ရခိုင့်အသံ။ Apr 3, 2013
စီးပွားရေးကြပ်တည်းမှုနှင့်ဒေသတွင်းပဋိပက္ခများကြောင့်ရန်ကုန်နှင့်စစ်တွေမြို့များတွင်ကျင်းပမည့်ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်များမှာယခင်နှစ်များကဲ့သို့စည်ကားနိုင်မည်မဟုတ်ကြောင်းသင်္ကပြွဲတော်ဖြစ်မြောက်ရေးစီစဉ် သူများက သုံးသပ်ကြသည်။
စစ်တွေမြို့တွင် ရပ်ကွက် ၃၀ ကျော်ရှိသည့်အနက် ယခုနှစ်တွင် မဏ္ဍာပ် ၁၀ခုသာထွက်နိုင်မည်ဖြစ်ကြောင်း
ရခိုင်ရိုးရာဖော်ထုတ်ရေးကော်မတီ(မြို့လုံးကျွတ်)၏နာယကဖြစ်သူ စာရေးဆရာ ဗဂျီးကျော်က ဆိုသည်။
လက်ရှိစစ်တွေအနေအထားနှင့်ပတ်သက်၍ ၎င်းက“စီးပွားရေးအရ ဒီနှစ် စစ်တွေမှာအရပ်ဘက် ရခိုင်ရိုးရာ သင်္ကြန် မဏ္ဍာပ် ၁၀ ခုလောက်ပဲရှိတော့မယ်၊ နောက်ပြီးငွေကြေးအခက်အခဲကြောင့် ဆင်နွှဲကြမယ့်သူ တွေလည်း နည်းသွားမယ် ဆိုတော့ခါတိုင်းနှစ်တွေလောက် မစည်ကားနိုင်တော့ဘူး” ဟု ပြောသည်။
ရန်ကုန်ရခိုင်သင်္ကြန်မှာလည်းလက်ရှိဖြစ်ပွားနေသော ပဋိပက္ခကောလာဟလများကြောင့်သင်္ကြန်မဏ္ဍာပ်များ
ယခင်နှစ်များကထက်လျော့နည်းသွားပြီး၊ဆင်နွှဲသူလည်းနည်းသွားနိုင်ကြောင်းရခိုင်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနာယက ဒေါ်စောခင်တင့်က ဆိုသည်။
“ လက်ရှိရန်ကုန်မှာဖြစ်နေတဲ့ စိုးရိမ်မှုတွေကြောင့် ဒီနှစ်ရခိုင်သင်္ကြန်ကို စည်ကားဖို့ထက် အစဉ်အလာ မပျက်ရ လေအောင် ကျင်းပဖို့ ကျမတို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ လုံခြုံရေးပိုင်းကိုလည်းရခိုင်ရေးရာဝန်ကြီး နဲ့ညှိနှိုင်း ဆောင်ရွက်ထားပါတယ်။ နံ့သာသွေးတာနဲ့ဘုရားရေသပ္ပာယ်တာကို ရခိုင်ဓမ္မာရုံမှာပဲ လုပ်မယ်။ ရေလောင်း မဏ္ဍာပ်တွေကိုတော့ သုဝဏ္ဏကွင်းမှာ လုပ်မယ်။ အရင်နှစ်တွေက မဏ္ဍာပ်(၁၂)ခုထိ ရှိခဲ့ပေမယ့်ဒီနှစ်မှာတော့ မဏ္ဍာပ် (၆)ခုပဲ စာရင်း ရပါသေးတယ်။ နှစ်တိုင်းနဲ့ စာရင်တော့အရမ်းနည်း သွားတယ်” ဟု ၎င်းက ရှင်းပြသည်။
ရခိုင်သင်္ကြန်စည်ကားမှု အားနည်းခြင်းမှာ အုပ်ချုပ်သည့် အစိုးရ၏ မူဝါဒနှင့်သက်ဆိုင်သလို၊ ခေတ်လူငယ် များက ရိုးရာဓလေ့စောင့်ထိန်းမှုလျော့ရဲလာခြင်းကြောင့်လည်း ဖြစ်သည်ဟု ရိုးရာချစ်သူများက ဆိုသည်။
