Headlines

လက်ရှိ ထွက်ပေါ်နေသော သတင်းများနှင့် နေပူတောင် အနီးတဝိုက်လုံခြုံရေး

ဇူလိုင်လ နောက်ဆုံးအပတ်က တောင်ကုတ်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မိတ်ဆွေတွေနဲ့ လက်ဖက်ရည်သောက်နေခိုက် သတင်းသမားတစ်ဦးက “အမရေ နေပူတောင်မှာ လုံခြုံရေးတွေချထားတယ်၊ ပြည်က သတင်းတပ်ဖွဲ့တွေလည်း ဆင်းလာတယ် လို့ကြားတယ်၊ ဘာအတွက်တော့ မသိရဘူး၊ အမတို့ သတင်းထောက်တွေ သွားကြည့်သင့်တယ်၊ ” ဟု ဆိုလာခဲ့သည်။
စာရေးသူအနေနဲ့ နေပူတောင် တစ်ခေါက်သွားဖို့က မလွယ်လှ၊ ဆိုင်ကယ် ငှားသွားက တစ်သောင်းခွဲလောက်ပေးရအုံ့မည်၊ မိုးကလည်း သည်းထန်းစွာရွာသွန်းနေတဲ့အချိန် မိုင် (၃၀) ခန့်ဝေးတဲ့ခရီးကို ဆိုင်ကယ်ဖြင့် သွားဖို့က မလွယ်လှ၊ မိုးကြီးသည့်အချိန် မည်သူ့ ဆိုင်ကယ်မှ ငှား၍ရမည်မဟုတ်သည့်အတွက် နေပူတောင်သွားမည့်ကိစ္စကို ခေါင်းထဲထည့်မထားခဲ့။
နောက်တစ်နေ့မှာတော့ တောင်ကုတ်ဒေသခံတွေရဲ့ နှုတ်ဖျားမှ “နေပူတောင်” ဟူသော စကားလုံး ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့သည်။ တစ်ချို့က စကားဝိုင်းဖွဲ့ပြောဆိုနေကြသလို၊ တစ်ချို့က စာရေးသူကို တိုက်ရိုက်လာပြောကြသူများလည်း ရှိကြသည်။
“နေပူတောင်မှာ ဗီယက်နမ်းတွေ ရွှေကြောတွေ့တယ်၊ ဂျပန်ခေတ်တုန်းက ရွှေတွေသယ်လာတဲ့ လေယဉ်နှစ်စီး နေပူတောင်မှာ ပျက်ကျတဲ့အတွက် ရွှေတုံးတွေတွေ့တယ်၊” စတဲ့ “နေပူတောင်နှင့် ရွှေ” က ဒေသခံများ နှုတ်ဖျားမှ စကားသံများ ကြားခဲ့ရသည်မှာ တစ်ပတ်ခန့်ကြာခဲ့ပြီးဖြစ်သည်။
တစ်နေ့ တောင်ကုတ်မြို့၏ တနေရာတွင် နေပူတောင်အကြောင်းကို ပြောနေကြစဉ် စလူရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ ကျွန့်နော့်ကို လွန့်ခဲ့တဲ့ အနှစ် (၂၀)ခန့်က အဘ တစ်ယောက်ပြောခဲ့တယ်၊ နေပူတောင်မှာ ဂျပန်ခေတ်တုန်းက ထားခဲ့တဲ့ လေယဉ် (၃) စီးရှိတယ်၊ အဲဒါကို မင်းရှာကြည့်ဆိုပြီးပြောတယ်၊ ဒါပေမယ့် ကျနော်က ကျန်းမာရေးလည်းမကောင်း၊ အဲဒါကိုလည်း စိတ်မဝင်စားခဲ့ဘူး၊ အဂုတော့ အဲဒါတွေ ပေါ်သွားပြီး” ဟုဆိုပြီး စကားစပ်မိရင်း သူက ပြောဆိုခဲ့ပြန်သည်။
ယခုတစ်ကြိမ်တွင် စာရေးသူ၏ စိတ်အား နေပူတောင်သို့ သွားရန် နှိုးဆွလိုက်သည်။ စာရေးသူ သိလိုသည်မှာ “နေပူတောင်တွင် ရွှေကြောတွေ့ခြင်း၊ လေယဉ် အပျက်မှရွှေ့တွေ့ခြင်းသည် ကျောက်ထုတ်လုပ်ခြင်းကြောင့် တွေ့ခြင်းလား၊ နေပူတောင်ကျောက်ထုတ်လုပ်ရေး စီမံကိန်းအား စတင်နေပြီးလား၊ ဒေသခံများအကြား သတင်းများ ပျံ့လွင့်နေမှုကို အတည်ပြုလိုစိတ်၊” စသည့် စာရေးသူ၏ အတွေးစများက နေပူတောင်သို့ သွားရောက်ရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်။
သြဂုတ်လ (၆) ရက်နေ့က စာရေးသူ နေပူတောင်သို့သွားရောက်ခဲ့သည်။ တောင်ကုတ်မှ မိုင်(၃၀) ခန့်အကွာ ရခိုင်ရိုးမ တောင်တန်းပေါ်ရှိ နေပူတောင် (မာဘဲလ်ကျောက်တောင်) သို့သွားရန် လမ်းခွဲ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁၃) သတ္တုတွင်းလုပ်ငန်း၊ အကြီးစားမာဘဲလ် အလှဆင်ကျောက် ထုတ်ရေးလုပ်ငန်း စီးမံကိန်း ဟုရေးထိုးထားသည့် ဆိုင်းဘုတ် အနီးတွင် လုံခြုံရေးယူထားသော စစ်သားများကို စတင်တွေ့ရှိရသည်။
