ မြောက်ဦး စသော
ရှည်လျားလှသည့်သမိုင်းခေတ်ကြီးများကို အဆက်မပြတ်တရစပ်ဖြတ်သန်းရင်း
မိမိတို့မြေနှင့် မိမိတို့လူမျိုးကို အသက်မကချစ်မြတ်နိုးကြသည်။
အမျိုးကိုထိလျှင် မချိအောင်နာတတ်သည့် လူမျိုးဖြစ်သည်။ အမျိုးသီလ၊ နှစ်ဌာန
ကိုစောင့် ရှောက်သည့် ရခိုင်တို့၏ အဇ္ဈတ္တပုံရိပ်များကို ၁၇၈၄ခုနှစ်
ရခိုင်ပြည်၏ အချုပ်အခြာ အာဏာ ကျဆုံးခဲ့ရ သည့်
နောက်ပိုင်းကာလများတွင်အထင်အရှားတွေ့လာခဲ့ရသည်။ အထူးသဖြင့်၂ ၀၁၂ခုနှစ်၊
ဇွန်လရခိုင်ဒေသပဋိပက္ခ အရေးအခင်း၌ ရခိုင်တို့၏အမျိုးသားရေးစိတ်ဓာတ်ကို
ပိုမိုသိသာထင်ရှားစွာ တွေ့မြင် ကြရသည်။
အချုပ်အခြာနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့သည့်ကာလ၌ရခိုင်မြေကိုကာကွယ်ရန်နည်းပေါင်းစုံဖြင့်ရခိုင်တို့တိုက်ပွဲ
ဝင်နေချိန်မှာ နောက်ထပ်ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ပေါ်ပေါက်လာခဲ့ရသည်။ထိုစိန်ခေါ်မှုမှာ
ရွှေဂက်စ် စိန်ခေါ်မှုပင်ဖြစ်၏။အဖိုးအနဂ္ဃထိုက်သည့် “ရွှေဂက်စ်”ကို
တိုင်းတပါးသားတို့က ဌာနေတိုင်းရင်းသားတို့၏ ဆန္ဒ မပါဘဲ ထုတ်ယူ သုံးစွဲမည့်
အမျိုးသားရေးပြဿနာနှင့် ထိပ်တိုက်ရင်ဆိုင် လိုက်ရခြင်းပင် ဖြစ်သည်။
ဖောင်စီးရင်း ရေငတ်ကြသူများ။
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC ကုမ္ပဏီနှင့် မြန်မာအစိုးရတို့၏
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့
သွယ်တန်းမည့် “ကျောက်ဖြူ-ကူမင်းရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း”
သဘောတူစာချုပ်,ချုပ်ဆိုခဲ့သည့်၂၀၀၉ခုနှစ်ကထဲကပင်
ရခိူင်တို့ကသိခဲ့သည်။သို့သော်ထိုစဉ်က တိုင်းရင်းသား
တို့ကိုကြိုးတုပ်ချည်နှောင်၊လှုပ်မရအောင်စီစဉ်ပြီးအင်အားသုံးချေမှုန်းနေခဲ့သည့်စစ်အုပ်ချုပ်ရေးကာလ
ဖြစ်နေ၍ ရခိုင်တိုင်းရင်းသားတို့မှာအားမတန်၍မာန်လျှော့ကာ အံကြိတ်
ငြိမ်ခံနေခဲ့ရခြင်းသာဖြစ်သည်။
စာချုပ်စချုပ်စဉ်ကပင် စီမံကိန်းဆိုင်ရာ စာချုပ်တို့၏ထုံးစံနှင့်အညီ
ပွင့်လင်းမြင်သာမှုမရှိခဲ့သလို၊ ဒေသခံ တို့၏ နစ်နာမှုနှင့်
