ရခိုင့်အသံ။ Jul 29, 2013
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သည် မိုးရာသီရောက်တိုင်း မြို့၊
မြို့သားများမှာ မိုးရေကြီးမှုဒဏ်ကို ရင်ဆိုင်နေကြရ ကြောင်းသိရသည်။
မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ တောင်ကုတ်မြို့ပေါ် ချောင်းကောက်ရပ်ကွက်၊
ဂူတာရပ်ကွက်၊ ကံပိုင်ရပ်ကွက်၊ သိမ်းတောင်ရပ်ကွက် ရှိ
မြေနိမ့်ပိုင်းနေရာများတွင် မိုးရေများ ပြည့်လျှံပြီး နေအိမ်များ
ရေနစ်ကာ၊ ကျောင်းသားများလည်း ကျောင်းတက်ရန် ခက်ခဲပြီး ဈေးဆိုင်ခန်း
တစ်ချို့အား ပိတ်ထားကြရသည်။
တောင်ကုတ်မြို့တွင် မိုးရာသီရောက်တိုင်း မိုးရေကြီးရခြင်း
အကြောင်းရင်းနဲ့ ပတ်သက်၍ “ယခင်က မြို့တွင်းမှာ ဖြတ်သန်းစီးဆင်းနေတဲ့
ချောင်းတွေကျယ်တော့ စီးဆင်းလာတဲ့မိုးရေတွေ လွယ်လင့်တကူ
ဖြတ်သန်းစီးဆင်းတော့ ရေတွေ မလျှံကျတော့ဘူး၊ နောက်ပိုင် ပလစတစ်
သုံးစွဲမှုတွေ များလာတယ်၊ မြို့ပေါ်မှာနေတဲ့သူတွေကလည်း အမှိုက်တွေကို
ထင်သလိုစွန့်ပစ်လာကြတော့ ရေမြောင်းတွေ တိမ်ကောလာတယ်၊ မြို့အလယ်က
ချောင်းတဘက်တကမ်းမှနေတဲ့သူတွေက ကျောက်တွေ ထည့်ပြီး
အိမ်ရာအဖြစ်အသုံးပြုလာတဲ့အတွက် ချောင်းတွေ ကျဉ်းသွားတယ်၊
မိုးအဆမတန်ရွာတဲ့အခါ ရေတွေ မစီးဆင်းနိုင်တော့ဘူး၊ အဓိက အားဖြင့် ရေနှုပ်
မြောင်း မကောင်းတဲ့အတွက် မိုးရေတွေ ပြည့်တဲ့ ဒဏ်ကို မိုးရာသီရောက်တိုင်း
ခံနေရတာဖြစ်တယ်၊ ” ဟု တောင်ကုတ်မြို့ရှိ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီမှ အတွင်းအရေးမှူး ဦးဖေကြွယ်မှ သုံးသပ်ပြောဆိုသည်။
မိုးရာသီ ကျရောက်လာရာ ဇူလိုင်လနှင့် သြဂုတ်လများတွင် ကျောင်းသားများ
ကျောင်းတက်ရန် ခက်ခဲသဖြင့် မကြာခဏ ကျောင်းပိတ်နေရကြောင်းကို သိမ်တောင်
အလယ်တန်းကျောင်းခွဲမှ ဆရာဦးတင်မောင်က ရှင်းလင်းပြောဆိုသည်။
“မိုးများတဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ ကျောင်းသားတွေဟာ အမြဲတမ်း
ရေကူးပြီးတော့ ကျောင်းတက်နေရတယ်၊ ဒါကြောင့် ကလေးတွေအတွက် အန္တရာယ်ရှိသလို၊
ကျန်းမာရေးတွေထိခိုက်စေနိုင်တယ်၊ တစ်ခါ တလေ ကျောင်းတက်နေရင်း
ရေတွေပြည့်လာလို့ ကျောင်းလွှတ်ပေးရကြရတယ်၊ မူလတန်း
အရွယ်ကျောင်းသားလေးတွေဆို ရင်အထိ ရောက်တဲ့ ရေတွေကို ကူးပြီး
ကျောင်းတက်ကြရတယ်၊ ကျောင်းမှာ ရေတွေပြည့်နေတော့ ကျောင်းက ခဏ၊ ခဏ
ပိတ်ပေးနေရတယ်၊ မိုးများတဲ့ရာသီမှာ ဆိုရင် တစ်ပတ်ကို ၂ ရက်လောက်
ကျောင်းပိတ်ပေးရတယ်၊ ဒါကြောင့် စာသင်ကြားတဲ့အခါမှာ ခလေးတွေအတွက်
အခက်အခဲဖြစ်ကြရတယ်” ဟု ဆရာ ဦးတင်မောင်က ဆိုသည်။
အဆိုပါ ကျောင်းကဲ့သို့ တောင်ကုတ်မြို့ပေါ်ရှိ အထက(၂) ၊
အမက(၁)ကျောင်းများတွင်လည်း မိုးရာသီတွင် ရေများပြည့်လျှံနေခြင်းကြောင့်
ကျောင်းသားများ ကျောင်းတက်ရာတွင် ခက်ခဲပြီး၊ ကျောင်းများ မကြာခဏ
ပိတ်ပေးနေကြရကြောင်း သိရသည်။
“ကျနော်တို့ ရပ်ကွက်မှာဆို ရေတွေပြည့်လျှံနေတဲ့အတွက် ရေကို ခါးအထိ
ကူးကာသွားနေရတယ်၊ တစ်ချို့က လှေတွေနဲ့သွားနေရတယ်၊ ကျနော်တို့မှာ
အလုပ်မသွားပဲ ရေကျမည့်အချိန်ကို စောင့်နေရတယ်၊ မိုးစဲသွားတော့
ရေကျသွားတဲ့ခါ အိမ်ခန်းကို လိုက်ဆေးရတယ်၊ ဆေးလို့ ပြီးခါစရှိသေးတယ်၊
ထပ်ပြီး မိုးက ရွာချလိုက်တော့ ရေက ထပ်ပြည့်သွားပြန်ပြီဗျ” ဟု
ချောင်းကောက်ရပ်ကွက်မှ ကိုသန်းလွင်က ပြောသည်။
တောင်ကုတ်မြို့မဈေးမှာ တောင်ကုတ်ချောင်းနားတွင် တည်ရှိရာ
ချောင်းရေကြီးသဖြင့် ဈေးဆိုင်တန်းတစ်ချို့ ရေနစ်၍ ဆိုင်ခန်းများ
ပိတ်ထားကြရပြီး ဈေးသူ၊ ဈေးသားများမှာ ကားလမ်းမပေါ်တွင်
ရောင်းချနေကြရသည်။
“မိုးတွေ တအားရွာတဲ့အခါ ချောင်းရေတွေ ပြည့်လာတယ်။ ရေတွေပြည့်လာတော့
ဈေးဆိုင်ခန်းတွေ ဈေးမရောင်းပဲ ပိတ်ထားရတယ်၊ ဒီတပတ် မိုးတအားရွာတာ
ဈေးမရောင်းပဲ ဆိုင်ခန်းကို ပိတ်ထားရတာ တပတ်လောက်ရှိနေပြီး” ဟု မြို့မ
ဈေးမှ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ဆိုသည်။