ဒေသခံတစ်ဦးက “ ၆၉ အနားမှာ စစ်တပ်ရင်း သုံခုလောက်တောင် ရှိတယ်လို့ကြားတယ်၊ အဲဒီနားက တောင်ကိုတော့ ဖြတ်သွားလို့မရဘူး၊ ဘာလုပ်နေတယ်ဆိုတာမသိရဘူး၊ ” ဟု ဆိုသည်။
ရခိုင်ရိုးမ လမ်းမပေါ်၌ ရှိသော ပြည်မြို့မှ (၆၉) မိုင်၊ (၄) ဖာလုံအကွာ မိုင်တိုင်အနီးတွင် အိမ်ခြေ (၆) အိမ်ခန့်ရှိသော နေရာ၌ စစ်တပ်မှ လုံခြုံရေးယူထားလျှက်ရှိသည်။
လုံခြုံရေး အရာရှိ တစ်ဦးက “ ဒီနေရာက ကန့်သတ်နယ်မြေဖြစ်တယ်၊ ဘယ်သူ့ကိုမှ သွားခွင့်ပြုလို့မရဘူး၊ ကျွန်နော်တို့လည်း သွားလို့မရဘူး၊ ဘယ်နေရာလဲဆိုတာ လက်ညိုးညွန့်ပြလို့လည်း မရဘူး” ဟု ဆိုသည်။
နေပူတောင်သို့သွားရာလမ်းခွဲ၊ စီမံကိန်းဆိုင်းဘုတ် အနီးတွင် လုံခြုံရေးတာဝန်ရှိသူမှလည်း ၎င်းတို့လုံခြုံရေးယူထားခြင်းသည် မည့်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရှိဟု ပြောဆိုသည်။
လက်ရှိတွင် မာဘဲလ်ကျောက် ထုတ်လုပ်ရေး စီမံကိန်းမှာလည်း လူနေအဆောင် တန်းလျား (၃)ခုအား ဆောက်လက်စ အဆင့်သာရှိနေသေးပြီး အောက်တိုဘာလ တွင်းမှသာ အလုပ်သမားများခေါ်ယူမည်ဟု ဒေသခံ အလုပ်သမားများ ပြောပြချက်အရသိရသည်။
သြဂုတ်လ ၄ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင်လည်း နေပူတောင် အနီးတဝိုက် သုံးမိုင် ပတ်လည်တွင် တောင်ကုတ်မြို့ခံစစ်တပ်နှင့် နေပြည်တော်မှ စစ်တပ်များက လုံခြုံရေး အတွင်းစည်း၊ အပြင်စည်းသတ်မှတ်ပြီး ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ လုံခြုံရေး ယူထားကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်သည် ထုံးကျောက်တောင် မဖြစ်သေးသော မာဘဲလ်ကျောက်များဖြင့် ဖွဲ့စည်းထားသောကြောင့် ယင်းကျောက်များ ရှိသည့်နေရာတွင် ရွှေသတ္တုမရှိကြောင်းကို နေပြည်တော် သတ္တုတွင်း ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးပြောကြားချက်ကိုလည်း အဆိုပါ သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိ စစ်တပ်မှ လုံခြုံရေးယူထားသည့်နေရာနှင့် နေပူတောင် (မာဘဲလ်ကျောက်တောင်) မှာ လက်ဝဲ၊ လက်ယာ တဘက်တခြမ်း သီးခြားစီဖြစ်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးယူထားခြင်းသည် မာဘဲလ်ကျောက်ထုတ်လုပ်ရေး စီမံကိန်းနှင့် မသက်ဆိုင်ဟု စာရေးသူ မှတ်ချက်ပြုမိသည်။
ယခု ထွက်ပေါ်နေသောသတင်းများသည် စစ်တပ်က လုံခြုံရေးယူထားပြီးနောက်ပိုင် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ရာ လက်ရှိ ကာလအထိ သတင်းအမှန် မရရှိနိုင်သေးသဖြင့် အဆိုပါ ထွက်ပေါ်နေသော သတင်းများနှင့် စစ်တပ်လုံခြုံရေး မည်သို့ ဆက်စပ်နေပါလိမ့်ဟု စာရေးသူမှာ အတွေးစ များဖြင့်သာ နေပူတောင်နှင့် ရခိုင်ရိုးမကို ကျောခိုင်း၍သာ ပြန်လာခဲ့ရလေသည်။
မြတ်နိုးသာ
Aug 7, 2013