အကျိုးအမြတ်တို့ကို လျစ်လျူရှုခဲ့ရုံသာမက
ပတ်ဝန်းကျင်ဆိုင်ရာEIA၊SIAစစ်ဆေးမှုရှိမရှိကိုလည်း
ဒေသခံတို့သိခွင့်မရခဲ့ကြ။ယုတ်စွအဆုံး အစိုးရနှင့် ကုမ္ပဏီတို့အကြား
ထားရှိကြသည့် ဒေသဖွံ့ဖြိုးရေးကို
မည်မျှမည်ရွေ့ဆောင်ရွက်မည်ဟူသောကတိကဝတ်သဘောတူညီချက်များကိုပင်ဒေသခံတို့အားသိခွင့်မပေးခဲ့
ကြပေ။
“နိုင်ငံတကာမှာ ဒီလိုဆောင်ရွက်တဲ့အခါ လုပ်ငန်းမစတင်မီ ကတည်းက ဒေသခံတွေရဲ့
နစ်နာချက်တွေကို
ဖြည့်ဆည်းပေးရတယ်။ဒေသဖွံ့ဖြိုးရေးကိုဆောင်ရွက်ပေးရတယ်၊ပြီးတော့မှသူတို့ရဲ့လုပ်ငန်းကိုဆောင်ရွက်တယ်။ဒီမှာဖြစ်နေတာကဒေသဖွံ့ဖြိုးရေးမဆိုထားနဲ့ဒေသခံတွေရဲနစ်နာ
ဆုံးရှုံးမှုတွေကိုလုံးဝလျစ်လျှူရှုထားတယ်” ဟု မြို့ချောင်းတိုက်နယ်၊
ဒေသဖွံ့ဖြိုးရေးကော်မတီဝင် ဦးထွန်းကြွယ်က ဆိုသည်။
စီမံကိန်းစတော့မည်ဆိုသည်နှင့်ပိုက်လိုင်းတည်ဆောက်ရေးအတွက်နှစ်၃၀အသုံးပြုမည့်မြေယာများကိုသြဇာသုံး၍သိမ်းဆည်းခဲ့ကြသည်။ထိုမြေများအတွက်လျော်ကြေးပေးရာတွင်လည်းတစ်နေရာနှင့်တစ်နေရာမတူညီဘဲ
ကွဲပြား နေသည်။ရခိုင်ပြည်နယ်တွင်အမြဲတမ်းသိမ်းမြေတစ်ဧကကို၃သိန်းမှ၂၅သိန်းအထိဈေးအမျိုးမျိုးပေးသည်။
ရှမ်းပြည်နယ်တွင်မြေတစ်ဧကကိုသိန်း၂၀၀ကျော်ထိရကြသည်။ထို့ထက်
တရုတ်နိုင်ငံထဲတွင်သိန်း၃၀၀ကျော်ပေး
သည်ဟုသိရသည်။အခြားပြည်နယ်နှင့်တိုင်းများတွင်ပလပ်မြေအတွက်လျော်ကြေးပေးသော်လည်းရခိုင်တွင်မူ
ပလပ်မြေလျော်ကြေးလုံးဝမပေးရုံသာမကဘိုးစဉ်ဘောင်ဆက်ဓါးမဦးချလုပ်ကိုင်လာခဲ့သောမြေကိုပင်ပိုင်ဆိုင်မှုအထောက်အထားမရှိဟုဆိုကာ
လျော်ကြေး မပေးဘဲ ချန်ထားခဲ့ကြသည်။
လုပ်ငန်းစတင်ချိန်မှာဒေသခံတချို့ကိုအောက်ခြေအလုပ်ကြမ်းသမားများအဖြစ်ပုံမှန်မဟုတ်သောနေ့စား
အလုပ် များသာလုပ်ခွင့်ရပြီး၊၎င်းတို့၏လုပ်ခမှာလည်းတစ်နေ့ကိုမြန်မာငွေကျပ်သုံးထောင်ဝန်းကျင်သာရကြသည်။ရုံးလုပ်ငန်းနှင့်အခြားကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများတွင်
ဝင်ရောက်လုပ်ကိုင်သူ အနည်းငယ်မှာလည်းအဆင့်တူ နိုင်ငံ ခြားသား
အလုပ်သမားများကဲ့သို့ လုပ်ခလစာတန်းတူ မရရှိကြပေ။
