၂၀၁၃၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၁၀)နာရီခန့်က စာရေးသူသည်
သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာ ကမ်းခြေသို့ အလည်ရောက်သွားချိန်
ငါးကျောညို ဒိုင် တစ်ခုဒိုင်တွင် အမျိုးသမီး၂၀ခန့်နှင့် ဆယ်ကျော်သက်အရွယ်
မိန့်ကလေး ၁၀ ဦးခန့်မှာ ဓါးကိုယ်စီကိုင်ကာ ငါးကျောညို ခုတ်ရန်
ရောက်ရှိနေကြလေ၏။
စာရေးသူက မိန့်ကလေးငယ်တစ်ဦးအား “ကျောင်းမနေကြဘူးလား” ဟုမေးလိုက်ရာ
မိန့်ကလေးတစ်ဦးက “ဒီနေ့ အာဇာနည်နေ့ဖြစ်လို့ ကျောင်းပိတ်တယ်၊ ဒါကြောင့်
ကျောင်းပိတ်ရက်မှာ ငါးလာခုတ်ကြတာပါ၊ ” ဟု ပြောကြားသည်။
ခဏအကြာတွင် အမျိုးသားတစ်ဦးမှ တွန်းလှည်းတစ်စီးဖြင့်
ငါးကျောညိုများသယ်ယူလာကာ ဖျာပေါ်တွင် စုပုံချလိုက်ရာ ရောက်ရှိနေသူများမှာ
ငါးကျောညို ခုတ်ထစ်ရန် အလုအယက် ယူကြလေသည်။ အမျိုးသမီး (၁၅)
ဦးခန့်သာလျှင် ခုတ်ထစ်ရန် ရရှိပြီး ကလေးငယ် ( ၁၀) ဦးခန့်နှင့်
အမျိုးသမီး ၁၀ ဦးခန့်မှာ မရလိုက်သဖြင့် ပြန်ကြရတော့သည်။
ကလေးငယ်များက “ဒီနေ့ ငါးမရလိုက်တဲ့အတွက် ဘုန်းကြီးကျောင်းမှာ
သဲသယ်ဖို့ပြန်တော့မယ်” ဟုဆိုကာ ပြန်သွားကြတော့သည်။
ထိုအထဲတွင် ကံထူးသူ မမိမိအေး တစ်ယောက်မှာတော့ ငါးကျောညို ပုံရှေ့တွင်
ထိုင်ကာ ဓါးကလေး တစ်ချောင်းဖြင့် ငါးများကို ကျွမ်းကျင်စွာ ခုတ်ထစ်၍
နေလေသည်။ “သမီးက အာဇာနည်နေ့ ကျောင်းပိတ်တဲ့ရက်မှာ ပိုက်ဆံရဖို့အတွက်
ငါးလာခုတ်တာပါ၊ ကျောင်းပိတ်တဲ့နေ့တွေမှာ ငါးအမြဲတမ်းလာခုတ်ပါတယ်၊ သမီးက
ငါးခုတ်တာ သုံးနှစ်ခန့်ရှိပါပြီ၊ ငါးတစ်တောင်း ခုတ်နိုင်ရင်
တစ်ထောင်ရတယ်၊ အိမ်အသုံးစရိတ်အတွက် အမေ့ကို ပေးရပါတယ်” ဟု သူမက ဆိုသည်။
ငါးကျောညို ခုတ်လျှင် အမျိုးသမီးများမှာ တစ်နေ့ကို လေးထောင်ခန့်ရရှိပြီး
ကလေးငယ်များမှ ငါးရာ၊ တစ်ထောင်ခန့် ရရှိကြသည်။ သို့သော် ပုံမှန်
ရခြင်းမျိုးမဟုတ်၊ တစ်နှစ်ကို (၄) ကြိမ်ခန့်သာရပြီး တစ်ကြိမ်လျှင် (၁)
လသာဖြစ်သည်။ ကျန်လများတွင် တောင်ပေါ်တက်ကာ ဟင်းခူး၊ ထင်းခွေ ရောင်းချ
စားသောက်ကြရသည်။
မမိမိအေး၏ မိခင်က “ကျမတို့ ပုဏ္ဏားကျွန်းမြို့နယ် ရွှေနတ်ပြင် ကျေးရွာကပါ၊
