၂၀၁၃၊ ဇူလိုင် (၁၉) အာဇာနည်နေ့၊ နံနက် ၁၀ နာရီခန့်က မမိမိအေး တစ်ယောက် ငါးကျောညို ပုံရှေ့ထိုင်ကာ ဓါးကလေးတစ်ချောင်းဖြင့် ငါးတွေကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်ထစ်၍နေသည်။
မမိမိအေးမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာရှိ ပုလဲရတနာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပညာသင်ယူနေသော အသက် (၁၂) နှစ်အရွယ် ပထမတန်း ကျောင်းသူလေးတဦးဖြစ်ပြီး သူမကဲ့သို့ ပုလဲရတနာ ဘ/ကကျောင်းတွင် ပညာသင်ယူနေသော မိန့်ခလေး ၁၀ ဦးခန့်မှာလည်း ဓါးကလေး ကိုယ်စီကိုင်ကာ ငါးခုတ်ရန် ရောက်ရှိနေကြသည်။
မိန်းခလေးတစ်ဦးက “သမီးတို့က ဘ/က ကျောင်းမှာ ကျောင်းတက်နေတဲ့သူတွေပါ၊ ဒီနေ့ အာဇာနည်နေ့ဖြစ်လို့ ကျောင်းပိတ်တော့ ငါးခုတ်ဖို့လာတာ၊ ခုတ်ဖို့ ငါးမရလိုက်တော့ ငါးလည်းမခုတ်ရတော့ဘူး၊ ဘုန်းကြီးကျောင်းမှာ သဲသယ်ရဖို့အတွက် ပြန်တော့မယ်” ဟု ပြောဆိုသည်။
ငါးကျောညို ခုတ်ထစ်လိုသူများမှာ ငါးဒိုင်တွင် စောင့်ဆိုင်နေကြပြီး ငါးကျောညိုများ ရောက်ရှိလာပါက အလုအယက် ငါးများကို သူ့ထက်ငါယင် လုယူခုတ်ထစ်ကြရသည်။ ငါးတစ်ထောင်းခုတ်ထစ်နိုင်က တစ်ထောင်ရပြီး ငါးအများခုတ်ထစ်နိုင်သော အမျိုးသမီးကြီးများမှာ တစ်နေ့ကို လေးထောင်ခန့်အထိရကြသော်လည်း ဆယ်ကျော်သက် အရွယ် မိန့်ကလေးများမှ တစ်နေ့ကို ငါးရာမှ တစ်ထောင်ခန့်ရရှိကြသည်။
မမိမိအေးက “သမီးက အာဇာနည်နေ့ဆိုတာတော့ကြားဖူးတယ်၊ သီချင်းသံတွေနားထောင်ဖူးတယ်၊ ဒါပေမယ့် အာဇာနည်နေ့ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုတော့ မသိပါဘူး၊ အာဇာနည်နေ့ကျရောက်လို့ ကျောင်းပိတ်တယ်လို့တာ သိရတယ်၊ ကျောင်းပိတ်တဲ့နေ့မှာ ပိုက်ဆံရဖို့အတွက် ငါးလာခုတ်တာပါ၊ ကျောင်းပိတ်တဲ့နေ့တွေမှာ ငါးအမြဲတမ်းလာခုတ်ပါတယ်၊ သမီးက ငါးခုတ်တာ သုံးနှစ်ခန့်ရှိပါပြီ၊ ငါးတစ်တောင်း ခုတ်နိုင်ရင် တစ်ထောင်ရတော့ အမေ့ကို ပေးတယ်၊ အိမ်အသုံးစရိတ်အတွက် ရပါတယ်၊” ဟု သူမက ဆိုသည်။
