ရခိုင့်အသံ။ Aug 17, 2013
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ညောင်ပင်လှ ကျေးရွာအနီး လက်ပံကုန်းတွင် အုန်းသီးပင်များစိုက်ပျိုးရန်အတွက် အမှတ်(၁) စက်မှု ဝန်ကြီးဌာနမှ သိမ်းယူခဲ့သော စားကျက်မြေနှင့် ဥယျာဉ်ခြံမြေများအား သိမ်းယူပြီးသည့်အချိန်မှ ယခုအချိန်အထိ တစ်စုံတခု အသုံးပြုခြင်း မရှိသည့်အတွက် မြေပိုင်ရှင်များမှ ပြန်လည်ရရှိလိုကြောင်း သိရှိရသည်။
“ကျနော် ကျေးရွာ ဥက္ကဌ လုပ်နေတဲ့ကာလ ၁၉၈၆-၈၇ ခုနှစ်မှာ အမှတ်(၁) စက်မှုဝန်ကြီးဌာနက အုန်းသီးပင်တွေ စိုက်ဖို့အတွက် လက်ပံကုန်းက မြေတွေကို သိမ်းယူခဲ့တယ်၊ သူတို့တွေ ပထမ တစ်ခေါက်လာတယ်၊ ရွာသားတွေက လက်မခံလိုက်ဘူး၊ ဒုတိယ တစ်ခေါက်လာတဲ့အခါ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်ဆိုပြီးပြောလာတဲ့အတွက် လက်ခံလိုက်ကြပါတယ်၊ အဆောက်အဦးတွေဆောက်ကြတယ်၊ ရေကန်တွေဆည်ကြတယ်၊ မကြာခင်မှာဘဲ ၈၈ အရေးအခင်းဖြစ်တော့ ရွာသားတွေက ဒါကို ဆန္ဒပြကြတယ်၊ သူတို့တွေလည်း ထွက်သွားကြတယ်၊ အဆောက်အဦးတွေလည်း မရှိတော့ဘူး၊ ရွာသားတွေကလည်း ကိုယ့်မြေကို ပြန်ပြီး လုပ်စားမယ်ဆိုကာ တောတွေရှင်းကြတယ်၊ ရှင်းထားတဲ့မြေကွက်တွေမှာ မြို့က ဌာနဆိုင်ရာတွေက ရာဘာပင်နှင့် ကြက်ဆူပင် ဆိုပြီး အစိုက်ပြတဲ့ရုံသဘောလာလုပ်ကြတယ်၊ ဒါတွေကလည်း ထိထိရောက် လုပ်တာမဟုတ်ဘူး၊ အဲဒီနောက်ပိုင် သူတို့ ဘာမှ မလုပ်ကြတော့ဘူး၊” ဟု ညောင်ပင်လှ ကျေးရွာမှ ဦးကျော်သာက ပြောသည်။
အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သော လက်ပံကုန်းတွင်မြေမှာ မာန်အောင်မြို့နှင့် ( ၈ ) မိုင်ခန့်အကွာ ညောင်ပင်လှကျေးရွာနှင့် ငတက်ပြင်ကျေးရွာအနီးတွင် ရှိပြီး ဦးရေ (၂၀) ခန့်ပိုင်ဆိုင်သော စားကျက်မြေနှင့် ဥယျာဉ် ခြံမြေ ဧက ( ၁၀၀) ခန့်၊ လယ်မြေဧက ၁၅ ဧကခန့် ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။
“ ကျနော်တို့ ဆီမှာတော့ စာရင်းက အတိအကျမရှိဘူး၊ လယ် ၁၅ ဧကနဲ့ ဥယျာဉ်ခြံမြေက ၁၀၀ လောက်ရှိတယ်လို့ သိရတယ်၊ ဒါတွေကို လက်ရှိကာလအထိ သူတို့တွေ ဘာမှ အသုံးမပြုကြဘူး၊ တစ်ချို့ပိုင်ရှင်တွေကတော့ သူတို့မြေကို ပြန်ပြီး အသုံးပြုနေကြပြီး၊ ကျနော်လည်း ကျနော့်မြေကြီးမှာ လာမယ့်နှစ် သီးပင်တွေ စိုက်တော့မယ်လို့ စဉ်းစားထားတယ်၊ ဒါပေမယ့် ကျနော်က တောရှင်းလို့ စိုက်ပျိုးပြီးခါမှ ပြန်လာသိမ်းမှာကို စိုးရိမ်နေရတယ်၊” ဟု ညောင်ပင်လှ ကျေးရွာမှ ဦးမောင်စံဖြူက ဆိုသည်။
အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သော မြေယာများမှာ ဘိုးဘွားပိုင်မြေများဖြစ်ပြီး လက်ရှိတွင် လယ်မြေများအား ပိုင်ရှင်များမှ လုပ်ကိုင်နေပြီးဖြစ်သည်။ စားကျက်မြေနှင့် ဥယျာဉ်ခြံမြေများအား တစ်ချို့ပိုင်ရှင်များမှ ပြန်လည်း လုပ်ကိုင်နေကြသော်လည်း တစ်ချို့မှာ မလုပ်ကိုင်ဝံ့ဖြစ်နေကြောင်းသိရသည်။
“ အသိမ်းခံရတဲ့ မြေရာတွေမှာ ကျမတို့ မိသားစုက အများဆုံးပါတယ်၊ ဒီမြေတွေက ဘိုးဘွားပိုင်မြေတွေပါ ကျမတို့ အဖေက မောင်နှစ်မ နှစ်ယောက်ကို လုပ်စားဖို့အတွက် တစ်ယောက်ထက်ဝက် ခွဲပေးခဲ့တယ်၊ ကျမတို့လည်း အဲဒီတုန်းက အုပ်ပင် အပင် (၁၀၀) လောက်စိုပျိုးထားပြီးဖြစ်တယ်၊ အခြား သီးပင် စားပင်တွေလည်း စိုက်ပျိုးထားခဲ့တယ်၊ ဒါတွေကို သူတို့က လာသိမ်းတော့ ကျမတို့ ဘာမှ လုပ်စားလို့မရတော့ဘူး၊ အဂုဆိုရင် တောစီးနေပြီး၊ ဘာမှ လည်းသူတို့ အသုံးမပြုကြတော့ဘူး၊ ကျမတို့က ကိုယ့်မြေကို ကိုယ်ပိုင်တယ် မပိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ နှစ်ရှည်သီးပင် စိုက်ပျိုးဖို့အတွက် ရှင်းရှင်းလင်းလင်း သိချင်နေတယ်၊ တကယ်လို့ တောရှင်းပြီး၊ စိုက်ပျိုးထားပြီးမှ ပြန်လာသိမ်းမယ်ဆိုရင် ကျမတို့ လုပ်ထားတာတွေ အလကားဖြစ်ကုန်လိမ့်မယ်” ဟု မြေပိုင်ရှင် တစ်ဦးက ဆိုသည်။
အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူထားခဲ့သော လက်ပံကုန်းမြေများအား လက်ရှိတွင် တစ်စုံတရာ အသုံးပြုခြင်း မရှိသဖြင့် ယင်းမြေယာများမှာ သိမ်းဆည်းခံမြေများအဖြစ် မရှိတော့ကြောင်း၊ သို့တည်းမဟုတ် သိမ်းဆည်ခံမြေများအဖြစ် ရှိနေဆဲဖြစ်ကြောင်းကို ပိုင်ရှင်းများမှ ရှင်းရှင်းလင်းလင်းသိစေရန် နိုင်ငံတော် အစိုးရမှ ဒေသခံပြည်သူများသို့ အသိပေး၊ အကြောင်းကြားရန် လိုအပ်ကြောင်း ဦးကျော်သာက ဆိုသည်။
ယင်းကာလ လက်ပံကုန်းအပါအဝင်၊ ဒိုးတန်းနှင့် ခအုန်းမော်တွင်လည်း အုန်းခြံစိုက်ပျိုးရန် အမှတ် (၁) စက်မှုဝန်ကြီးဌာနက သိမ်းယူခဲ့ရာ လက်ရှိတွင် ဒိုးတန်းနှင့် အုန်းမော် ကျေးရွာမှ ပြည်သူများမှာ မိမိပိုင်မြေရာများကို ပြန်လည် ရရှိထားပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။