ဂျိတ္တောကို ရောက်တာ (၄) နှစ်ရှိပြီး၊ မိသားစုက (၈) ဦးရှိတယ်၊ တစ်လကို(
၃၀၀၀) နဲ့ မြေကွက်ငှားပြီး အိမ်ဆောက်နေရတယ်၊ လူကြီးလေးယောက်နဲ့
တစ်နေ့ရှာတာ တနေ့စား မလောက်ဘူး၊ ကလေးတွေကို ကျောင်းတက်ရင်း တဘက်က
အလုပ်ခိုင်းနေရတယ်၊ အသက် (၁၃) နှစ်သာ ရှိသေးတဲ့ သားလေးဆိုရင်
ကျော့ပိုက်လိုက်နေတဲ့အတွက် မနှစ်က တတိယတန်း မဖြေလိုက်ရဘူး၊ ဒီနှစ်မှာ
တတိယတန်း ပြန်ထားရတယ်၊ ကလေးတွေ ကျောင်းထွက်လက်မှတ်မရခဲ့တဲ့အတွက်
မိမိအေးက ရွာမှ ဒုတိယတန်းတက်ခဲ့ပေမယ် ဒီမှာ သူငယ်တန်းက စတက်ရတယ်” ဟု
ရှင်းပြသည်။
ရွှေ့ပြောင်းရောက်ရှိလာသော မိသားစုဝင်များမှာ စီးပွါးရေး
အဆင်မပြေမှုများကြောင့် ကျောင်းနေအရွယ်တွင် ပညာသင်ကြားခွင့်မရဘဲ
မိဘများနှင့် အတူဝင်ငွေရှာနေကြရသဖြင့် ဆယ်ကျော်သက်အရွယ်ရောက်မှသာ ဘ/က
ကျောင်းတွင် ပညာသင်ယူနေကြရခြင်းသည်။
ထိုသို့ ပညာသင်ယူနေသော်လည်း ကျောင်းသားများမှာ ညဘက်တွင် ကျော့ပိုက်ဆွဲ၊
နေ့ဘက်တွင် ကျောင်းတက်ကြရပြီး ကျောင်းသူလေးများမှာ နံနက်စောစော
အိပ်ရာမှထ၍ လှေဆိပ်သို့ ဆင်းကာ မုန့်၊ ဆေးလိပ်ကွမ်းယာ၊
စားသောက်ဖွယ်ရာများဖြင့် လှေသမားများထံမှ ငါးများဖြင့် လှဲလှယ်ကာ
ရရှိလာသော ငါးများကို ရောင်းချပြီး မိဘများကို ဝိုင်းကူနေကြရသည်။
“ကျောင်းသားလေးတွေက ညနေ ၃ နာရီဆိုရင် ကျောင်းက ဆင်းပြီး ပိတ်ဆွဲဖို့
သွားကြရပြီ၊ ကလေးတွေက တစ်ညလုံး မအိပ်ဘဲ ပိတ်ဆွဲရတယ်၊ တစ်ခါတလေ လှေ
အဝင်နောက်ကျတော့ ရေလည်း မချိုးရဘူး၊ ထမင်းလဲ မစားရဘဲ ကျောင်းတက်ဖို့
အပြေးလာကြတယ်၊ ကျောင်းကို ရောက်မှဘဲ ကိုယ်လက်သန့်ရှင်း၊ ထမင်းကျွေးရတယ်၊
မိန့်ကလေးတွေဆိုရင် ငါးတွေကို ဗန်းကလေးနဲ့ တင်ပြီ ရွာထဲမှာ
လှည့်ရောင်းကြတယ်၊ ရေ မချိုးဘဲ ၉ နာရီလောက်မှ ကျောင်းနောက်ကျပြီး
ရောက်လာတတ်ကြတယ်၊ ဆရာတွေကလည်း ကလေးတွေဆီး ထွက်တဲ့ ငါးနံကို ရေမွှေ့နံ့လို့
မှတ်ယူပြီး သင်ကြားရတယ်” ဟု အဆိုပါကျောင်းမှ ဆရာ ဦးအေးဝင်းက သူ
မြင်တွေ့နေရပုံကို ရှင်းပြသည်။
အဆိုပါ ကျောင်းသားလေးများအား စာသင်ကြားရပုံကို “ ကျောင်းသားလေးတွေက