ထို့ပြင်မြဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့်ပိုက်လိုင်းလုပ်ငန်းများအနီးတဝိုက်မြစ်ကြောင်းတစ်လျှောက်တွင်ငါးဖမ်း
ခွင့်ပိတ်ပင်ထားခြင်းကြောင့် ရေလုပ်ငန်းဖြင့်အသက်မွေးသူဒေသခံ အများစုမှာ
အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသည်။
အလုပ်အကိုင်ရှားပါး၍ဒေသခံအများစုမှာထိုင်း၊မလေးရှားစသည့်နိုင်ငံများသို့သွားရောက်
အလုပ်လုပ် နေကြရ သည်ကို“ရခိုင်ပြည်နယ်မှာအလုပ်အကိုင်မရှိတော့ပညာတတ်သူရော၊
မတတ် သူပါ အားလုံးအခြားနေရာတွေကို ပြောင်းရွှေ့ပြီး
အလုပ်လုပ်ကိုင်လာကြတယ်။ လူလတ်ပိုင်း အရွယ်အသက်အရွယ်၊ အပိုင်းအခြားတစ်ခုဟာ
လုံးဝပျောက်သွားတယ်”ဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က
သြဂုတ်လ၁၈ရက်နေ့ ရန်ကုန်၊ တောင်ဝင်နှင်းဆီတွင်ပြုလုပ်သည့်
သယံဇာတအကျိုးခံစားခွင့် လက်မှတ်ကောက်ခံခြင်း အခမ်းအနားတွင် ပြော
ကြားခဲ့သည်။
ဓာတ်ငွေ့တိုက်ပွဲစလေပြီ
မြန်မာနိုင်ငံ၌ဒီမိုကရေစီ၏အရိပ်လက္ခဏာကိုမှုန်ရီဝိုးတဝါးမြင်လာရသည့်၂၀၁၁ခုနှစ်အရောက်တွင်
ပြည်တွင်း ပြည်ပရခိုင်အင်အားစုများကရွှေဂက်စ်နှင့်ပတ်သက်၍နိုးထကြိုးပမ်းကြသည်။
သို့သော် ကချင်ပြည်နယ် မြစ်ဆုံ တိုက်ပွဲနှင့်တိုက်ဆိုင်၍
မှေးမှိန်ခဲ့ရသည်။ မြစ်ဆုံအလွန် ကာလ၌လည်း လက်ပံတောင်းတောင်က ခေါင်းထောင်
ထခဲ့၏။ တဆက်တည်းမှာ၂၀၁၂၊ဇွန်လအရေးအခင်းကြီးက ရခိုင်သို့မမျှော်လင့်ဘဲ
ဝုန်းဒိုင်းကြဲ၍ ဝင်ရောက် မွှေနှောက်ခြင်းကိုခံခဲ့ရပြန်သည်။ ပဋိပက္ခကို
ခုတုန်းလုပ်၍ တိုင်းတပါးသားတို့က ရခိုင်တို့၏ဝိဉာဉ် ရွှေဂက်စ်ကို
အမြန်ဆုံးထုတ်ယူနိုင်ရေး အပြင်းအထန်ကြိုးပမ်းကြလေသည်။
ဝရုန်းသုန်းကားကာလထဲမှာပင် ဒေသခံတို့က နောက်ထပ်စစ်မျက်နှာတစ်ခုကို
ဖွင့်ခဲ့ကြရသည်။ ဂက်စ်လုပွဲစစ် မျက်နှာပင်ဖြစ်သည်။ နောက်ဆုံးမှာ
လူဦးရေသုံးထောင်ခန့်သာရှိသည့် မြဒေးကျွန်းမှ ရက္ခိတတို့၏ ဆန္ဒပြမှုကို
နိုင်ငံတကာ မျက်နှာစာတွင် အင်အားကြီးမားသည့် တရုတ်ကုမ္ပဏီCNPC
ခံရလေတော့သည်။
ဧပြီလ၁၈ရက်နေ့က မြဒေးကျွန်းသားတို့၏ သမိုင်းဝင်တိုက်ပွဲဆင်နွှဲခဲ့ပုံကို
