ရခိုင့်အသံ။ Apr 4, 2013
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်နေသာ CNPC ကုမ္ပဏီအား ဒေသခံများမှ ဆန္ဒပြရန် ဒီဇင်ဘာ တစ်ကြိမ် ကြိုးစားခဲ့ရာ ခရိုင်အုပ်ချုပ်အုပ်ချုပ်ရေးမှူးရုံးမှ တောင်းဆိုချက်များကို လိုက်လျှောပေးမည်ဟုပြောကြားခဲ့သဖြင့် ဆန္ဒဖော်ထုတ်ပွဲကို ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိအခြေအနေထိ အကြောင်းတစ်စုံတရာ တုံ့ပြန်မှု မရှိသဖြင့် အဆိုပါ ကုမ္ပဏီအား ဆန္ဒပြနိုင်ရန် ဒုတိယအကြိမ် စီစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။
မတ်လ ၂၉ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒပြခွင့်ရရန် ခွင့်ပြုချက်တင်ခဲ့ရာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ငြယ်ပယ်ခဲ့ကြောင်းသိရသည်။
ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်သည့် အမိန့် (အမှတ်စဉ် ၁/၂၀၁၃) တွင် ငြင်းပယ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ (က)ကျောက်ဖြူမြို့နယ်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း၊ (ခ) ဖွဲ့စည်းပုံ အခြေထံဥပဒေပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရှိသည့် ဒေသဖြစ်ခြင်း၊ (ဂ)တရားဥပဒေ စိုးမိုးရေး၊ ရပ်ရာအေးချမ်းသာယာရေးကို ပျက်ပြားနိုင်ခြင်း၊ အခြားမလိုလားအပ်သော ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွါးလာနိုင်ခြင်းနှင့် မသမာသူများမှ ဝင်ရောက် သွေးဆောင်လှုံဆော်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ဆိုသည့် အချက်များပါရှိပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်ကြောင်းကိုလည်း ဖော်ပြထားသည်။
ဆန္ဒထုတ်ဖော်ခွင့်ကို ကျောက်ဖြူမြို့ ရဲတပ်ဖွဲ့မှူးမှ ငြင်းပယ်လိုက်သဖြင့် ဧပြီလ ၅ ရက်နေ့တွင် ပြည်နယ်ရဲ တပ်ဖွဲ့မှူးထံသို့ အယူခံဝင်ကာ ဧပြီလ(၁၁) ရက်နေ့အား ဆန္ဒပြခွင့် တင်သွားမည်ဖြစ်ပြီး အဆိုပါ သတ်မှတ်ရက်တွင် ခွင့်ပြုချက် မကျသော်လည်း ဆန္ဒဖော်ထုတ်ပွဲကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဌ ကိုထွန်းကြည်က ပြောသည်။
“ကျနော်တို့ ဆန္ဒဖော်ထုတ်ခွင့်ကို ဒီဇင်ဘာလကလည်း တစ်ကြိမ် တင်ခဲ့တယ်၊ ဒါပေမယ့် သူတို့က တောင်းဆိုချက်တွေကို လိုက်လျှောပေးမယ် ဆိုတဲ့အတွက် ကျနော်တို့က ဆန္ဒပြဖို့ ကိစ္စကို ရပ်ဆိုင်းထားခဲ့တယ်၊ ဒါပေမယ့်သို့တို့က ပါးစပ်ဖြင့်သာ လိုက်လျှောခဲ့တာ၊ လက်တွေ့မှာ ဘာမှ မလုပ်ပေးခဲ့ဘူး၊ ဒါကြောင့် ကျနော်တို့ ဒုတိယအကြိမ်အနေနှင့် ဆန္ဒပြဖို့ စီစဉ်ရတာပါ၊ ကျနော်တို့က ဧပြီလ ၁၀ ရက်နေ့ ဆန္ဒပြမယ်ဆိုပြီးတော့ မြို့နယ်မှ ခွင့်ပြုချက်တင်ခဲ့ပါတယ်၊ တောင်းဆိုချက်တွေကလည်း ယခင် တောင်းဆိုထားခဲ့တဲ့အချက်တွေပါ၊ ဒါပေမယ့် သူတို့က ပယ်ချလိုက်တဲ့အတွက် ဧပြီ ၅ ရက်နေ့မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးဆီမှာ အယူခံဝင်မယ်၊ ဆန္ဒပြခွင့်ကို ဧပြီ ၁၁ ရက်နေ့သတ်မှတ်ပြီးတင်မှာပါ၊ တကယ်လို့ အဲဒီသတ်မှတ်ရက်မှာ ခွင့်ပြုချက်မကျရင်လည်း ဆန္ဒပြသွားမှာပါ” ဟု ကိုထွန်းကြည်မှ ပြောသည်။
ဒေသခံအမျိုးသား ၂၀၀နှင့် အမျိုးသမီး ၅၀ ဖြင့် ဆန္ဒဖော်ထုတ်ခွင့် တင်ထားပြီး ဆန္ဒဖော်ထုတ်ပွဲတွင် CNPC အား(ခရော့စ်) ပြထားသော တီချပ်အကျီ ၤအဖြူရောင်အား တူညီဝတ်စုံအဖြစ် ဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျှော်ရေး၊ မဒေးကျွန်း ဒေသဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိန်ဆည်) ဆက်သွယ်ရေး လမ်းကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးရေး၊ အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိရေး၊ မဒေးကျွန်း လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီးရရှိရေး၊ ဒေသခံများ လုံခြုံမှု ရှိစေရန် လူစိမ်းအလုပ်သမားများကို စီစစ်ဆေးဆောင်ရွက်ရေး၊ ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွပ်လပ်စွာ ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း၊ မည်သည့်နေရာဒေသကိုမှ ကျွန်းသူ၊ ကျွန်းသားမသိဘဲ သိမ်းယူလုပ်ကိုင်ခွင့်မပြုရ၊ လယ်ယာမြေအသစ် ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျှော်ကြေးပေးရေး အချက် (၉) ချက်ကို မဒေးကျွန်း ဒေသခံများ မှ CNPC ကုမ္ပဏီတွင် တောင်းဆိုထားခဲ့သည်။