တညလုံး အိပ်ရေးပျက်ခံပြီးရောက်လာတော့ ကျောင်းကိုရောက်ရင် အိပ်ငိုက်ကြတယ်၊
ဒါကြောင့် ဒီကလေးတွေကို စာသင်ချိန် (၁) ချိန်မှာ သီးသန့်
အိပ်ခွင့်ပေးထားရတယ်၊ နောက်ညနေပိုင် စာသင်ချိန် (၆) အချိန်မှာလည်း
လှေထွက်ဖို့ လိုတဲ့အတွက် အစောကြီး လွှတ်ပေးရတယ်” ဟုရှင်ပြသည်။
အဆိုပါ ကျောင်းသားများထဲမှ ဆယ်ကျော်သက် အရွယ် ယောကျ်ားလေး ၅၀ ခန့်မှာ
ညဘက်တွင် ကျော့ပိုက် ဆွဲကာ နေ့ဘက်တွင် ကျောင်းတက်နေကြရပြီး
ကျန်ကျောင်းသားများမှာ စားပွဲထိုးလုပ်ငန်းလုပ်ကိုင်ခြင်း၊
ငါးရောင်းခြင်း၊ ကျောင်းပိတ်ရက်များတွင် တနေကုန် ငါးခုတ်၊ ငါးလှမ်းကာ
မိဘများကို ဝိုင်းကူနေကြရသည်။
“ရွှေ့ပြောင်းရောက်လာတဲ့ ကလေးတွေက တစ်ချို့မှာ
ကျောင်းထွက်လက်မှတ်မပါလာတဲ့အတွက် ကျောင်းမနေရဘူး၊ တစ်ချို့က စီးပွါးရေး
အဆင်မပြေလို့ ကျောင်းမတက်ကြရဘူး၊ အသက်ကြီးလာမှ ဘ/ က ကျောင်းမှာ မူလတန်းက
စပြီး ကျောင်းနေရတယ်၊ မိဘတွေကလည်း လုပ်အားလျှော့တယ်ဆိုပြီး သား၊
သမီးတွေကို ကျောင်းမတက်စေချင်ဘူး၊ ကလေးတွေကလည်း ကျောင်းပျော်နေကြပြီး၊
ဒါကြောင့် အသက်အရွယ်နဲ့မမျှ တဘက်က ကျောင်းတက်၊ တဘက်က မိဘတွေကို
ဝင်ငွေရှာပေးနေကြရတယ်” ဟု ဆရာဦးအေးဝင်းက ဘ/က နေ ကျောင်းသားလေးများ၏ ဘဝ
အခြေအနေကို ရှင်းပြသည်။
ထိုနေ့က ဘ/က ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမ များမှာ
မိမိတို့ ပညာသင်ကြားမည့် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကမ်းခြေမှ
သဲများကို ကျောင်းဝင်းအတွင်းသို့ သယ်ပို့နေကြသည်ကို တွေ့ရှိရသည်။
ဂျိတ္တောကျေးရွာသည် သံတွဲမြို့နှင့် (၁၀) မိုင်ခန့် ကွာဝေးပြီး
ပင်လယ်ကမ်းနား ကျေးရွာဖြစ်ရာ ငါးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး
အိမ်ထောင်စု (၅၀၀၀) ငါးထောင်ခန့်ရှိပြီး ရွှေ့ပြောင်း အိမ်ထောင်စုမှာ
သုံးထောင် (၃၀၀၀) ကျော်ရှိကြောင်း သိရသည်။
ဂျိတ္တောကျေးရွာဖွား ဇာတိသားများမှာ ငါးလုပ်ငန်းနှင့်
အခြားလုပ်ငန်းရှင်များဖြစ်ကြပြီး ရခိုင်ပြည်နယ်ရှိ တခြားမြို့နယ်များမှ
ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုဝင်များမှာ နေ့စား အလုပ်သမားများသာ