“ရွာသားတွေဟာ ပရိန်ရွာ ဘုန်းကြီး ကျောင်းမှာ နေ့လည်
၁၂နာရီမှာဆွေးနွေးပြီးတော့ကျောင်းက ၁နာရီ ၄၅ မှာစထွက်တယ်။ စထွက်ချိန်မှာ
လူ၅၀၀ ဝန်းကျင် ပဲရှိတယ်။ နောက်ပိုင်း၈၀၀လောက်ဖြစ်သွားတယ်။
သူတို့က“CNPCအလိုမရှိ၊ တရုတ်တွေ ကောင်းစားဖို့ ကျနော်တို့ဒေသ
လယ်၊မြေတွေကိုမပေးနိုင်”ဆိုပြီးတော့ကြွေးကြော်ပြီးတော့ CNPCရုံးကို
ချီတက် ခဲ့ကြတယ်။ ညနေ ၃နာရီနီးပါးမှာ တရုတ်ကုမ္ပဏီရုံးရှေ့ကိုရောက်တယ်။
ရုံးရှေ့မှာ နာရီဝက်ကျော်ကျော် ဆန္ဒပြ တောင်းဆို ကြပြီးတော့
ညနေ၃နာရီခွဲလောက်မှာ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြတယ်” ဟု မဒေးကျွန်း ဒေသ
ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ထိုနေ့ညနေပိုင်းတွင်
မီဒီယာများသို့ပြောကြားခဲ့သည်။
အာဏာပိုင်တို့က ခွင့်ပြုချက်မပါဘဲဆန္ဒပြမှုဖြင့်
မြဒေးကျွန်းဆန္ဒပြခေါင်းဆောင် ၁၀ ဦးကိုအရေးယူခဲ့ကြသည်။
ထိုခေါင်းဆောင်များမှာ ကျောက်တန်းရွာမှ
ကိုမျိုးနိုင်၊ကိုမောင်မောင်မြင့်၊ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုမောင်ဆန်းအေး၊
ကိုမောင်မောင်စိုး၊ရွာမရွာမှ ဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊
ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နု၊ ပန်းထိမ်
ဆည်ရွာမှကိုတင်ဦးကျော်တို့ဖြစ်ကြသည်။ ဆန္ဒမပြမီတစ်ရက်အလို
ဧပြီ၁၇ရက်(နှစ်ဆန်းတရက်)နေ့ကCNPCက ဆန္ဒမပြရေး
ဖိအားပေးရန်ကြိုးပမ်းခဲ့သော်လည်း ရခိုင်သားတို့၏ ရဲရင့်ကြံ့ခိုင်သော
ဇွဲသတ္တိကို ဘယ်အရာ ကမျှ ထိန်းချုပ် တားဆီး နိုင်စွမ်းမရှိတော့။
ရွှေဂက်စ်ဖြတ်သော ခရောင်းလမ်း
ဒေသခံတို့၏ မကျေနပ်ချက်များ၊ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရသော်လည်းCNPCကုမ္ပဏီသည်
ရခိုင်မှရွှေဂက်စ်ကို
ယူနမ်ပြည်နယ်၊ကူမင်းသို့ဇူလိုင်၁၅ရက်နေ့တွင်စတင်ပို့လွှတ်ခဲ့ကြသည်။သို့သော်
ဒေသခံတို့က အသာတကြည် ပေးခဲ့ခြင်းတော့မဟုတ်။ နောက်ထပ်
ကြီးမားသောတိုက်စစ်အတွက် အင်အားဖြည့်တင်းရင်း အသေးစား တိုက်ပွဲငယ်များကို
ဆင်နွှဲခဲ့ကြပြန်သည်။