အမျိုးသမီးကြီးများ ငါးခုတ်၍ တစ်နေ့ဝင်ငွေ ( ၄၀၀၀) ခန့်မှာ ပုံမှန် ရခြင်းမျိုးမဟုတ်၊ တစ်နှစ်ကို (၄) ကြိမ်ခန့်သာရပြီး တစ်ကြိမ်လျှင် (၁) လသာဖြစ်သည်။ ကျန်လများတွင် တောင်ပေါ်တက်ကာ ဟင်းခူး၊ ထင်းခွေ ရောင်းချ စားသောက်ကြရသည်။
အဆိုပါနေ့၌ အမျိုးသမီး ( ၁၀) ဦးခန့်နှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များမှာ တခြားအမျိုးသမီးများနှင့် ယှဉ်ကာ မလုယူနိုင်သဖြင့် ငါးမခုတ်ထစ်ရတော့ဘဲ ပြန်ကြရသော်လည်း ကံထူးသူ မိမိအေးမှာတော့ သူ့အစ်မတွင် ရရှိလိုက်သော ငါးများကို ဓါးကလေး တစ်ချောင်းဖြင့် ကျွမ်းကျင်စွာ ခုတ်ထစ်နေလေသည်။
မမိမိအေး၏ မိခင်က “ကျမတို့ ပုဏ္ဏားကျွန်းမြို့နယ် ရွှေနတ်ပြင် ကျေးရွာကပါ၊ ဂျိတ္တောကို ရောက်တာ (၄) နှစ်ရှိပြီး၊ မိသားစုက (၈) ဦးရှိတယ်၊ တစ်လကို( ၃၀၀၀) နဲ့ မြေကွက်ငှားပြီး အိမ်ဆောက်နေရတယ်၊ လူကြီးလေးယောက်နဲ့ တစ်နေ့ရှာတာ တနေ့စား မလောက်ဘူး၊ ကလေးတွေကို ကျောင်းတက်ရင်း တဘက်က အလုပ်ခိုင်းနေရတယ်၊ အသက် (၁၃) နှစ်သာ ရှိသေးတဲ့ သားလေးဆိုရင် ကျော့ပိုက်လိုက်နေတဲ့အတွက် မနှစ်က တတိယတန်း မဖြေလိုက်ရဘူး၊ ဒီနှစ်မှာ တတိယတန်း ပြန်ထားရတယ်၊ ကလေးတွေ ကျောင်းထွက်လက်မှတ်မရခဲ့တဲ့အတွက် မိမိအေးက ရွာမှ ဒုတိယတန်းတက်ခဲ့ပေမယ် ဒီမှာ သူငယ်တန်းက စတက်ရတယ်” ဟု မိမိအေး၏ မိခင်က ရှင်းပြသည်။
ရွှေ့ပြောင်းရောက်ရှိလာသော မိသားစုဝင်တို့၏ သားသမီးအများစုမှာ စီးပွါးရေး အဆင်မပြေမှုများကြောင့် ကျောင်းနေအရွယ်တွင် ပညာသင်ကြားခွင့်မရဘဲ မိဘများနှင့် အတူဝင်ငွေရှာနေကြရသဖြင့် ဆယ်ကျော်သက်အရွယ်ရောက်မှသာ ဘ/က ကျောင်းတွင် အခမဲ့ ပညာသင်ယူနေကြရသည်။
ထိုသို့ အခမဲ့ ပညာသင်ယူနေသော်လည်း ကျောင်းသားများမှာ ညဘက်တွင် ကျော့ပိုက်ဆွဲ၊ နေ့ဘက်တွင် ကျောင်းတက်ကြရပြီး ဆယ်ကျော်သက် အရွယ်မရောက်သောသော ကလေးငယ်များ၊ ဆယ်ကျော်သက်အရွယ် မိန့်ကလေးငယ်များမှာ နံနက်စောစော အိပ်ရာမှထ၍ လှေဆိပ်သို့ ဆင်းကာ မုန့်၊ ဆေးလိပ်ကွမ်းယာ၊ စားသောက်ဖွယ်ရာများဖြင့် လှေသမားများထံမှ ငါးများဖြင့် လှဲလည်ကာ ရရှိလာသော ငါးများကို ရောင်းချပြီး မိဘများကို ဝိုင်းကူနေကြရသည်။
