Headlines

စာသင်ကျောင်းတိမ်းစောင်းနေ၍ ဘုန်းကြီးကျောင်းတွင် သင်ကြားနေရ

ရခိုင့်အသံ။ Aug 17, 2013
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ ဆားချက်ရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှာ တိမ်းစောင်းနေ၍ လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ(၂၀၀ ကျော်) ခန့်မှာ ရွာရှိ ဘုန်းတော်ကြီးကျောင်းအောက်နှင့် ကျောင်းခြံတွင်းရှိ ဇရပ်များတွင် စာသင်ကြားနေကြရသည်။
ဆားချက်ရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှာ ဟောင်းနွမ်းနေပြီး မိုးရာသီ လေတိုက်နှုန်းဒဏ်ကြောင့် ၂၅ ဒီကရီ တိမ်းစောင်းသွားခဲ့ရာ အဆိုပါ ကျောင်း၌ စာသင်ကြားက ကျောင်းသူ၊ ကျောင်းသားများအတွက် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် အဆင်ပြေသလို စာသင်ကျောင်းအောက်၊ ဘုန်းတော်ကြီးကျောင်းအောင်နှင့် ဇရပ်များတွင် စာသင်ကြားနေရခြင်းဖြစ်သည်။
“ဘုန်းကြီးကျောင်းဝင်းထဲမှာ စာသင်ရတယ်ဆိုတော့ ကျောင်းသူ၊ ကျောင်းသားနဲ့၊ ဆရာ၊ ဆရာမတွေဟာ ဖိနပ်မစီးဘဲ မြေကြီးပေါ်မှာ တနေကုန်နေကြရတယ်၊ မိုးရွာတဲ့အခါမှာလည်း ဘေးက အကါတွေ မရှိတော့ မိုးရေတွေစိုးစွပ်နေတယ်၊” ဟု ဆရာမ တစ်ဦးကဆိုသည်။
ယင်းသို့ စာသင်ကျောင်းတိမ်းစောင်းသွားသဖြင့် ပေ ၁၅၀၊ ၃၀ ရှိ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် နိုင်ငံတော် အစိုးရမှ သိန်း ၅၄၀ ချပေးထားသော်လည်း မြေနေရာအား ရွာသူ၊ ရွာသားများမှ ကုန်ကျခံရမည်ဖြစ်ရာ ရွာသားများအနေဖြင့် ခက်ခဲနေကြောင်းကို ဆားချက်အုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နုက ရှင်းပြသည်။
“ ကျနော်တို့က စာသင်ကျောင်း ပျက်စီးနေတာကို မြို့နယ်ကို တင်ပြတော့ နိုင်ငံတော် အစိုးရက ကျောင်းဆောင်သစ်အတွက် သိန်း ၅၄၀ ချပေးပါတယ်၊ မြေနေရာအတွက် သိန်း (၅၀) ခန့်ကို ရွာသားတွေက ကုန်းကျခံရမှာဖြစ်တယ်၊ ရွာသားတွေကလည်း စီးပွါးရေးက အဆင်မပြေ၊ လက်လုပ်၊ လက်စားတွေဖြစ်တော့ အတင်းအဓမ္မ ကောက်ခံဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး၊ ကျောင်းကိုလည်း သြဂုတ်မှ ဒီဇင်ဘာလ (၅) လ အတွင်းမှာ အပြီးဆောက်ရမှာဖြစ်နေတယ်၊ ကျောင်းကို မဆောက်ပြန်ယင်လည်း ကလေးတွေ စာသင်ရတာ ခက်ခဲနေတယ်၊ ကျောင်းဆောင်ဖြစ်လာဖို့က ရွာသားတွေမှာလည်း အခက်တွေ့နေတယ်” ဟု သူက ရှင်းပြသည်။
ဆားချက်ရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ ကံတိုင်အုပ်စု၊ ပလင်အုပ်စု၊ ကအီးအုပ်စု၊ မကွေအုပ်စုတို့ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ကျောင်းသူ၊ ကျောင်းသား တစ်ရာကျော်ခန့် လာရောက်ကျောင်းတက်နေကြရပြီး အဆိုပါ အုပ်စုရှိ ကျေးရွာများမှာလည်း ဝမ်းရေးအတွက် စပါးစိုက်ပျိုးမှုအနည်းငယ်သာလုပ်ကိုင်ပြီး တစ်ချို့မှ လက်လုပ်၊ လက်စား များသာဖြစ်ကြောင်း သိရသည်။
လက်ရှိဆောင်လုပ်မည့် ကျောင်းဆောင်သစ်မှာလည်း ယင်းကျောင်းရှိ ကျောင်းသားများအတွက် မဆံသာသဖြင့် ထပ်မံတိုးချဲ့ဆောင်လုပ်ရန်လိုအပ်နေသေးကြောင်း၊ သင်ထောက်ကူပစ္စည်းများမှာလည်း အလုံအလောက်မရှိကြောင်းကို ဦးအောင်ကျော်နုကဆက်လက် ရှင်းပြသည်။
ဆားချက်ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ရရှိသည်မှာ ၂ နှစ်ခန့်သာရှိသေးပြီး ယခင်က တွဲကျောင်းအဖြစ် သင်ကြားခဲ့ရာ နှစ်စဉ် နှစ်တိုင်း (၈) တန်းအဆင့်အား ကျောင်းသားဦးရေ (၅၀) ခန့် အောင်မြင်ခဲ့ကြောင်းသိရသည်။ ယင်းအထဲမှ ၇ ဦးခန့်သာ အထက်တန်းအဆင့်ကို ဆက်လက် သင်ယူနိုင်ကြပြီး ကျန်ကျောင်းသူ၊ ကျောင်းသားများမှာ စီးပွါးရေး အဆင်မပြေမှုကြောင့် ပညာကို ဆက်လက် မသင်ယူနိုင်ကြကြောင်း သိရသည်။