ယင်းသို့ပြောင်းလဲလာပုံကို စစ်တွေမြို့စီးပွားရေးလုပ်ငန်းရှင်တဦးကက “မဆလ ခေတ်တုန်းက ဆိုရင် အာဏာပိုင်တွေကိုယ်တိုင် ဗဟိုမဏ္ဍပ်မှာရခိုင်ရိုးရာသင်္ကြန် ဆိုပြီးတော့ ရခိုင့်ဟန်စစ်စစ်နဲ့ ကျင်းပခဲ့တယ်။စစ်တွေရပ်ကွက်၃၀ကအားလုံးမဏ္ဍာပ်ထွက်ကြတယ်။ စစ်အစိုးရခေတ် ကျတော့ အာာဏာပိုင်တွေက အရပ်ဘက်ရခိုင်မဏ္ဍာပ်တွေအားလုံးဖျက်ပစ်တယ်။ ဗဟိုမဏ္ဍာပ်တခုထဲသာ ထားပြီးတော့မြန်မာ့ရိုးရာမဟာ သင်္ကြန်ဆိုပြီးတော့ ပြောင်းပစ်လိုက်တယ်။ အစိုးရသစ်လက်ထက်မှာ ဗဟိုမဏ္ဍာပ်ကို မြန်မာ့ရိုးရာနဲ့ကျင်းပသလို၊ ရပ်ကွက်၃ခု မဏ္ဍာပ်တခုကျ ရခိုင်ရိုးရာအနေနဲ့ထွက်ခွင့်ပြုထားတယ်။ အုပ်ချုပ်တဲ့အစိုးရအပေါ် မူတည်ပြီးတော့ ရိုးရာသင်္ကြန် စည်ကားမှုဟာ ပြောင်းလဲမှုရှိနေတယ်။နောက်တချက်က လူငယ်တွေက ကားနဲ့လည်ပတ်ကြတာများလာတယ်။ ဒီတော့ရိုးရာအတိုင်းဆင်နွှဲတဲ့သူ နည်းလာတာပေါ့”ဟုထောက်ပြသည်။
ရခိုင်သင်္ကြန်နှင့်မြန်မာသင်္ကြန်ရေလောင်းရာ၌ကွဲပြားပုံကို ရခိုင်သဟာယမှဦးလှမြင့်က “ရခိုင်မှာ ရေပက်ရင် မဏ္ဍပ်ရှေ့မှာ လောင်းလှေကြီးကိုချထားပြီးတော့ လှောင်းလှေထဲက ရေနဲ့ အပြန် အလှန်ပက်ကြရတယ်။ ရေပက်ခံမိန်းကလေးတွေက မဏ္ဍပ်မှာ ဒိုင်ခံရှိနေပြီး ရေလာလောင်းတဲ့ ကာလသား တွေကမိမိအလှည့်ကို စောင့်ဆိုင်း လောင်းကြရတယ်။ ရေပက်ခံ မိန်းကလေးတွေနဲ့ရေလာလောင်းသူ လူပျို တွေ ဟာ လှေထဲကရေကို ရေခွက်တွေနဲ့ အပြိုင်အဆိုင်မျက်နှာချင်းဆိုင် လောင်းရာက တဖက်က ပက်လိုက်တဲ့ ရေဒဏ်ကိုမခံနိုင်လို့ မျက်နှာကိုလက်နဲ့သုတ်မိရင် ဒါမှမဟုတ် ပွတ်မိပြီဆိုရင် အရှုံးပေး ရတယ်။မြန်မာသင်္ကြန် ကတော့ရေပိုက်နဲ့လောင်းရုံပါပဲ” ဟုပြောသည်။
တို့ပြင် ရခိုင်သင်္ကြန်မှာ ဘီစီခြောက်ရာစု ဓညဝတီပြည့်ရှင်စန္ဒသူရိယမင်းလက်ထက်က မဟာမုနိရုပ်ပွား တော်မြတ်အားသွန်းလုပ်ခဲ့ စဉ်ကနံ့သာရည်ဖြင့်ရေသပ္ပာယ်ကာ ရောင်တော်ဖွင့်ရာမှရခိုင်သင်္ကြန်စတင်ခဲ့ရသည့် အလွန်ရှေးကျသောအတာသင်္ကြန်ဖြစ်ကြောင်းကိုလည်း၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်အစိုးရက “မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်”ကိုဧပြီ၁၂ရက်နေ့မှ၁၆ရက်နေ့ထိလည်းကောင်း၊ စစ်တွေ ရခိုင်ရိုးရာဖော်ထုတ်ရေးကော်မတီ(မြို့လုံးကျွတ်)ကလည်း “ရခိုင်ရိုးရာသင်္ကြန်ပွဲတော်”ကို ဧပြီ၁၃ရက်နေ့မှ ၁၇ ရက်နေ့ထိ လည်းကောင်း စစ်တွေမြို့တွင်ကျင်းပပြုလုပ်သွားကြမည်ဖြစ်ကြောင်းသိရသည်။
စစ်တွေမြို့ရပ်ကွက်အသီးသီးမှအုပ်ချုပ်ရေးမှှုးများ၊ရပ်မိရပ်ဖများ၊လူငယ်အဖွဲ့အစည်းများစုစည်းလျက်ရခိုင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကိုဖော်ထုတ်ထိန်းသိမ်းရန်အဆိုပါကော်မတီအား ၂၀၀၈ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့ပြီး၊ယင်းကော်မတီကနှစ်စဉ် ရခိုင်ရိုးရာရထားဆွဲပွဲကိုဦးဆောင်ကျင်းပလျက်ရှိကြောင်းလည်းသိရသည်။