“ကျောင်းသားလေးတွေက ညနေ ၃ နာရီဆိုရင် ကျောင်းက ဆင်းပြီး ပိတ်ဆွဲဖို့ သွားကြရပြီ၊ ကလေးတွေက တစ်ညလုံး မအိပ်ဘဲ ပိတ်ဆွဲရတယ်၊ တစ်ခါတလေ လှေ အဝင်နောက်ကျတော့ ရေလည်း မချိုးရဘူး၊ ထမင်းလဲ မစားရဘဲ ကျောင်းတက်ဖို့ အပြေးလာကြတယ်၊ ကျောင်းကို ရောက်မှဘဲ ကိုယ်လက်သန့်ရှင်း၊ ထမင်းကျွေးရတယ်၊ မိန့်ကလေးတွေဆိုရင် ငါးတွေကို ဗန်းကလေးနဲ့ တင်ပြီ ရွာထဲမှာ လှည့်ရောင်းကြတယ်၊ ရေ မချိုးဘဲ ၉ နာရီလောက်မှ ကျောင်းနောက်ကျပြီး ရောက်လာတတ်ကြတယ်၊ ဆရာတွေကလည်း ကလေးတွေဆီး ထွက်တဲ့ ငါးနံကို ရေမွှေ့နံ့လို့ မှတ်ယူပြီး သင်ကြားရတယ်” ဟု အဆိုပါကျောင်းမှ ဆရာ ဦးအေးဝင်းက သူ မြင်တွေ့နေရပုံကို ရှင်းပြသည်။
အဆိုပါ ကျောင်းသားများထဲမှ ဆယ်ကျော်သက် အရွယ် ယောင်္ကျားလေး ၅၀ ခန့်မှာ ညဘက်တွင် ကျော့ပိုက် ဆွဲကာ နေ့ဘက်တွင် ကျောင်းတက်နေကြရပြီး ကျန်ကျောင်းသားများမှာ စားပွဲထိုးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ငါးရောင်းခြင်း၊ ကျောင်းပိတ်ရက်များတွင် တနေကုန် ငါးခုတ်၊ ငါးလှမ်းကာ မိဘများကို ဝိုင်းကူနေကြရသည်။
“ရွှေ့ပြောင်းရောက်လာတဲ့ ကလေးတွေက တစ်ချို့မှာ ကျောင်းထွက်လက်မှတ်မပါလာတဲ့အတွက် ကျောင်းမနေရဘူး၊ တစ်ချို့က စီးပွါးရေး အဆင်မပြေလို့ ကျောင်းမတက်ကြရဘူး၊ အသက်ကြီးလာမှ ဘ/ က ကျောင်းမှာ မူလတန်းက စပြီး ကျောင်းနေရတယ်၊ မိဘတွေကလည်း လုပ်အားလျှော့တယ်ဆိုပြီး သား၊ သမီးတွေကို ကျောင်းမတက်စေချင်ဘူး၊ ကလေးတွေကလည်း ကျောင်းပျော်နေကြပြီး၊ ဒါကြောင့် အသက်အရွယ်နဲ့မမျှ တဘက်က ကျောင်းတက်၊ တဘက်က မိဘတွေကို ဝင်ငွေရှာပေးနေကြရတယ်” ဟု ဆရာဦးအေးဝင်းက ဘ/က နေ ကျောင်းသားလေးများ၏ ဘ၀ အခြေအနေကို ရှင်းပြသည်။
ဂျိတ္တောကျေးရွာသည် သံတွဲမြို့နှင့် (၁၀) မိုင်ခန့် ကွာဝေးပြီး ပင်လယ်ကမ်းနား ကျေးရွာဖြစ်ရာ ငါးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး အိမ်ထောင်စု (၅၀၀၀) ငါးထောင်ခန့်ရှိပြီး ရွှေ့ပြောင်း အိမ်ထောင်စုမှာ သုံးထောင် (၃၀၀၀) ကျော်ရှိကြောင်း သိရသည်။