ဂက်စ်တိုက်ပွဲကား မြဒေးကျွန်းငယ်တစ်ခုထဲ၌ တွင်ရပ်မနေဘဲ
အခြားကျေးရွာများသို့ကူးစက်ပြန့်နှံ့သွားခဲ့သည်။
ဇွန်လ၂ရက်နေ့ကကျောက်ဖြူမြို့နယ်မလကျွန်းရွာ၌ရွာပေါင်း ၁၇ရွာ
စုဝေးခဲ့သြသလို၊ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း ကြတ္တိန်ရွာ၌ ကျေးရွာ
၂၃ရွာစုဝေးခဲ့ကြသည်။
ထိုဆွေးနွေးမှုများကဇူလိုင်လ၂၈ရက်နေ့ကကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့၏ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည့်ဒုတိယသမ္မတဦးဉာဏ်ထွန်းရှေ့မှောက်တွင်ဆန္ဒပြရန်ပြင်ဆင်ခဲ့ကြသည်။
ပိုက်လိုင်းပိုက်လိုင်းတလျှောက် မြေယာပြဿနာ ဖြေရှင်းပေး၊ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေး လျှပ်စစ်မီး သွယ်တန်းပေး၊ ရခိုင် တစ်ပြည်နယ်
လုံးလျှပ်စစ်မီးရရှိရေး၊OurGas,OurFuture(ကျွန်ုပ်တို့၏ ဓာတ်ငွေ့မှာ
ကျွနု်ပ်တို့ အနာဂတ်ဖြစ်သည်) ဟူသော
စာတန်းများကိုင်ဆောင်၍တောင်းဆိုရန်ဖြစ်သည်။သို့သော်ရာသီဥတုဆိုးရွားမှုကိုအကြောင်းပြု၍ထိုနေ့အခမ်းအနားကို
ဒုသမ္မတမလာရောက်နိုင်သဖြင့် အစီအစဉ်ပျက်ခဲ့ရသည်။
ထို့နောက် ကျေးရွာအုပ်စု၇စုရှိရွာပေါင်း၂၃ရွာမှကိုယ်စားလှယ်၃၀ဖြင့်“ကျောက်ဖြူ
ကျေးလက် ဒေသဖွံ့ဖြိုးရေး
ကော်မတီ”ကိုဇူလိုင်နောက်ဆုံးပတ်ကဖွဲ့စည်းလိုက်ပြီး၊ယင်းကော်မတီမှဒေသ၏နစ်နာချက်များအား
ဖြည့်ဆည်း
ပေးရန် တောင်းဆိုစာတစ်စောင်ကို CNPCနှင့်အာဏာပိုင်များထံသို့ သြဂုတ်လ၂ရက်
နေ့က ပေးပို့ခဲ့သည်။
တောင်းဆိုစာနှင့်ပတ်သက်၍လိပ်ခမော်ရွာမှကိုမောင်အေးက“CNPCကသိမ်းဆည်းခဲ့တဲ့မြေတချို့အတွက်လျော်ကြေးပေးခဲ့တာမှန်ပါတယ်။
ဒါပေမဲ့ နှစ်ပေါင်းများစွာ ဒါးမဦးချလုပ်ကိုင် လာခဲ့တဲ့ တောင်သူတွေမှာ
အထောက် အထား မပြနိုင်ရုံနဲ့ပဲ
ဘာလျော်ကြေးမှမရခဲ့ကြဘူး။နစ်နာကြေးပေးတဲ့နေရာမှာလည်း ပိုက်လိုင်း
လမ်းကြောင်း အတွက်ပဲ ပေးတယ်။ တကယ်တမ်းဖောက်လုပ်တဲ့အခါ
သတို့သိမ်းမထားတဲ့မြေတွေပါ တစ်ဖက် တစ်ချက် ပေ၅၀ လောက်ပိုက်လိုင်းတလျှောက်
ပျက်စီးသွားခဲ့ရတယ်။ ဒီအပေါ်မှာCNPCက တောင်သူတွေကို