ဖြစ်ကြသည်။ အဆိုပါ မိသားစုဝင်များမှာ သားသမီးတို့၏ ပညာရေးထက် ဝမ်းရေးကို
ဦးစားပေးနေရသည်။
ဂျိတ္တောကျေးရွာ ပုလဲရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သူငယ်တန်းမှ
၆ တန်းအထိ အခမဲ့ ပညာသင်ကြားပေးနေပြီး ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်တွင်
ကျောင်းသားဦးရေ ၃၃၄ ဦးရှိရာ ကျောင်းသား ၃၀၀ ခန့်မှာ ကျောင်းတက်ရင်း
အလုပ်လုပ် မိသားစု ဝင်ငွေကို ထောက်ပံ့ပေးနေကြရသည်။
မြို့ပေါ် အစိုးရကျောင်းများ၊ စီးပွါးပြည့်စုံသော မိသားစုဝင်များ၏
သားသမီးများ ကျောင်းပိတ်ရက် နားချိန်တွင် ပုလဲ ရတနာ ဘ/က ကျောင်းမှ
ရွှေ့ပြောင်း ကျောင်းသားလေးများမှာ လုပ်ငန်းခွင်ဝင်နေကြရသည်။
ရခိုင်ပြည်သူများမှာ စီးပွါးရေးအဆင်မပြေမှုများကြောင့် ဇာတိကို
စွန့်ခွါကာ ရေကြည်ရာ၊ မြက်နုရာကို ရွှေ့ပြောင်းနေကြရပြီး ဂျိတ္တော
ကျေးရွာတွင် ဆယ်ကျော်သက် အရွယ်ရောက်မှ မူလတန်း အဆင့်ကို သားကြားနေရသည့်
ဘ/က ကျောင်းသား (၃၀၀) ကျော်ရှိနေသည်ဆိုလျှင် ရခိုင်တပြည်လုံး၌
ကျောင်းတက်ရင်း ပညာရှာနေသူများ၊ မိသားစု စီးပွါးရေးကြောင့် မူလတန်း
ပညာကို သော်မှ သင်ကြားခွင့်မရသော ကလေးငယ်များ မည်မျှ ရှိပါလိမ့်မည်နည်း။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်း ( ILO) ၏ သုတေသနစာရင်းအရ
မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာမူလတန်းကျောင်းအဆင့်ကို
စွန့်ခွါနေရသော ကလေး အလုပ်သမား ဦးရေ နှစ်စဉ် ငါးသိန်းကျော်ရှိကြောင်း
သိရှိရသည်။ ဤသို့ဆိုလျှင် ရခိုင်ပြည်သည် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ရာ
ရခိုင်ပြည်တွင် ဒုတိယအများဆုံးဖြစ်လိမ့်မည်ဟု တွေးထင်မိသည်။
ရခိုင်ပြည် အနာဂတ်သည် မျိုးဆက်သစ်တို့၏ လက်ထဲတွင် ရှိသည်ဆိုလျှင် ဤသို့
ဘဝအခက်အခဲများကို ဖြတ်သန်းနေရသော အနာဂတ် မျိုးဆက်သစ်များ၏
ဘဝတိုးတက်မြင့်မားလာစေရန် မည်သို့ ပြုစုပျိုးထောင်ကြမည်နည်းဟု စာရေးသူ
ထပ်ခါ တလဲလဲ တွေးတော၍သာ နေမိတော့သည်။
မြတ်နိုးသာ
ဇူလိုင် ၂၆၊ ၂၀၁၃။