ရခိုင့်အသံ။ Apr 10, 2013
ပထမအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ဆဋ္ဌမအစည်းအဝေးကိုမတ်လ(၁၈)ရက်နေ့မှဧပြီ(၉)ရက်နေ့ထိ ကျင်းပ ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရမှတင်သွင်းသော ငါးဖမ်းကွက်လေလံဆွဲလိုကြောင်းအဆိုမှာ ပယ်ချခံခဲ့ရကြောင်း အစည်းအဝေး တက်ရောက်ခဲ့သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကဆိုသည်။
လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်ကာလအတွင်း ဧပြီ(၁)ရက်နေ့၌ ပြည်နယ်ငါးလုပ်ငန်း ဝန်ကြီး ဦးကျော်သိန်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ငါးလုပ်ငန်းလေလံဆွဲမည့်အဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် အများစုက သဘောမတူ၍ မဲခွဲဆုံးဖြတ်ရာတွင် ဝန်ကြီး၏အဆိုရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က “ငါးလုပ်ငန်းဝန်ကြီးရဲ့ အဆိုကို မဲခွဲကြတဲ့အခါကန့်ကွက်မဲ၂၂မဲ၊ ထောက်ခံမဲ၁၃မဲ၊ ကြားနေ ၃မဲရတယ်။ ကန့်ကွက်မဲများတဲ့အတွက် ဝန်ကြီးအဆို ရှုံးသွားခဲ့ရတယ်”ဟု ပြောသည်။
ယခင်နှစ်များကရခိုင်ပြည်နယ်၏လေလံဆွဲငါးဖမ်းကွက်ပေါင်းမှာ၂၁၁ကွက်ရှိသည့်အနက် ယခုအဆိုပြုခဲ့သည့် ပြည်နယ် အစိုးရ၏ လေလံဆွဲမည့် အကွက်ပေါင်းမှာ ၁၆၁ကွက် ဖြစ်သည်ဟုလည်းု ၎င်းကဆိုသည်။
ယမန်နှစ်နိုဝင်ဘာတွင်ကျင်းပသည့်ပြည်နယ်လွှတ်တော်ပဉ္စမအစည်းအဝေးမှာ ငါးဖမ်းကွက်များလေလံ ဆွဲခြင်း အား ဖျက်သိမ်းရေးအဆိုကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးကိုကိုနိုင်က တင်သွင်းခဲ့ရာ၊ ရခိုင်ပြည်နယ် အစိုးရ၏သဘောတူညီချက်နှင့်အတူ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးမှ ပြည်နယ်အစိုးရက ရန်ပုံငွေအတွက် ယခုကဲ့သို့ လေလံဆွဲမည့်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရသေ့တောင်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးမင်းကလည်း ရေလုပ်သားများဘဝမြင့်မားရေးအတွက် ငါးဖမ်းကွက်များလေလံဆွဲခြင်း၊ ကမ်းဝေးရေယာဉ်များ ကမ်းနီးသို့ဝင်ရောက်ငါးဖမ်းခြင်းအပါအဝင် လွတ်လပ်စွာ ငါးဖမ်းခွင့်ကိုအဟန့်အတားဖြစ်စေသည့် ကိစ္စရပ်မှန်သမျှကို ဥပဒေနှင့်အညီထိရောက်စွာ ကာကွယ်ပေးရန် လိုအပ်ကြောင်း အကြံပြုသည်။
ပထမအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ဆဋ္ဌမအစည်း အဝေး တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးတို့တက်ရောက်ခဲ့ကြပြီး၊မေးခွန်း ၁၀၈ ခု၊အဆို ၄ ခုနှင့် ဥပဒေကြမ်း ၄ ခုတို့ကို ရေးဆွဲပြဌာန်းနိုင် ခဲ့ကြောင်း သိရသည်။