နစ်နာကြေးပေးဖို့ပျက်ကွက်ခဲ့တယ်။နောက်ပြီးနိုင်ငံတကာမှာစီးပွားရေးလုပ်နေကြတဲ့ကုမ္ပဏီတွေဟာသူတို့စီမံကိန်း
မစခင်မှာဘဲ ဒေသ ဖွံ့ဖြိုး ရေးကိုလုပ်ပေးခဲ့ကြတယ်။ ဒီမှာက
တည်ဆောက်ရေးလုပ်ငန်းပြီးလို့ ဂက်စ် တောင် လွှတ်နေပြီ၊ ဒေသ
ဖွံ့ဖြိုးရေးမပြောနဲ့ လျော်ကြေး တောင်ပြည့်ပြည့်စုံစုံမပေးသေးဘူး။
ဒါကြောင့်ဒီလို လှုပ်ရှားမှုမျိုးတွေပေါ်လာခဲ့ရတာ ဖြစ်တယ်” ဟု ရှင်းပြသည်။
အစိုးရဘက်မှဒေသခံတို့၏တောင်းဆိုချက်များအပေါ်တုန့်ပြန်သည့်လက္ခဏာတချို့ကိုပြသခဲ့သည်။လျှပ်စစ်မီး
ရရှိရေးနှင့်နစ်နာချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ကျောက်ဖြူ
ဒေသခံတို့အား ရခိုင်ပြည်နယ်
ဝန်ကြီးချုပ်ဦးလှမောင်တင်ကသြဂုတ်လ၁၅ရက်နေ့တွင်ဂတိပြုပြောကြားခဲ့သလို၊ပိုက်လိုင်းသယ်ပို့ရာမှ
အစိုးရ နေ့စဉ်ရရှိမည့်ဓာတ်ငွေ့ပမာဏကုဗပေသန်း၁၀၀အနက်မှကုဗပေသန်း၂၀ကိုကျောက်ဖြူမြို့၌အသုံးပြုရန်
ခွဲတမ်းချပေးထားကြောင်းလည်း ဇူလိုင်၃၀ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာက
ဖော်ပြခဲ့သည်။
မြဒေးကျွန်းမှသည် တစ်ပြည်နယ်လုံးဆီသို့
မြဒေးကျွန်းပေါ်ရှိ ရွာငယ် လေးရွာမှ ကနဦးစတင်ခဲ့သော ရခိုင်တို့၏
ရွှေဂက်စ်တိုက်ပွဲခေါ်သံမှာ ရွာပေါင်း ၂၀
ကျော်အထိပင်တဖြည်းဖြည်းနှင့်ကျယ်ပြန့်လာခဲ့ပြီ။ သက်ဆိုင်ရာမှ
တောင်းဆိုချက်များကိုလိုက်လျောမှုမရှိသဖြင့်
သြဂုတ်လ၂၃ရက်နေ့တွင်ကျောက်ဖြူမြို့နှမ်းဖဲတောင်ရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပပြုလုပ်သောဒေသခံ၂၄ရွာတို့၏အစည်းအဝေးမှ
အချက်၅ချက်ပါသည့်တောင်းဆိုချက်များကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အာဏာ
ပိုင်တို့ထံထပ်မံ တိုက်တွန်းခဲ့ကြပြန်သည်။
ရက်နှစ်ဆယ်အတွင်းသက်ဆိုင်ရာမှမတုန့်ပြန်ပါက ရွာ၂၄ရွာမှ ရွာသားများ
လမ်းပေါ်ထွက်ဆန္ဒပြတော့မည်ဟုလည်း ဆော်သြထားကြသည်။
တောင်းဆိုချက်များမှာ “ကျေးရွာအားလုံးလျှပ်စစ်မီးရရှိရေး၊
ကျေးရွာအချင်းချင်း ဆက်သွယ်ရေးလမ်းများ
ဖောက်လုပ်ပေးရေး၊ကျေးလက်ဆေးခန်း၊စာသင်ကျောင်းနှင့်ရေတွင်းရေကန်များ
တည်ဆောက် ပြုလုပ် ပေးရေး၊