ဂျိတ္တောကျေးရွာဖွား ဇာတိသားများမှာ ငါးလုပ်ငန်းနှင့် အခြားလုပ်ငန်းရှင်များဖြစ်ကြပြီး ရခိုင်ပြည်နယ်ရှိ တခြားမြို့နယ်များမှ ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုဝင်များမှာ နေ့စား အလုပ်သမားများသာ ဖြစ်ကြသည်။ အဆိုပါ မိသားစုဝင်များမှာ သားသမီးတို့၏ ပညာရေးထက် ဝမ်းရေးကို ဦးစားပေးနေရသည်။
ဂျိတ္တောကျေးရွာ ပုလဲရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သူငယ်တန်းမှ ၆ တန်းအထိ အခမဲ့ ပညာသင်ကြားပေးနေပြီး ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၃၃၄ ဦးရှိရာ ကျောင်းသား ၃၀၀ ခန့်မှာ ကျောင်းတက်ရင်း အလုပ်လုပ် မိသားစု ဝင်ငွေကို ထောက်ပံ့ပေးနေကြရသည်။
မြို့ပေါ် အစိုးရကျောင်းများ၊ စီးပွါးပြည့်စုံးသော မိသားစုဝင်များ၏ သားသမီးများ ကျောင်းပိတ်ရက် နားချိန်တွင် ပုလဲ ရတနာ ဘ/က ကျောင်းမှ ရွှေ့ပြောင်း ကျောင်းသားလေးများမှာ လုပ်ငန်းခွင်ဝင်နေကြရသည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်း ( ILO) ၏ သုတေသနစာရင်းအရ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာမူလတန်းကျောင်းအဆင့်ကို စွန့်ခွါနေရသော ကလေး အလုပ်သမား ဦးရေ နှစ်စဉ် ငါးသိန်းကျော်ရှိနေပြီး အဆိုပါ ကလေးအလုပ်သမားများမှာ မိသားစု စီးပွါးရေးအဆင်မပြေမှုများကြောင့် ပညာသင်ခွင့်မရသူများဖြစ်နေသည်။
ရခိုင်ပြည်၊ မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်လေရာ ဇာတိကို စွန့်ခွါကာ ရေကြည်ရာ၊ မြက်နုရာကို ရွှေ့ပြောင်းနေကြရာ ဂျိတ္တော ကျေးရွာတွင် ဆယ်ကျော်သက် အရွယ်ရောက်မှ မူလတန်း အဆင့်ကို သားကြားနေရသည့် ဘ/က ကျောင်းသား (၃၀၀) ကျော်ရှိနေသည်ဆိုလျှင် ရခိုင်တပြည်လုံး၌ မည်မျှ ရှိမည်ကို မတွေ ဝံ့စရာပါ။
ဆယ်ကျော်သက်အရွယ် အလုပ်တဘက်နဲ့ ပညာရှာနေရသည့် လူငယ်တွေ၊ ကျောင်းနေရမည့်အရွယ်မှာ မိသားစု စီးပွါးရေးကြောင့် ပညာသင်ကြားခွင့်မရကြတဲ့ ရခိုင်ပြည်၏ အနာဂတ် မျိုးဆက်သစ်တွေ ကြမ်းတမ်းသည့် ဘဝလမ်းခရီးကို လျှောက်လှမ်းနေကြရလေပြီ။ ဤသို့ မျိုးဆက်သစ်တို့၏ ဘ၀ အနာဂတ်ကို အတွေးဖြင့် ပုံဖော်ကြည့်ရင် ရခိုင်ပြည်၏ အနာဂတ်ကို တွေ့ကြည့်မိနေတော့သည်။
မြတ်နိုးသာ
၂၀၁၃၊ ဇူလိုင် (၁၉)