ပိုက်လိုင်းလမ်းကြောင်းတလျှောက်အသိမ်းခံမြေများအတွက်လျော်ကြေးအပြည့်အဝပေးရေး၊မဒေးကျွန်း
ဆန္ဒပြမှု တွင်ပုဒ်မ၁၈ဖြင့်တရားစွဲဆိုထားသူ၁၀ဦးကိုအမှုမှကွင်းလုံးကျွတ်လွှတ်ပေးရေး”တို့ဖြစ်ကြောင်းကျေးလက်
ဒေသ ဖွံ့ဖြိုးရေးကော်မတီမှ မီဒီယာများသို့ ထုတ်ပြန်ခဲ့သည်။
“ဆန္ဒပြမည်”ဟုသက်ဆိုင်ရာကိုအတိအလင်းစိန်ခေါ်လိုက်ခြင်းအပေါ်ကျောက်ဖြူလူမှုကွန်ယက်မှဦးထွန်းလွင်က
“နိုင်ငံတကာအသိုင်းအဝိုင်းမှာစီးပွားရေးလုပ်တဲ့အခါ ဒေသန္တရဖွံ့ဖြိုးရေးကို
မလွဲမသွေလုပ်ပေးရတယ်ဆိုတာ CNPCလို ကုမ္ပဏီကြီးတစ်ခုက မသိဘဲမနေဘူး။
ဒါပေမယ့် ဒီကိစ္စကို အစိုးရနဲ့ ကုမ္ပဏီကြား ဘယ်လို အပေးအယူ လုပ်ထားတယ်ဆိုတာ
ကွယ်ဝှက်ထားပြီးတော့ ဒေသခံတွေကို အမှောင်ချဖို့ကြိုးစား နေတယ်။ ဒါကြောင့်
ယဉ်ကျေးတဲ့ကျနော်တို့ရခိုင်လူ့အဖွဲ့အစည်းတွေက သိမ်မွေ့ညင်သာစွာတောင်း
ဆိုခဲ့ကြတယ်။ ဒါကို သက်ဆိုင်သူတွေက ဥပေက္ခာပြုနေလေတော့ တစ်ဆင့်ပြီးတစ်ဆင့်
တိုးပြီးလုပ် ဆောင်ရုံကလွဲလို့ အခြားမရှိ တော့ဘူးပေါ့ဗျာ” ဟု
သူ့အမြင်ကိုပြောခဲ့သည်။
တချိန်တည်း၌ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)မှဦးဆောင်၍
သယံဇာတအကျိုးခံစားခွင့်ဆိုင်ရာ ရခိုင်တစ်ပြည်နယ်လုံးမှ
လူထုလက်မှတ်ကောက်ခံခြင်းကို သြဂုတ်လ၁၈ရက်နေ့မှစ၍ ဆောင်ရွက်နေခဲ့သည်။
ရခိုင်ပြည်သူလူထု၏ဆန္ဒနှင့်အညီရသင့်ရထိုက်သောအကျိုးခံစားခွင့်များကိုပြည်နယ်ရန်ပုံငွေသို့
ထိုက်သင့်သည့် အချိုးအတိုင်းခွဲဝေ၍ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအမြန်ဆုံးချမှတ်ဆောင်ရွက်ပေးရန်နှင့်ရွှေသဘာဝဓာတ်ငွေ့မှရရှိသောအကျိုးအမြတ်ဖြင့်ပြည်နယ်တစ်ခုလုံးလျှပ်စစ်မီးရရှိရေးအမြန်ဆောင်ရွက်ပေးရန်တို့ကိုအဓိက
တောင်းဆို ထားသည်။
ရွှေဂက်စ်ကိစ္စတစ်ပြည်လုံးအတိုင်းအတာဖြင့်ဆောင်ရွက်လာရခြင်းနှင့်ပတ်သက်၍RNDPအတွင်းရေးမှူးဖြစ်သူ
ဦးခိုင်ပြည်စိုးက“ရွှေသဘာဝဓာတ်ငွေ့ဟာ ရခိုင့်အမွေ၊ ရခိုင်လူမျိုးတို့ရဲ့
အသက်၊ဝိဉာဉ် ဖြစ်တယ်။
ဓာတ်ငွေ့ကရတဲ့ဝင်ငွေနဲ့အဖက်ဖက်ကနိမ့်ကျနေတဲ့ရခိုင်ပြည်နယ်ကိုနလန်ပြန်ထအောင်လုပ်ရမယ်။ဒါကြောင့်ရွှေဂက်စ်စီမံခွင့်ကို
ကျနော် တို့ပြည်နယ်ကို မဖြစ်မနေ ပေးမှဖြစ်မယ်။ သယံဇာတစီမံခန့်ခွဲခွင့်ကို
ပေးတဲ့အခါ အလွတ်သဘောနှုတ်နဲ့ပေးလို့မရဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဖြည့်စွက်၊ပြင်ဆင်၊ပြဋ္ဌာန်းပြီးတော့ဥပဒေအရပေးဖို့လိုပါတယ်။ဒါတွေမရမချင်းဒီမိုကရေစီကိုသွားနေတယ်၊ဖက်ဒရယ်တည်ဆောက်နေတယ်လို့ဘယ်လောက်ပဲပြောပြော၊အဲဒါအလကားပဲ”ဟု
ရှင်းပြခဲ့သည်။
ရွှေဂက်စ် ဝိဉာဉ်၏ အနာဂတ်ခရီး
လခြမ်းမြေဖွား ရခိုင်တိုင်းရင်းသားတို့က ရွှေဂက်စ်ကို ရခိုင်တို့၏ အသက်၊
ရခိုင်တို့၏ ဝိဉာဉ်၊ ရခိုင်တို့၏ အနာဂတ်ဟု
နှလုံးသွင်းထားကြသည်။မြန်မာနိုင်ငံတွင်ဒုတိယအဆင်းရဲဆုံးပြည်နယ်ဘဝမှလွတ်မြောက်နိုင်ရေး
ရွှေအိမ်မက်ကို ဆောင်ကျဉ်းပေးသူအဖြစ် သတ်မှတ်ထားကြသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂက်စ်စီမံခန့်ခွဲခွင့်ကို
ရခိုင်တို့မဖြစ်မနေ ရမှဖြစ်မည်ဟုလည်းယုံကြည်နေကြသည်။သို့သော် အာဏာရ
ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က လုပ်ပိုင်ခွင့်သုံး၍
စာနာမှုဖြင့်ပေးခြင်းမျိုးကိုမလိုလားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
သယံဇာတစီမံခန့်ခွဲခွင့်ကို ဂုဏ်သိက္ခာရှိရှိလိုချင်ကြသည်။
စစ်အာဏာရှင်ယန္တယားကိုအခွင့်ကောင်းယူ၍ပြည်ပကုမ္ပဏီတို့ကတိုင်းရင်းသားတို့၏သယံဇာတများကိုကာလတစ်ခုအတွင်းလက်ဝါး
ကြီးအုပ် ချုပ်ကိုင်ထားခဲ့သော်လည်း ပွင့်လင်းသည့်အနေအထား သို့ရောက်လာ
သောအခါဌာနေတိုင်းရင်းသားတို့၏ရပိုင်ခွင့်၊စီမံခွင့်တို့အတွက်တန်ပြန်တိုက်စစ်ဆင်မှုကိုမလွဲမသွေခံကြရမည်
ဖြစ်သည်။ ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒကို မျက်ကွယ်ပြုနေသမျှ ၊ နိုင်ငံတကာ
စံချိန်စံညွှန်းနှင့် အညီ မဆောင်ရွက်သမျှ ကာလပတ်လုံး
ရွှေဂက်စ်၏တိုက်ပွဲခေါ်သံများကို စစ်အုပ်စုနှင့်ချုပ်ဆိုခဲ့သော
စာချုပ်များအရ ဆယ်စုနှစ် သုံးစုတိုင်သည်အထိ ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်
ဖြတ်သန်းနေကြ ရဦးမည် သာ။ ။
မြတ်နိုးသာ
Sep 9, 2013